နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ပဲခူးမြို့ရှိနာမည်ကျော် ဝင်းနိမ္မိတာရုံစာသင်တိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။ များမကြာမီပင် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များကတဆင့် ဆရာတော်ပျံလွန်တော်မူရခြင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တုန့်ပြန် သတင်းလွှင့်ခဲ့သည်။ စစ်ကောင်စီပိုင် မြဝတီနှင့် MRTV ရုပ်မြင်သံကြားမှလည်း “ဇွန်လ ၁၉ ရက် မွန်းလွဲ ၁နာရီအချိန်ခန့်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် မြို့သာမြို့နှင့် ငါးန်ဇွန်မြို့အကြား ပန်းချီကမ္မရွာအနီးတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေစဉ် ဆရာတော်လိုက်ပါလာသည့်ကားဖြတ်သန်းမောင်းနှင်လာကြောင်း၊ ထို့နောက် PDF များက မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားမှာချောက်အတွင်းထိုးကျသွား၍ သွားရောက်စစ်ဆေးရာတွင် ကားအတွင်းဦးခေါင်းနောက်စေ့ဒဏ်ရာရှိမှုဖြင့် ဆရာတော် ပျံလွန်တော်မူသွားခြင်းဖြစ်ကြောင်း” သတင်းထုတ်ပြန်ခဲ့လေသည်။
သို့သော် မြေပြင်သတင်းများအရ ငါန်းဇွန်မြို့နယ်အပိုင် မြို့သာနှင့် ပန်းချီကမ္မရွာကြားနှင့်အနီးတဝိုက်တွင် မည်သည့် PDF မျှ နယ်မြေစိုးမိုးထားခြင်းမရှိချေ။ ထို့နေ့တဝိုက်တွင်လည်း စစ်ရေးလှုပ်ရှားမှုများလည်’ မရှိနေခဲ့ပေ။ အကယ်၍ တိုက်ပွဲဖြစ်နေမည်ဆိုလျှင်ပင် ထိုလမ်းအား စစ်တပ်က ပိတ်ချထားမည်မှာ သူတို့၏ ပုံမှန်လုပ်ငန်းစဥ်ပင်။
ထို့အပြင် အဆိုပါဖြစ်စဥ်နှင့် အနီးအနားတွင်ရှိခဲ့သော ပြည်သူများနှင့် ဆရာတော်၏ အနီးကပ်ဒါယိကာများကလည်း ဆရာတော်စီးနင်းလာသောကားကို စစ်ကောင်စီ၏လှည့်ကင်းကားမှ တပ်သားများက ပစ်ခတ်သည်ဟု ထုတ်ဖော်ပြောဆိုမှုများလည်း ရှိနေသည်။ သို့သော် စစ်ကောင်စီဘက်ကမူ PDF များလက်ချက်ဟု ဗြောင်လိမ်နေဆဲပင်။ ထိုသို့ဗြောင်လိမ်နေရုံတင်မက ၄င်းတို့ပစ်ခတ်မှုကြောင့် လက်ပြတ်ဒဏ်ရာရသွားခဲ့သော ကားဆရာကိုပင် အတင်းအဓမ္မခြိမ်းခြောက်နှုတ်ပိတ်ကာ PDF များလက်ချက်ဖြစ်ကြောင်း လိမ်လည်ထွက်ဆိုစေခဲ့သည့် ဗီဒီယိုဖိုင်များကို ဖြန့်ဝေသတင်းလွှင့်ခဲ့သည်။
