အခုရက်ပိုင်းအတွင်းပြန်ကြည့်မယ်ဆိုရင် မြန်မာပြည်အနှံ့ မိုးကြီးရေလျံမှုတွေ ကို ကြားသိခဲ့ရမှာ ဖြစ်သလို ရန်ကုန်မြို့ မှာလည်း တော်လှန်သပိတ်လှိုင်းလုံးတွေရဲ့ ဆန္ဒ ထုတ်ဖော်မှုပုံစံ အမျိုးမျိုးအဖုံဖုံကို ပြန်လည်ကာ မြင်သိကြားတွေ့ခဲ့ရမှာပါ။
မျက်လုံးထဲ မြင်သာအောင်ပြောရမယ်ဆိုရင် ရန်ကုန်မြို့ရဲ့ လူကူးကုန်းကျော် တံတားတစ်ခုပေါ်မှာ အသံချဲ့စက်ကို အသုံးပြုပြီး စစ်တပ်နောက်မြီးဆွဲတွေရဲ့အလစ်အငိုက်မှာ ပုံစံအသစ် တစ်ခုနဲ့ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပြခဲ့သလို ရန်ကုန်မြို့ရဲ့ လူစည်ကားရာ လမ်းမကြီးတစ်ခုထက်မှာလည်း အလံတွေ မီးတုတ်တွေနဲ့ ဆန္ဒဖော်ထုတ်ပွဲ တစ်ခုကို စီစဥ်နိုင်ခဲ့ပါတယ်။
ဒီလိုဆန္ဒထုတ်ဖော်ပွဲတွေ စီစဥ်နိုင်ခဲ့သလို တစ်ဖက်က ပေးဆပ်မှုတွေလည်း ရှိခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက် ညပိုင်းအချိန်က ရန်ကုန်လူထုသပိတ် တိုက်ပွဲတွေမှာ ဦးဆောင်ပါဝင်နေတဲ့ တကသကျောင်းသားဟောင်းများ အင်အားစုက အဖွဲ့ဝင် လေးယောက်ဟာလည်း စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒီသတင်းစကားနဲ့ အတူ ရန်ကုန် ပြည်သူတွေဆီက ဆန္ဒပြနေရမယ့် အချိန် မဟုတ်တော့ဘူးဆိုတဲ့ စကားဟာလည်း ကျယ်ကျယ်လောင်လောင် ပြန်လည်ထွက်ပေါ်လာပြန်ပါတယ်။ ပြည်သူတွေအနေနဲ့ လူငယ်ထုကို မတရား ဖမ်းဆီးတဲ့ အပေါ် စာနာသနားလို့ ပြောကြတာဆိုပေမယ့် ဒီလူငယ်တွေ အတွက် တော့ ဒီစကားဟာ တော်တော်ကို ဝမ်းနည်းဖို့ကောင်းတဲ့ စကားဖြစ်နေပါလိမ့်မယ်။
ဒါဆို ဒီသပိတ်တွေဟာ ဘာကြောင့်လိုအပ်နေသေးတာလဲ။
လိုတိုရှင်း ပြောရရင်တော့ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းဖို့အတွက်လို့ပဲ ပြောရပါလိမ့်မယ်။
နိုင်ငံမှာ အမြစ်တွယ်နေတဲ့ စစ်အာဏာရှင် စနစ်ကို ဒို့အရေးဆိုတဲ့ လူထုလှုပ်ရှားမှုနဲ့ရော လက်နက်ကိုင် တွန်းလှန် လှုပ်ရှားမှုတွေနဲ့ပါ ခေတ်အဆက်ဆက်က တော်လှန်ခဲ့ကြတာပါ။
အခုနွေဦးတော်လှန်ရေးမှာလည်း ခေတ်အဆက်ဆက် က နည်းလမ်းကောင်းတွေ အတွေ့အကြုံတွေကို ခေတ်အမြင် ခေတ်အတွေးတွေနဲ့ ပေါင်းစပ် ဆောင်ရွက်ခဲ့ကြပါတယ်။
စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းဖို့အတွက် ဆောင်ရွက်ရာမှာ လှုပ်ရှားမှုနည်းလမ်းတစ်မျိုးထဲကို အဓိက တရားသေ မထားဘဲ ပန်းတိုင်ရောက်ဖို့ တိုက်ပွဲဝင် နည်းလမ်းပေါင်းစုံကို အသုံးပြုရမှာပါ။ အခြေခံ နည်းလမ်းတွေ အနေနဲ့ လက်နက်ကိုင် တွန်းလှန် စစ်ရေးနည်းလမ်း၊ လက်နက်မဲ့ လူထု လှုပ်ရှားမှဒ နည်းလမ်း၊ သံခင်းတမန်ခင်း နည်းလမ်းနဲ့ လူထုကိုယ်တိုင် စီးပွားရေး ပြစ်ဒဏ်၊ လူမှုရေး ပြစ်ဒဏ်ခတ်ကြမယ့် ဘူးသပိတ်စတဲ့ နည်းလမ်း ပေါင်းစုံကို အသုံးပြုရမှာပါ။
ဒီလိုပဲ တစ်ဖက်မှာလည်း ပြည်သူတွေအနေနဲ့ လူငယ်တွေကို ချစ်တဲ့ စိတ် စိုးရိမ်မှုတွေနဲ့ အတူ သပိတ်တွေ ဆက်မလုပ်သင့်တော့ဘူး လက်နက်ကိုင်တိုက်ရမယ့် အချိန် အစရှိတာတွေ ပြောဆိုကြတာမျိုးတွေ ရှိပါတယ်။ တော်လှန်ရေး ကာလ သုံးနှစ်ကျော် ချိန်မှာ မြို့ပြဒေသရဲ့ သပိတ်လှုပ်ရှားမှုတွေကို ပြည်သူအများက မချင့်မရဲ ဖြစ်လာကြပါတယ်။ သပိတ်တွေကို စစ်ကောင်စီဘက်က မျက်စိဒေါက်ထောက်ကြည့်ပြီး ရိုက်နှက်ဖမ်းဆီးတာ။ အသက်သေဆုံးနိုင်တဲ့အထိ ဖြိုခွင်းတာတွေကို တွေ့နေရတဲ့ ပြည်သူတွေအနေနဲ့ လူငယ်တွေကို စိုးရိမ်ပူပန်တာ ဖြစ်သင့်တဲ့ ကိစ္စရပ်ပါပဲ။
ရန်ကုန်မှာ ဆိုရင် အခြေအနေအချိန်အခါ အရ လူထုလှုပ်ရှားမှု လုပ်ဆောင်ကြရတဲ့ ပုံစံတွေ ပြောင်းလဲရပါတယ်။လူတစ်ဦးတစ်ယောက်ခြင်းအနေနဲ့လည်း မိမိရဲ့ လုပ်ဆောင်နိုင်စွမ်း နဲ့ ကိုယ်တက်နိုင်တာမှာ ပါဝင်လုပ်ဆောင်လို့ရပါတယ်။
ပုန်ကန်ခြင်းဆိုတာ နေရာ အနှံ့မှာ ဖြစ်ပေါ်ပါတယ်။ ကဏ္ဍ အသီးသီးမှာ လောင်ကျွမ်းပါတယ်။ ပုံစံ အမျိုးမျိုး ပေါက်ကွဲပါတယ်။ ကျနော်တို့နဲ့ ထိုက်တန်တဲ့ နိုင်ငံတစ်ခုကို မရမချင်း မြို့ပြတွေဟာ နည်းလမ်းမျိုးစုံနဲ့ ဆူပူအုံကြွ သူပုန်ထနေကြမှာပါ။စစ်အာဏာရှင်တည်ဆောက်ထားတဲ့ ယန္တရားထဲမှာ မသေရုံတမယ် လည်ပတ်နေရတဲ့ မြို့နေလူထုရဲ့ ဒေါသတွေကို သပိတ်တွေက ဟစ်ကြွေးနေပါတယ်။ကာလ အလိုက် ဖြစ်ပေါ်လာတဲ့ ဖိနှိပ်မှုတွေ ၊ ကန့်သတ် ချုပ်နှောင်ခံရမှုတွေကို သပိတ်တွေက ဟစ်ကြွေးနေပါတယ်။ လူထု နဲ့ တိုက်ပွဲကြား နိုးကြားသိမြင်လာအောင် သပိတ်တွေက ဆော်ဩ နေပါတယ်။
အနူးညံ့ဆုံးသော လေပြေဟာ အားအပြင်းဆုံးမုန်တိုင်းကြီးရဲ့ ကနဦး အစ ဖြစ်ပါတယ်။ လူထုအခြေပြုသပိတ်တိုက်ပွဲတွေ၊ ကမ်ပိန်းတွေဟာ အထွေထွေ အုံကြွမှုဆိုတဲ့ မဟာမုန်တိုင်ကြီးဆီဦးတည်နေမှာပါ။ တစ်ဖက်က လက်နက်ကိုင် တိုက်ပွဲ ၊ တစ်ဖက်က လူထု အုံကြွမှုတွေနဲ့ စစ်ကောင်စီကို နေ့ည နားချိန်မပေးဘဲ တိုက်ခိုက်ရင်း ဖက်ဒရယ် ဒီမိုကရေစိ တိုင်းပြည်သစ်ဆီကို ချီတက် သွားကြရမှာပါပဲ။