သေမင်းတမန် ဥပဒေ
Mar 25, 2024 created by Toward 158

စစ်မှုထမ်းဥပဒေဆိုတာဟာ ရှေးခေတ်ကတည်းက ကျင့်သုံးခဲ့ကြတဲ့ ဥပဒေဖြစ်တဲ့အပြင် ဒီနေ့ခေတ် နိုင်ငံတချို့မှာ ကျင့်သုံးနေဆဲဖြစ်လို့ သိပ်ပြီးမထူးဆန်းလှပါဘူး။ ဘေဘီလုံအင်ပါယာ (Babylon Empire) တန်ခိုးထွားချိန်၊ ဟာမူရာဘီခေတ် (Hammurabi Era) (၁၇၉၁-၁၇၅၀ ဘီစီ) မှာ ပေါ်ပေါက်ခဲ့တဲ့ အီလ်ကွန် (Ilkum) စစ်မှုထမ်းဥပဒေဟာ အထင်ရှားဆုံး ရှေးဟောင်း စစ်မှုထမ်းဥပဒေ ဖြစ်ပါတယ်။ စစ်မက်ဖြစ်ပွားနေချိန်မှာ အဲဒီဥပဒေအရ နိုင်ငံသားတချို့ကို စစ်မှုထမ်းစေပြီး၊ စစ်ပြီးသွားချိန်မှာတော့ သူတို့ကို တိုင်းပြည်ရဲ့တခြားနေရာတွေမှာ အမှုထမ်းအရာထမ်းများအဖြစ် နှစ်အကန့်အသတ်နဲ့ တာဝန်ထမ်းဆောင်စေပါတယ်။ တာဝန်ထမ်းဆောင်နေချိန်မှာ လစာနဲ့ ရိက္ခာရတဲ့အပြင် တာဝန်ပြီးဆုံးချိန်မှာလည်း ဆုလာဘ်အဖြစ် မြေယာတွေကို အစိုးရက ဝေခြမ်းပေးပါတယ်။ နိုင်ငံအချင်းချင်း အုပ်စုဖွဲ့ပြီး မကြာခဏ စစ်မက်ခင်းခဲ့ကြတဲ့ ဥရောပအလယ်ခေတ်မှာလည်း မြေပိုင်ရှင်တွေထံမှာ အလုပ်လုပ်ကြတဲ့ တောသူတောင်သား၊ အရပ်သားများနဲ့ လူကုံထံများအဆုံး အသက် ၁၅ နှစ်ကနေ ၆၀ အထိ ရှိသူ ဘယ်သူမဆို ဘုရင့်တပ်မတော်တွေမှာ စစ်မှုထမ်းကြရပါတယ်။ အဲဒီခေတ်မှာတော့ စစ်သည်ရဲမက်တွေရဲ့ လစာနဲ့ရိက္ခာအပြင် လက်နက်ခဲယမ်းတွေကိုပါ မြေပိုင်ရှင်ကြီးတွေက ထောက်ပံ့ခဲ့ကြရပါတယ်။ 

ဂျပန်နိုင်ငံက ရှိုးဂန်း (Shogun) စစ်ဘုရင်တွေခေတ် (၁၁၉၂-၁၈၆၇ အေဒီ) မှာလည်း အလားတူစနစ်မျိုး ရှိခဲ့ဖူးပါတယ်။ ၁၄ ရာစုနှစ် အော်တိုမန်အင်ပါယာခေတ် (Ottoman Empire) မှာတော့ ဘာသာခြားတွေကို အတင်းအကျပ် စစ်မှုထမ်းစေတဲ့ စစ်ကျွန်စနစ်တရပ် ပေါ်ပေါက်ခဲ့ဖူးပါတယ်။ သူတို့ကနေပေါက်ပွားလာတဲ့ သားတွေကိုတော့ ကိုးကွယ်ရာဘာသာကို အတင်းအကျပ် ပြောင်းလဲစေပြီး စူလတန်ဘုရင်ရဲ့ ကိုယ်ပိုင်အထူးတပ်မှာ အမှုထမ်းစေခဲ့ပါတယ်။