အမှန်တရားသည် ကြာကြာငုပ်လျှိုးမနေပါ။ အထူးသဖြင့် လူယုတ်မာတို့က အတင်းအဓမ္မဖုံးကွယ်ဖိနှိပ်ထားသော အမှန်တရားမှာ ကြာကြာတိမ်မြုပ်မနေပဲ မကြာခင်နာရီပိုင်းအတွင်းမှာပင် မန္တလေးတိုင်းဒေသကြီးသာသနာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်လှိုင်၏ အစီရင်ခံစာနှင့်အတူ ပေါ်ပေါက်လာခဲ့ပေသည်။ တိုင်းအဆင့်သာသနာရေး တာဝန်ရှိသူက အဆိုပါဖြစ်စဥ်အသေးစိတ်ကို စစ်ကောင်စီ၏ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကို အစီရင်ခံစာသည် လူမှုကွန်ရက်တွင် ပြန့်နှံ့လာခဲ့သည်။
အဆိုပါစာထဲတွင် ဇွန်လ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီခန့်အချိန်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသနှင့် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း)တို့သည်ဇွန်လ ၂၀ ရက်နေ့တွင် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၌ ပြုလုပ်မည့် ရွှေကျင်နိကာယဗဟိုဌာန၏ အစည်းအဝေးတွင် အကြိုညှိနှိုင်းဆောင်ရွက်ရန် တံတားဦးလေဆိပ်ကို လေယာဉ်ဖြင့် ကြွလာခဲ့ကြောင်း၊ ထို့နောက် ကံသုံးဆင့်ဆရာတော်ဇာတိဖြစ်သော ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာသို့ ကြွရောက်ခဲ့ကြောင်း၊ ကြွရောက်ရာတွင် ဝင်းနိမ္မိတာရုံကျောင်းဆရာတော်မှာ ကားရှေ့ခန်းမှထိုင်၍ ကံသုံးဆင့်ဆရာတော်မှာ ကားနောက်ခန်းမှထိုင်ခဲ့ကြောင်း၊ မြို့သာနှင့် ပန်းချီကမ္မရွာကြားတွင် စစ်ကောင်စီ၏ လုံခြုံရေးကင်းလှည့်နေသူများနှင့်တွေ့၍ကားကိုရပ်ခိုင်းရာ မှန်မချပဲ ဆက်မောင်းသွားသည့်အတွက် လုံခြုံရေးတပ်သားများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသမှာ ပွဲချင်းပြီး ပျံလွန်တော်မူသွားခဲ့ပြီး ကားသမားမှာ လက်၊ ခြေတို့၌ ကျည်ဆံထိမှန်ခဲ့ကာ ဘဒ္ဒန္တဂုဏိကာဘိဝံသမှာ ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း ဆိုထားသည်။
စာပေါက်ကြားလာပြီးချင်း အစောပိုင်းတွင် စစ်တပ်ထောက်ခံသူများက အဆိုပါစာမှာ စာအတုဖြစ်သည်ဟူ၍ ဆိုပြီး ငြင်းကြသေးသည်။ သို့သော် နောက်ဆုံးတွင်ကား ၄င်းတို့၏ ဗြောင်ငြင်းနေမှုကိုရပ်တန့်သွားစေသည့် ထွက်ဆိုချက်ပေါ်ပေါက်လာပေသည်။ အဆိုပါဖြစ်စဥ်တွင် ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ကံသုံးဆင့်ဆရာတော်က အမှန်တရားအားလုံးကို လူအများ၊ သံဃာအများရှေ့တွင် ဖွင့်ဟမိန့်ကြားလိုက်ခြင်းပင်။ ဗုဒ္ဓသာသနာတော်အရေး ဆောင်ရွက်နေသူပုဂ္ဂိုလ်ထူးကို သတ်ပစ်ခဲ့သူ စင်စစ်တရားခံသည်ကား သာသနာကို စောင့်ရှောက်မည်ဟု အစဥ်ကြွေးကြော်နေသူ စစ်ကောင်စီတပ်ဖြစ်ပေသည်။
