သွေးစွန်းလက်ကို လက်တွဲသူ
Jun 16, 2024 created by Toward 380

❐ သွေးစွန်းလက်ကို လက်တွဲသူ

(မော်ကွန်း ရေးသည်)

 

သွေးစွန်းလက်ကို လက်ဆွဲနှုတ်ဆက်သူ၏ လက်တွင်လည်း သွေးတို့ စွန်းထင်းမည်သာ ဖြစ်မည်။ ဒီစာသားဟာ ပြီးခဲ့တဲ့နှစ်နှစ်ခန့်ကာလ  ၂၀၂၂ ခုနှစ် မေလ ၁၄ ရက်နေ့က ထုတ်ဝေခဲ့တဲ့ ဆီသို့ စာစဥ် အတွဲ ၅ အမှတ် ၁၁ အယ်ဒီတာ့အာဘော်ရဲ့ အဆုံးသတ် စကားဖြစ်ပါတယ်။

 

မြန်မာနိုင်ငံနဲ့ မိုင်ပေါင်း ၁၃၀၀ ကျော် ထိစပ်နေခဲ့တဲ့ အရှေ့အရပ်က အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ သဘောထားဟာ မြန်မာနိုင်ငံရေးအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုတွေရှိတာ အမှန်ပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာစ ကာလကို ပြန်ပြီးကြည့်မယ်ဆိုရင်လည်း  လွတ်လပ်ရေးရပြီးချိန် မကြာခင်မှာပဲ ဗမာပြည်ကွန်မြူနစ်ပါတီဟာ တောခိုပြီး လက်နက်ကိုင်ခဲ့ကြပါတယ်။ ကွန်မြူနစ်ပါတီ တောခိုပြီးတစ်နှစ် အကြာမှာတော့ တရုတ်ကွန်မြူနစ်တပ်တွေရဲ့ ပုံစံလို ဖွဲ့စည်းထားတဲ့ ဗကပ မော်စီတုန်း ဝါဒီ တပ်ဖွဲ့တွေ ပေါ်ပေါက်လာကြပါတယ်။ ဒီနောက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဗမာတပ်မတော် တပ်ရင်းတပ်ဖွဲ့တချို့ပါ တောခိုခဲ့ပြီး ပြည်တွင်းစစ်မီး အရှိန်အဟုန် မြင့်တက်လာခဲ့ပါတယ်။ စစ်ရေးအရ ဗမာပြည်ကွန်မြူနစ်ပါတီ အရေးနိမ့်လာပြီး ပဲခူး ရိုးမကို စွန့်ခွာပြီး တရုတ်-မြန်မာနယ်စပ် ဒေသမှာ အခြေစိုက် စခန်း ထူထောင်လိုက်ချိန်မှာတော့ တရုတ်ကွန်မြူနစ် အစိုးရဟာ ဗကပကို အင်တိုက်အားတိုက် နဲ့ လက်နက်အင်အားသာမက လူအင်အားပါ ကူညီခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံကို အင်အားချည့်နဲ့သွားစေခဲ့တာကြောင့် မြန်မာ့ပြည်တွင်းစစ်မီးပွားကို  တရုတ်နိုင်ငံဟာ လောင်စာ ဖြည့်တင်းခဲ့တာလို့ ဆိုရပါမယ်။

 

ဒါပေမယ့်လည်း တရုတ်နိုင်ငံဟာ မော်စီတုန်း ကွယ်လွန်ပြီးနောက် မူဝါဒ အပြောင်းအလဲတွေ ဖြစ်ပေါ်ချိန်မှာတော့ ဩဇာခံမဟာမိတ် ဗကပ ကို သစ္စာဖောက်ပြီး စတေးပစ်ကာ  နဝတ-နအဖ အစိုးရနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ပြခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံ အစိုးရအနေနဲ့ အကျိုးစီးပွားနဲ့ ပတ်သက်လာချိန်မှာ မည်သူကိုမဆို သစ္စာဖောက်စတေးဖို့ ဝန်မလေးဘူးဆိုတာ ပြသနေတာပါပဲ။

 

၂၀၂၃ နှစ်ကုန်ပိုင်းခန့်က  ဖြစ်ပေါ်ခဲ့တဲ့ ကြီးမားတဲ့ စစ်ရေးလှုပ်ရှားမှုဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ဆိုရင်လည်း တရုတ် အစိုးရရဲ့ မီးစိမ်းပြမှုနဲ့ အတူ ပေါ်ပေါက်ခဲ့တဲ့ စစ်ဆင်ရေး ဖြစ်နိုင်တယ်လို့ ပြည်တွင်းပြည်ပ နိုင်ငံရေးလှုပ်ရှားသူများက ဆိုကြပါတယ်။ သိသာထင်ရှားစွာပဲ အရှိန်အဟုန် ပြင်းထန်လှတဲ့ ၁၀၂၇ စစ်ဆင်ရေးကြီးဟာ တရုတ်နိုင်ငံအစိုးရ ရဲ့ ကြားဝင်စေ့စပ်မှု ဖြစ်တဲ့ ဟိုက်ဂင် သဘောတူညီချက်နဲ့အတူ ရပ်ဆိုင်းသွားခဲ့ရတာ အမှန်တရားပါပဲ။