၉ ရာစုကနေ ၁၉ရာစုအတွင်း ပေါ်ပေါက်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံက သရေခေတ္တရာ၊ ပုဂံ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်၊ မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ မက္ခရာ၊ ဟံသာဝတီ၊ သထုံ၊ မြောက်ဦး၊ တိုင်ရှမ်း၊ လေးမြို့ခေတ် တပ်မတော်တွေမှာတော့ စစ်တပ်ကို မြို့တော်နဲ့ နန်းတော်ကို ကာကွယ်ဖို့အတွက် ထောင်ဂဏန်းလောက်သာရှိတဲ့ စစ်တပ်ငယ်အဖြစ်သာ ဖွဲ့စည်းထားပြီး၊ စစ်ဖြစ်ပြီဆိုမှသာ စစ်မှုထမ်းစနစ်ကို အခြေပြုတဲ့ စစ်တွင်းကာလ စစ်တပ်ကို ဖွဲ့စည်းလေ့ရှိပါတယ်။ စစ်ဖြစ်နေတဲ့ကာလအတွင်း နယ်ပိုင် မြို့ပိုင်တွေက သက်ဆိုင်ရာ စီရင်စုတွေရဲ့ လူဦးရေအပေါ်အခြေခံပြီး ခွဲတမ်းအလိုက် လူသူစုဆောင်းပေးရတဲ့ စစ်မူထမ်းစနစ် ဖြစ်ပါတယ်။ စစ်အတွင်းမှာ အဲဒီစစ်သည်တွကို ဆင်တပ်၊ မြင်းတပ်၊ အမြောက်တပ်နဲ့ ရေတပ်တွေမှာ တာဝန်ထမ်းဆောင်စေပါတယ်။

ရှေးခေတ်က နိုင်ငံတွေမှာ ပေါ်ပေါက်ခဲ့ဖူးတဲ့ စစ်မှုထမ်းဥပဒေတွေဟာ ပြည်သူတွေကို အနည်းနဲ့အများ အတင်းအကျပ် စစ်မှုထမ်းခိုင်းတဲ့ စနစ်မျိုးသာ ဖြစ်ခဲ့ပါတယ်။ 

ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်ကြောင့် နိုင်ငံသားများက မိမိတို့ သဘောဆန္ဒအလျောက် ဝင်ရောက်စစ်မှုထမ်းကြတဲ့ ခေတ်သစ် စစ်မှုထမ်းစနစ်ဟာ ပြင်သစ်တော်လှန်ရေးကာလမှာ ပထမဦးဆုံး ပေါ်ပေါက်ခဲ့ပါတယ်။ ၁၇၉၃ ခုနှစ်မှာ လူဝီ ၁၆ ဘုရင်နဲ့အတူ ပြင်သစ်နိုင်ငံရဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ကို အဆုံးသတ်စေခဲ့တဲ့ ပြင်သစ်တော်လှန်ရေးဟာ ဥရောပတိုက်တလွှားက သက်ဦးဆံပိုင်ဘုရင်တွေကို ချောက်ချားစေခဲ့ပါတယ်။ ဒါ့ကြောင့် ပြစ်သစ်ပြည်က လူထုတော်လှန်ရေး အရှိန်အဟုန်ကြီး သူတို့ရဲ့ နိုင်ငံတွေကိုပါ ရိုက်ခတ်လာမှာကို စိုးရိမ်ကြတဲ့ ဗြိတိန်၊ ဒတ်ချ်၊ သြစတြီးယား၊ ပရပ်ရှား၊ စပိန်၊ ပေါ်တူဂီ စတဲ့ ဘုရင့်နိုင်ငံတွေဟာ ပြင်သစ်တော်လှန်ရေးအပြီးမှာ ပေါ်ပေါက်လာတဲ့ ပြင်သစ်သမ္မတနိုင်ငံသစ်ကို ဝိုင်းဝန်းတိုက်ခိုက်ကြပါတယ်။ ဒါပေမဲ့ မိမိတို့ရဲ့ သမ္မတနိုင်ငံကို ကာကွယ်စောင့်ရှောက်လိုကြတဲ့ ပြင်သစ်နိုင်ငံသားတွေဟာ တနှစ်တာ စစ်မှုထမ်းစာချုပ်နဲ့ စစ်ထဲကို ဝင်ခဲ့ကြပြီး၊ နပိုလီယံဘိုနာပတ် (Napoleon Bonaparte) နဲ့ ဘယ်သာလမီ ရှုဘေး (Barthélemy Joubert) တို့လို ထူးချွန်တဲ့ ဗိုလ်ချုပ်တွေရဲ့ ခေါင်းဆောင်မှုအောက်မှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဥရောပက ဘုရင့်နိုင်ငံတွေဟာ စစ်ပွဲကြီးနှစ်ခု ဆင်နွှဲတိုက်ခိုက်ခဲ့ပေမဲ့ နောက်ဆုံးမှာ ရှုံးနိမ့်သွားခဲ့တာကြောင့် ပြင်သစ်သမ္မတနိုင်ငံဟာ ရေရှည်တည့်တံ့ခွင့် ရသွားခဲ့ပါတယ်။