"Faw ကားပေါ်ကနေ ပစ်လိုက်တာ ၇ ချက် ၈ ချက်လောက်ရှိပါတယ်။ဝင်းနိမ္မိကာရုံဆရာတော်ကတော့ တစ်ဘဝတစ်ခန္ဓာ ရုပ်သိမ်းသွားပါတယ်ဘုရား။ တပည့်တော်ကတော့ ခေါင်းရယ်၊ ကားရဲ့မှန်စထိပါတယ်ဘုရား။ တပည့်တော်အပြင်ဘက် ရောက်တဲ့အခါ ခင်ဗျားတို့ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေကို ဒီလောက်ရက်စက် ရသလားလို့၊ Faw ကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ် စစ်သားတွေ။ရက်စက်လှချည်လားဆိုတော့ အရှင်ဘုရားတို့က ဘုန်းကြီးမှန်းမသိလို့ပါတဲ့။ ကားတံခါး လည်း ပိတ်ထားတော့ ရန်သူကားထင်လို့တပည့်တော်တို့ ပစ်ပါတယ်ဘုရားတဲ့။ သူတို့ ကိုယ်တိုင်ဝန်ခံပါတယ်...” ကံသုံးဆင့်ဆရာတော်က ပျံလွန်သူဆရာတော်၏ စျာပနတွင် တပည့်သံဃာတော်များရှေ့ ဖွင့်ဟမိန့်ကြားခဲ့သော စကားဖြစ်သည်။
ထိုသို့မိန့်ကြားထားသော ဗီဒီယိုဖိုင်ပြန့်နှံ့လာပြီးနောက်တွင် စစ်တပ်ထောက်ခံသူအချို့ကပါ ၄င်းတို့ကို ဝေဖန်လာခဲ့ရာ စစ်ကောင်စီကလည်း မနေသာတော့ပဲ “ရရှိထားသည့် အစီရင်ခံစာများနှင့် မြေပြင်အဖြစ်အပျက်များမှာ လွဲမှားမှုများရှိနေ၍ အဖြစ်မှန်ကို ပြန်လည်စုံစမ်းပေးပါမည်” ဟူ၍ ပြန်လည်လျှောချသွားလေသည်။ ထို့နောက် ဖြစ်စဥ်အပြီး (၂) ရက်အကြာ ဇွန်လ ၂၁ ရက်နေ့တွင်မှ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက လက်အုပ်ချီလျက်ပေါ်လာပြီး “ဒီဖြစ်စဉ်တစ်ခုကို အခွင့်ကောင်းယူပြီး ပြည်ဖျက်မီဒီယာတွေ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေက ပျက်စီးရာ ပျက်စီးကြောင်း ချိန်ကိုက် လှုံဆော်နေတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့အထိ NUG, PDF အမည်ခံ အကြမ်းဖက်အဖွဲတွေရဲ့ သတ်ဖြတ် တိုက်ခိုက်မှုကြောင့် ရဟန်းသံဃာ (၁၄၀) ပါး၊ သီလရှင် (၂) ပါး ပျံလွန်တော်မူခဲ့ရပြီး (၉၆)ပါး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘာတစ်ခွန်းမျှ မပြောဘဲ ရေငုံနှုတ်ပိတ် နေနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေကို သတိရှိဖို့ လိုအပ်ကြောင်း မေတ္တာရပ်ခံလိုပါတယ်။” ဟူ၍ ပြောကြားခဲ့သည်။ ၄င်းတို့ဘာသာ ဖုံးမရ၍ ပေါ်ထွက်လာသည့်ကိစ္စကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှုမပြုပဲ အခြားသူများအပေါ် လွှဲချတတ်သော အယုတ်တမာစစ်တပ်ပင်။
