ယခုရက်ပိုင်းအတွင်း သတင်းတွေကို ကြည့်မယ်ဆိုရင် မြန်မာပြည်အထက်ပိုင်း ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ပူးပေါင်းစစ်ဆင်ရေးတွေဟာ အောင်မြင်မှုအရှိန်အဟုန် မြင့်မားနေတာတွေကို တွေ့ရမှာပါ။ ဇူလိုင်လ ၂၄ ရက်နေ့က ဆိုရင် ကမ္ဘာကျော် ရတနာမြေ မိုးကုတ်မြို့ကိုတောင် သိမ်းပိုက်ရရှိပြီး မြို့သူမြို့သားတွေနဲ့ အတူတူ အောင်ပွဲခံနေကြပုံကိုလည်းဝမ်းမြောက်ဖွယ် တွေ့ခဲ့ရပါတယ်။ လားရှိုးတစ်ဝိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒုဗိုလ်မှုးကြီးအပါအဝင် စစ်ကောင်စီတပ်သား ၃၀၀ ကျော်ဟာလည်း MNDAA ထံလက်နက်ချ အညံ့ခံခဲ့ကြောင်း The Kokang ရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။
ဒီလို မြို့ကြီးတွေကို သိမ်းပိုက်ရရှိမှုတွေနဲ့ အတူ တော်လှန်ရေး တပ်ဖွဲ့ဝင်များအားလုံးအပေါ်မှာ ပိုမိုကြီးမားတဲ့ တာဝန်ဝတ္တရားတွေလည်း ရောက်ရှိလာပါတယ်။ ဒါကတော့ တရားရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်တွေပါပဲ။ “ငါတို့မှာ လက်နက်ရှိတယ်။ ငါတို့ဟာ ဒီမြို့ကို တိုက်ခိုက်ထားတာ ၊ ဒါကြောင့်မို့လို့ ငါတို့ အုပ်ချုပ်မယ်” ဆိုရင်တော့ ပြည်သူများအတွက် ဘာမှ မထူးခြားပါဘူး။ ပြည်သူချစ်တဲ့ သူတွေရဲ့ လက်နက်ကိုင်ပြီး အုပ်ချုပ်တာနဲ့ ပြည်သူမုန်းတဲ့လူတွေ လက်နက်ကိုင်ပြီး အုပ်ချုပ်တယ်ဆိုရုံသာ ကွဲပြားသွားပါလိမ့်မယ်။လက်နက်ကိုင်ပြီး အုပ်ချုပ်တာဟာ အုပ်ချုပ်သူတွေက အချိန်မရွေးဖောက်ပြန်သွားနိုင်သလို ပြည်သူတွေလိုလားတာဟာလည်း လကနက်ကိုင် အုပ်ချုပ်ရေး စနစ်မဟုတ်ဘူးဆိုတာ သတိချပ်ဖို့လိုအပ်ပါတယ်။ ယနေ့အချိန်မှာ ပြည်သူအများဟာ စစ်ကောင်စီကို တွန်းလှန်နေခြင်းဟာ ခိုင်မာတဲ့ တရားဥပဒေ စနစ်တဲ့ ၊ မျှတတဲ့ အုပ်ချုပ်ရေး စနစ်တွေကြောင့်ဆိုတာကို စိတ်ထဲစွဲမြဲစွာ မှတ်သားထားရမှာပါ။
စစ်ကောင်စီနဲ့ လက်ဝေခံတွေဟာ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်တွေ အဖြစ် ၊ လက်နက်ကိုင် သောင်းကျန်းသူတွေ အဖြစ်၊ ဗမာမုန်းတီးသူတွေ အဖြစ် ၊ ပြည်ထောင်စုမှခွဲထွက်လိုသူတွေ အဖြစ်၊ မူးယစ်ကုန်သည်တွေ အဖြစ် ဝါဒဖြန့်ချီထားကြပါတယ်။ ဒါ့အပြင် အမျိုးသားရေး ဝါဒီအစွန်းရောက် လက်နက်ကိုင်များအဖြစ်၊ လက်နက်ကိုင် အာဏာရှင်များအဖြစ်လည်း စွပ်စွဲပြောဆိုထားကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့လက်အောက်မှာ သိမ်းပိုက်ခံမြို့နယ်တွေဟာ စည်းစနစ်ကျနမှုမရှိဘဲ၊ ဥပဒေမဲ့ မြို့ရွာဒေသများ ဖြစ်သွားမှာ ဖြစ်ကြောင်းလည်း စွပ်စွဲလေ့ရှိကြပါတယ်။ ဒီလိုပြောဆိုမှုတွေကို တုန့်ပြန်ချေပနိုင်ဖို့လည်း လိုအပ်ပါတယ်။