 

ဒါ့အပြင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင်းကလည်း စာဖတ်နေသူကြီးလို့ သမုတ်ကြတဲ့  စစ်အာဏာရှင် ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ မိသားစု အနေဖြင့် တရုတ်နိုင်ငံထံ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့သေးပါတယ်။

 

ဒါကြောင့် တရုတ်နိုင်ငံဟာ မြန်မာစစ်အာဏာရှင်တွေ အတွက် နောက်ဆုံးအသက်ကယ် လမ်းကြောင်းတစ်ခု ဖြစ်နေတယ်ဆိုတာ အထင်အရှားပါပဲ။ တရုတ် အစိုးရဟာ မြန်မာပြည် အစဥ်အဆက် စစ်အာဏာရှင်တွေ အတွက် ကယ်တင်ရှင်သဖွယ်ဖြစ်နေပါတယ်။ နဝတ -နအဖ လက်ထက် ကတည်းကနေ စစ်အာဏာရူး မင်းအောင်လှိုင် ထိတိုင် ကုလ ဗီတိုအာဏာပိုင်ရှင် တရုတ်နိုင်ငံနဲ့ ရုရှား နိုင်ငံရဲ့ ထောက်ပံ့မှုတွေကြောင့် စစ်အာဏာရှင် အဆက်ဆက်ဟာ သက်ဆိုးရှည်နေခဲ့ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှု မှာဆိုရင်လည်း  ဒုတိယသမ္မတက သမ္မတဖြစ်သွားတဲ့ အစိုးရတွင်း အပြောင်းအလဲသာ ဖြစ်တယ်လို့ ကုလစင်မြင့်ထက်မှာ မျက်နှာပြောင်တိုက်ပြီး စစ်ကောင်စီကို ကူညီထောက်ပံ့ဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ ဒီလိုကူညီထောက်ပံ့ခြင်းနဲ့ အတူ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့  သယံဇာတနဲ့ အတူ ခေတ်သစ်ပိုးလမ်းမ(BRI) စီမံကိန်းအတွက် အကျိုးရလဒ်များစွာ ရရှိနေပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့  ကျောက်ဖြူ ကူမင်း သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းလိုမျိုး လက်ညှိုး ညွှန်ပြစရာ အကျိုးစီးပွားတွေလည်း ရရှိနေပါတယ်။ ဒီ အကျိုးစီးပွားတွေ ရရှိနေတဲ့ တရုတ်အစိုးရဟာ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းအတွက် တစ်နိုင်ငံလုံးကို လွှမ်းခြုံ ထိန်းချုပ်ထားနိုင်မယ်လို့ သူတို့အနေနဲ့ယူဆတဲ့ အဖွဲ့အစည်းတစ်ခုနဲ့သာ ဆက်ဆံလိုဟန်ရှိပါတယ်။

 

ဒါ့အပြင် နွေဦးတော်လှန်ရေး အောင်မြင်ပြီးချိန်မှာ တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ ဖက်ဒရယ် အစိုးရသစ် တစ်ရပ် ပေါ်ထွန်းလာမယ်လို့ ယူဆထားဟန်မရှိဘဲ စစ်ဘုရင်များ၊ ဒါမှမဟုတ် နိုင်ငံငယ် အမြောက်အများ ပဲ ပေါ်ထွန်းလာမယ်လို့ ယူဆထားဟန် ရှိပါတယ်။ ဒါ့အပြင် စစ်အစိုးရလိုမျိုး တစ်နိုင်ငံလုံးကို ဖိနှိပ်ချုပ်ချယ်ရင်း ဒါမှမဟုတ် တစ်နိုင်ငံလုံးရဲ့ ထောက်ခံမှုနဲ့ အတူ တရုတ် အစိုးရ ရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးမယ်လို့ ယူဆ အစားထိုးနိုင်သူ တစ်ဖွဲ့တစ်သင်း တစ်ဦးတစ်ယောက်ကိုမျှ မြင်ယောင်နိုင်ခြင်းမရှိသေးဘူးလို့ ယူဆရပါတယ်။

 

တော်လှန်ရေး တပ်ဖွဲ့များရဲ့ နောက်ကွယ်မှာ ပြည်သူအများရဲ့ ထောက်ခံမှုဟာရှိပြီးသားပါ။ တော်လှန်ရေးအင်အားစုအပေါင်းဟာ ပိုမိုတိကျ သေချာတဲ့ ခြေလှမ်းတွေနဲ့ အတူ နိုင်ငံတကာကို အနာဂတ်နိုင်ငံတော်အတွက် အားလုံးသဘောတူတဲ့ မူကြမ်းကို ချပြချိန်တန်နေခဲ့ပါပြီ။ ဒါမှသာလျင် သွေးစွန်းလက်ကို လက်တွဲနေသူ နဲ့ လက်တွဲရန် ကြံရွယ်သူ အပေါင်းတို့ကို မိမိထံ စည်းရုံးသိမ်းသွင်းနိုင်မှာပါ​​။