ဒီနောက်မှာတော့ ကမ္ဘာ့နိုင်ငံတွေမှာ အမြဲတမ်း တပ်မတော်တွေ ထူထောင်ကြပြီး၊ စစ်သည်အင်အား ပြည့်မီနေစေဖို့အတွက် စစ်မှုထမ်းဥပဒေတွေကို ထုတ်ပြန်ကာ စစ်သားစုဆောင်းခဲ့ကြပါတယ်။ စစ်မှုထမ်းစနစ်တွေမှာလည်း ~

() မိမိဆန္ဒအလျောက် စစ်မှုထမ်းခွင့်ပေးတဲ့ စနစ် (Voluntary enlistment)

() အရွယ်ရောက်သူတိုင်း နှစ်တိုကာလ အကန့်အသတ်နဲ့ မဝင်မနေရ စစ်မှုထမ်းစေတဲ့ စနစ် (Mandatory service)

() မဝင်မနေရ စစ်မှုထမ်းဥပဒေ ပြဌာန်းထားပေမဲ့ ဥပဒေအရ အကျုံးဝင်သူတချို့ကိုသာ စစ်မှုထမ်းစေပြီး၊ တချို့ကိုတော့ စစ်မဲ့ကာလမှာ စစ်သားစာရင်းသွင်းရုံသာ ထားရှိတဲ့ စနစ် (Conscription/Draft)

() သာမန်စစ်မှုထမ်းတွေကို မဲစနစ်နဲ့ ရွေးချယ်ပြီး၊ ဆေးပညာရှင်၊ စက်မှုပညာရှင်နဲ့ လေယာဉ်မှူးတွေကို လိုအပ်ချက်အရ ရွေးချယ်ခေါ်ယူတဲ့ စနစ် (Selective compulsory service)

() မဝင်မနေရ စစ်မှုထမ်းဥပဒေကို ပြဌာန်းထားပေမဲ့ မိမိဆန္ဒအလျောက် စစ်မှုထမ်းသူတွေ များနေတာကြောင့် အဲဒီ စစ်မှုထမ်းဥပဒေကို မဖြစ်မနေ ကျင့်သုံးစရာ မလိုတဲ့ အခြေအနေ (De Jure compulsory service) နဲ့

() မိမိဆန္ဒအလျောက် စစ်မှုထမ်းခွင့်ပေးတဲ့ စနစ်နဲ့ မဝင်မနေရ စစ်မှုထမ်းစေတဲ့ စနစ် နှစ်မျိုးလုံးကို တွဲဖက်ကျင့်သုံးတဲ့စနစ် (Combinations service) ~ ဆိုပြီး စနစ် ခြောက်မျိုး ရှိပါတယ်။