လက်ရှိတွင် အမှန်တရားကိုဖွင့်ဟထားသော ကံသုံးဆင့်ဆရာတော်ကို စစ်တပ်ကအညှိုးထားနိုင်ချေရှိသည်ဟု အချို့ကဆိုနေကြပြီး စောင့်ကြည့်လျက်ရှိသည်။ ဝင်းနိမ္မိတာရုံ စာသင်သားဟောင်းသံဃာတော်များကလည်း ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးနှင့်တကွနိုင်ငံတစ်ဝှမ်းမှ ပြည်သူများကို လက်လွတ်စပယ် သတ်ဖြတ်နေသည့် စစ်ကောင်စီအပေါ် ပရိကံဆောင်ခြင်းအမျိုးမျိုးကို ဝိနည်းနှင့်အညီ ဆောင်ရွက်ရန် အချိန်ကျရောက်လာပြီဖြစ်ပါကြောင်း တိုက်တွန်းစာထုတ်ထားသည်။ ထို့အပြင် စစ်တပ်နှင့်ပူးပေါင်းသည်ဟု လူသိများသော သီတဂူဆရာတော်၏တပည့် ဒေါက်တာကောဝိဒသိရီ (သီတဂူစတား)ကလည်း ဝင်းနိမ္မိတာရုံ ဆရာတော်ကို စစ်ဗိုလ်၊ စစ်သားတို့က ပစ်ခတ်သတ်ဖြတ်ခဲ့သည်အပေါ် အပြစ်ဝန်ချတောင်းပန်ရန် လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဆိုထားသည်။ ယခုကိစ္စကိုအမှူးပြုပြီး အကြမ်းဖက်စစ်ကောင်စီအပေါ် သံဃာတော်များ၏ သပိတ်မှောက်မှုများ ပိုမိုအားကောင်းလာမည်လော။ သေချာသည်မှာ စစ်ကောင်စီဘက်က ဒီအတိုင်းထားမည်မဟုတ်ပေ။ တစ်နည်းနည်းဖြင့်တော့ ဖိနှိပ်ကာ ယုတ်မာပေဦးမည်။
တစ်ဖက်တွင်လည်း ဝိနုယာဓိကပရိယတ္တိ ပထမကျော်နှင့် နိုင်ငံတော်အစိုးရပထမကျော်ရထားသော ဆရာတော်တစ်ပါးဖြစ်သူ၊ ပရိယတ္တိသဝသနာဟိတ (သကျသီဟ) ဓမ္မာစရိယ၊ စေတိယင်္ဂဏ ပရိယတ္တိဓမ္မာစရိယ ဂဏဝါစက၊ သာသနဓဇဓမ္မာစရိယ၊ အင်္ဂုတ္တရနိကာယပါဋိပါရဂူ၊ နိုင်ငံတော်အစိုးရ တိပိဋက ဒီဃဘာဏက အစရှိသည့်ဘွဲ့များစွာလည်း ရရှိထားသူ၊ ၈ နှစ်ကြာ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဖြစ်သူ ဆရာတော်တစ်ပါး စစ်တပ်၏ အသတ်ခံရသည့်အပေါ် သာသနာတော်ထိန်းသိမ်းကာကွယ်မည်ဟူသော ဘာသာရေးအဖွဲ့အစည်းများထံမှ မည်သည့်စကားသံမျှ မထွက်ပေါ်လာသေးပေ။
ထို့ပြင် စစ်တပ်နှင့်ပူးပေါင်းသူဟု လူသိများသည့် ရွှေကျင်သာသနာပိုင် နေရာကိုယူထားသော သီတဂူ ဆရာတော်သည် အပြစ်ပြုသူ လူသတ်ကောင်စစ်တပ်ကို သည်းခံ ခွင့်လွှတ် မေ့ပျောက်ရန် ပျံလွန်တော်မူ ဆရာတော်၏ စျာပနတွင် လာရောက်မိန့်ကြားခဲ့သည်။ သူပြောပုံမှာ - “ပြင်မရတော့တဲ့ ဒီအမှားကို၊ တစုံတယောက်မှားတဲ့ ဒီအမှားကို သံဃာတော်တွေက အားပေးမိရာမရောက်အောင်၊ ထပ်ပြီးတော့လည်း