စစ်အတွင်းကာလ မြို့ပြနဲ့ ရပ်ကျေး အုပ်ချုပ်ရေး ကို ဆောင်ရွက်ရတာ အင်မတန်မှ ခက်ခဲကြောင်းကိုလည်း နားလည်လက်ခံပါတယ်။ တော်လှန်ရေးတပ်ဖွဲ့များအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့များရဲ့ အချိန်မရွေး ဗုံးမိုးရွာသွန်းနိုင်မှုတွေ နဲ့ ထိုးစစ်ဆင်မှုတွေကြားမှာ နေထိုင်သူ ရပ်မိ ရပ်ဖများကို ပြန်လည်နေရာချထားရေးနဲ့ စစ်ဘေးရှောင် ကိစ္စရပ်များကိုပါတစ်ပါတည်း ဆောင်ရွက်ရင်း တော်လှန်ထိုးစစ်အရှိန်လျော့ကျမသွားစေရေးအတွက် ဆောင်ရွက်နေမှုများကိုလည်း အသိအမှတ်ပြုနားလည်ပါတယ်။ ဒါပေမယ့်လည်း စနစ်ကျမှန်ကန်ဖြောင့်မတ်တဲ့ တရားဥပဒေကိုတော့ မေ့ထားလို့မရပါဘူး။
ဥပမာ ဆိုရမယ်ဆိုရင် နောင်ချိုမြို့ကို သိမ်းပိုက်ပြီးနောက် TNLA အနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ဝန်ထမ်းတွေ ၊ စစ်ကောင်စီ လက်အောက်ခံပြည်သူ့စစ်တွေ ရဲ့ နေအိမ်တွေ၊ဘဏ်တွေကို ချိတ်ပိတ်တဲ့ ကိစ္စရပ်မျိုးပါ။ ဒီနေရာမှာ ချိတ်ပိတ်ခြင်းနဲ့ ပတ်သက်ပြီး ပြောစရာမရှိပေမယ့် လုပ်ငန်းစဥ် အဆင့်ဆင့်ကိုတော့ ရပ်ရွာဆိုင်ရာ တရားဥပဒေ တာဝန်ခံများ၊ အုပ်ချုပ်ရေး ဆိုင်ရာ ပုဂ္ဂိုလ်များက တစ်ဆင့်ပဲ ဆောင်ရွက်စေချင်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ခန့်အပ်ထားခြင်းမျိုးမဟုတ်ဘဲ ပြည်သူအများက တိုက်ရိုက်ဖြစ်စေ သွယ်ဝိုင်ဖြစ်စေ ခန့်အပ်ထားတဲ့ တရားဥပဒေဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေ ဖြစ်နေဖို့လိုအပ်ပါတယ်။ ဒါမှသာ စနစ်ကျတဲ့ အုပ်ချုပ်ရေးနဲ့တရားဥပဒေ ဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်နိုင်မှာပါ။ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက မိမိတို့ ဆန္ဒအတိုင်းဆောင်ရွက်နေမယ် ဆိုရင်တော့ မှန်သည်ဖြစ်စေ မှားသည် ဖြစ်စေ စစ်ကောင်စီနဲ့ ထူးမခြားနားလို ဖြစ်နေမှကို ဂရုပြုရမှာပါ။ကျနော်တို့ အားလုံးရဲ့ တော်လှန်ရေး ရည်ရွယ်ချက်မှာ မှန်ကန်မျှတတဲ့ တရားစီရင်ရေး စနစ်ကို လူတိုင်း ရပိုင်ခွင့် ရှိရေးလည်း ပါဝင်ပါတယ်။ အချို့သော စစ်ကောင်စီဘက်တော်သားများဟာ ယုတ်မာ ရက်စက်လွန်းလှတဲ့ ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ပေမယ့် သူတို့ဟာလည်း ဇီဝဗေဒသဘောတရား အရ လူသားများ ဖြစ်တဲ့အတွက် လူသားတစ်ယောက်ရဲ့ တရားဥပဒေ ဆိုင်ရာ ရပိုင်ခွင့်တွေကိုတော့ ပေးအပ်ရမှာပါ။
ဒါကြောင့် မြို့ပြ ရပ်ကျေးဒေသများကို သိမ်းယူပြီးနောက်မှာ တရားခံတိုင်းကို တရားဥပဒေရဲ့ရှေ့မှောက်မှာ အခွင့်အရေးပေးပြီးတရား ရင်ဆိုင်ခွင့်ပေးရမှာပါ။ တော်လှန်ရေးဘက်တော်သားများဟာ လူရိုင်းတွေ မဟုတ်ကြောင်းနဲ့ လူလို့ အမည်ခေါ်တွင်ရုံ သူတွေကိုတောင် တရား ဥပဒေ အရ ရင်ဆိုင်ခွင့် အပြည့်အဝ ပေးအပ်ကြောင်း ပြသကြရမှာပါ။ ကျနော်တို့အားလုံးရဲ့ နောက်ဆုံးရည်မှန်းချက်ဟာ လွတ်လပ်မှု တရားမျှတမှုတွေနဲ့ ပြည်ထောင်စုတစ်ခုပါ။ ဒီပြည်ထောင်စု ကို ချီရာလမ်းမှာပဲ အခြေခံအုတ်မြစ်တွေကို ချရင်း တည်ဆောက်သွားကြရမှာပါပဲ။