၁၉၅၅ ခုနှစ်မှာ စတင်ရေးဆွဲခဲ့ပြီး ၁၉၅၈-၁၉၆၀ အိမ်စောင့်အစိုးရကာလမှာ ပါလီမန်ရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေခဲ့တဲ့ အမျိုးသားစစ်မှုထမ်းဥပဒေဟာ အမှန်တကယ် လက်တွေ့ကျင့်သုံးတဲ့ ဥပဒေအဖြစ်ကို ရောက်မလာခဲ့ပါဘူး။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ စစ်တပ်အင်အားကို တိုးချဲ့ဖို့ စီမံချက်ချထားတဲ့ နအဖ စစ်ခေါင်းဆောင် သန်းရွှေဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ မဝင်မနေရ စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး မကြာခင် ပေါ်ပေါက်လာတော့မယ့် လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ လူထုရဲ့သဘောဆန္ဒကို မဆန့်ကျင်ချင်တဲ့ သိန်းစိန်အစိုးရဟာ အဲဒီဥပဒေကို မသိမသာ လစ်လျူရှုထားခဲ့ပါတယ်။ သို့သော်လည်း နောက်ထပ် ၁၄ နှစ်အကြာ၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာတော့ စကစ အကြမ်းဖက်အစိုးရခေါင်းဆောင် မင်းအောင်လှိုင်ဟာ အဲဒီဥပဒေကို ကောက်ခါငင်ခါ အတည်ပြုလိုက်ပါတော့တယ်။ "သူဘာကြောင့် ဒီလိုလုပ်ခဲ့ရသလဲ" ဆိုတဲ့ မေးခွန်းကတော့ မြန်မာပြည်မှာ ဖြေရတာ အလွယ်ကူဆုံး မေးခွန်းတခု ဖြစ်လာခဲ့ပါတယ်။

အဲဒီမေးခွန်းရဲ့ လူတိုင်းသိတဲ့ အဖြေကတော့ ရှင်းရှင်းလေးပါ။ 

တော်လှန်ရေးအင်အားစုပေါင်းစုံက ထိုးနှက်တိုက်ခိုက်ကြလို့ သုံးနှစ်တာကာလအတွင်းမှာ တိုက်ပွဲကျ၊ လက်နက်ချ၊ တပ်ပြေး၊ ပြည်ပြေး စတဲ့နည်းပေါင်းစုံတွေကြောင့် စစ်သည်အင်အား ပြုန်းတီးလာနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ အဓမ္မနည်းနဲ့ စစ်သားတွေ၊ ပေါ်တာတွေနဲ့ လူသားဒိုင်းတွေကို ရသမျှ စုဆောင်းခြင်းသာလျှင် သူတိုရဲ့ ထွက်ပေါက်ဖြစ်တယ်လို့ ယူဆထားကြဟန် တူပါတယ်။ အဲဒီဥပဒေကို အတည်ပြုခဲ့ပြီး ရက်အနည်းငယ် အတောအတွင်းမှာပဲ လူငယ်တွေကို အဓမ္မနည်းနဲ့ စစ်ထဲကို စတင်ဆွဲသွင်းနေကြတာကြောင့် ပြည်သူတွေဟာ နာကျည်းခံခက် ဒေါသထွက်နေကြပါတယ်။

ပြည်သူကို အထင်သေးပြီး မအောင်မြင်တဲ့ အာဏာသိမ်းမှုကို ကျူးလွန်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ သူ့ကြောင့် စစ်တပ်ကြီး သွေးစိမ်းရှင်ရှင်ထွက်ပြီး သေလုမျောပါး ဖြစ်နေဆဲကာလမှာတောင် ပြည်သူကို အထင်သေးနေဆဲ ဖြစ်ပါတယ်။ ပြည်သူရဲ့ ဒေါသဟာ ထက်ရှတဲ့ ဓါးသွားထက် အဆပေါင်းများစွာ ပိုပြီး ထက်ရှပါတယ်။ ဒါ့ကြောင့် သူ့အနေနဲ့ ကောက်ရိုးတမျှင်လို့ ယူဆပြီး ပြဌာန်းအကောင်အထည်ဖော်နေတဲ့ ဒီ အဓမ္မစစ်မှုထမ်းဥပဒေဟာ အခန့်မသင့်ရင် သူ့ရဲ့ အသုဘအခေါင်းမှာ နောက်ဆုံးရိုက်ထည့်လိုက်တဲ့ သံတချောင်းလည်း ဖြစ်သွားနိုင်ပါတယ်။

ဒီလိုဖြစ်ဖို့ ဆိုရာမှာလည်း ပြည်သူတွေ ညီကြဖို့နဲ့၊ ပြည်သူနဲ့ တော်လှန်ရေးဘက်သားတွေ အချိတ်အဆက်မိနေကြဖို့သာ အဓိက ဖြစ်ပါတယ်။