မမှားမိအောင် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်တော်မူကြပါဘုရား။ တိုင်းပြည်ရဲ့အခြေအနေဟာ ညီညွတ်မှုက အရေးကြီးတဲ့အတွက် နိုင်ငံတော် အစိုးရနဲ့ သံဃာ လက်မတွဲနိုင်ရင် တိုင်းပြည်က ဒုက္ခဖြစ်စရာ အများကြီးရှိတယ်” ဟူ၍ပင်။ ပုံမှန်စကားဖြင့်ပြောရလျှင် သေသူကသေနှင့်ပြီ၊ စိတ်လျှော့ကြတော့ဟူသော အဓိပ္ပါယ်ပေါက်လိမ့်မည်။ သို့သော် အဆိုပါကိုယ်တော်သည် လူသတ်စစ်ကောင်စီကို အကာအကွယ်ပေးနေခြင်းဖြစ်ကြောင်း ဓမ္မဘက်ရပ်တည်သောပြည်သူတိုင်း သိနားလည်ပေသည်။
ယခုဖြစ်စဥ်ကို အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတော်အဆင့်သာသနာပြုဆရာတော်ပါမချန် သတိလက်လွတ်သတ်ဖြတ်နိုင်တဲ့အထိ လူစိတ်ကင်းမဲ့နေသော စစ်ကောင်စီတပ်အားလည်းကောင်း၊ အဖြစ်မှန်ကိုဖုံးကွယ်ကာ ကားသမားကိုပင် ခြိမ်းခြောက်သတင်းမှားဖြန့်ခိုင်းသော လုပ်ရပ်အားလည်းကောင်း၊ သတင်းမှန်များကို အတင်းအကြပ်ဖုံးကွယ်ကာ မိမိအပြစ်အား သူများအပြစ်ဖို့တတ်သော စစ်ကောင်စီ၏လူယုတ်မာလုပ်ရပ်အားလည်းကောင်း၊ မိမိတို့ လေးစားအားထားရသော သာသနာပြုဆရာတော်ကို သတ်ခဲ့သည့် လူသတ်ကောင်အား သာသနာတော်အကြီးအကဲတစ်ပါးက ကာကွယ်ပေးနေရသည်အထိဖြစ်အောင် သာသနာကိုအထက်စီးမှ ဆွဲချနေသော စစ်တပ်၏ လွှမ်းမိုးနိုင်မှုအားလည်းကောင်း တွေ့ရပေသည်။
သာသနာကို မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်မည်ဟု ကြွေးကြော်ထားသော စစ်ကောင်စီတပ်သည် စစ်အာဏာရှင်အဆက်ဆက်တို့၏ထုံးစံအတိုင်း သာသနာကို အမှန်တကယ်ယုံကြည်သည်ထက် ၄င်းတို့၏အာဏာ ဆက်လက်တည်မြဲနေအောင် အသုံးပြုသော လက်နက်တစ်ခုအဖြစ် ဆောင်ရွက်သည်ကို ကွဲကွဲပြားပြားသိနိုင်လိမ့်မည်။ စစ်ကောင်စီနှင့် စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်ဖြုတ်ချမှသာလျှင် စင်စစ်သော ဒီမိုကရေစီနှင့်အတူ မြတ်စွာဘုရားဟောကြားသည့် စစ်မှန်သော သာသနာတော် တည်မြဲရေးကို ရရှိပေမည်။
ယခင်က ရဟန်းများကိုအကာအကွယ်ယူ၍ ဘုရားဒကာမျက်နှာဖုံးစွပ်ထားသောစစ်ကောင်စီသည် ယခုတွင်မူ သံဃာကိုသတ်သည့် ဒေဝဒတ်ရုပ် လုံးလုံးပေါ်လာပေသည်။ မြတ်ဗုဒ္ဓ၏ မေတ္တာကရုဏာလမ်းစဉ်နှင့် သွေဖီသော စစ်ကောင်စီ၏ အဓမ္မမှုများကို ရပ်တန့်ရန် အစဉ်အလာရှိသော ဗုဒ္ဓသားတော်သံဃာတော်များ၏ တုန့်ပြန်ဆောင်ရွက်ဆုံးမမှုကို မချင့်မရဲစွာပင် မျှော်လင့်မိပါတော့သည်။
- မင်းဘုန်း ရေးသားသည်။