၂၀၂၄၏ ပထမပိုင်းလများအတွင်း စစ်မြေပြင်၌ တိုးတက်မှုများသည် ၂၀၂၃ အောက်တိုဘာလက ပြတ်ပြတ်သားသား စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနှင့် အတူ မြစ်ဖျားခံခဲ့သည်မှာ မှန်ကန်ပါသည်။ အာဏာသိမ်းစစ်တပ်သည် ခံစစ် အနေအထားတွင် ရှိနေပြီး အဖက်ဆည်မရအောင် ပြိုကျ ပျက်ဆီးနေချေပြီ။ တော်လှန်ရေးသည် အရှိန်ရနေပြီ ဖြစ်ပြီး ထိုးစစ် ဆင်နေပြီ ဖြစ်ပြီ။
လွန်ခဲ့သည့်ရက်ပိုင်းအတွင်းကပင် KIA သည် ဆွမ်ပရာဘွမ် ၊အင်ခရမ်၊ Gamgya၊ ဆမား၊ Kagam, Pung Ling, Shang Hkawng, Uhkai Hkyet, Nga Gyang, Hpaudaw, Law Hpyu, Law Hkum and Gideon အမည်ရ တစ်ဒါဇင် ဝန်းကျင်ရှိ စစ်ကောင်စီ အခြေစိုက် စခန်းမျာကို သိမ်းယူနိုင်ခဲ့သည်။ဤသည်မှာ ယခုနှစ်အတွက် ဒုတိယမြောက် အောင်မြင်သော KIA ထိုးစစ်ပင်ဖြစ်သည်။ ပထမထိုးစစ်မှာ အရေးပါသည့် ဗန်းမော်-မြစ်ကြီးနား လမ်းတစ်လျောက်နှင့် လိုင်ဇာမြို့ အနီးတစ်ဝိုက်ရှိ စစ်စခန်းများကို ရှင်းလင်းနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ အကယ်၍ KIA သည်သာ ဝိုင်းမော်ရှိ အရေးပါသော စစ်စခန်းများကို ရရှိခဲ့လျင် အရှေ့မြောက်ပိုင်းရှိ မြို့နယ် လေး၊ငါးခု ကို အချိန်မရွေး ဗျူဟာမြောက် သိမ်းပိုက်နိုင်ပေလိမ့်မည်။
အာရက္ခတပ်တော်သည်လည်း မောင်တော်မြို့ကို သိမ်းပိုက်ကာ ဘင်္ဂလားဒေ့ရှ် တစ်ဖက်ကမ်းရှိ နယ်စပ်မြို့တစ်မြို့ကို ရရှိခဲ့ပြန်ပြီ ဖြစ်သည်။ ဧပြီလ ၂၅ ရက်နေ့က အာရက္ခတပ်တော်သည် တောဟိန်းတောင်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ ဗျူဟာစခန်းတစ်ခုကို ရရှိခဲ့ခြင်းသည် အမ်းမြို့ရှိ အနောက်ပိုင်း စစ်ဌာနချုပ် ကျရှုံးခြင်းအတွက် အရေးပါသော သက်ရောက်မှု တစ်ခု ဖြစ်နိုင်ပါသည်။ယောဒေသနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း မြောက်ဦးမြို့တို့အကြား လမ်းပန်းဆက်သွယ်ရေးအရ ဗျူဟာမြောက် အရေးပါသည့် ချင်းပြည်နယ်တောင်ပိုင်းရှိ ကျင်ဒွေးမြို့ကိုလည်း ချင်းညီနောင် တပ်ဖွဲ့များမှ အာရက္ခတပ်တော်နှင့် PDFများ၏ ကူညီ ထောက်ပံ့မှုဖြင့် လေးလအကြာတွင် သိမ်းယူနိုင်ခဲ့ပြီဖြစ်သည်။
KIA နှင့် AA တို့၏ တောက်လျောက် ထိုးစစ်များသည်လည်း ကရင်ပြည်နယ်တွင် ဝရုန်းသုန်းကားဖြစ်နေသော စစ်ကောင်စီ၏ထိုးစစ်ကို ပိုမိုကာအားပျော့စေမည် ဖြစ်သည်။မော်လမြိုင်မှ မြဝတီသို့ရောက်ရန် နှစ်ပတ်ကျော်ကြာ ကြိုးစားနေရသော စစ်ယာဥ်တန်းသည် လမ်းတစ်လျောက်တွင်ပင် အမှည့်ခြွေခံရကာ အဆုံးသတ်သွားနိုင်သည်။
မတူညီသောရှေ့တန်းစစ်မျက်နှာသုံးခုတွင် တစ်ပြိုင်တည်း ရရှိခဲ့သည် အရေးပါသော သိမ်းပိုက်မှု သုံးခုသည် တော်လှန်ရေးကို နောက်တစ်ဆင့်သို့ ရောက်ရှိစေပါလိမ့်မည်။
မြန်မာပြည်တလွှားရှိ စစ်တပ်ကို ထိုးစစ်ဆင်ကာ ရရှိခဲ့သည့် ထိုအောင်မြင်မှု လှိုင်းလုံးတစ်ခုစီတိုင်းသည် မြို့များ၊ လွှမ်းမိုးနယ်မြေများ ၊ စစ်အခြေစိုက် စခန်းများ၊ ကင်းစခန်းများ ပိုပို ရရှိရုံမျှ မကပါ။ထိုနိုင်ပွဲများသည် လက်နက်နှင့် ခဲယမ်းများကို ပိုပို သိမ်းပိုက်လာနိုင်ခြင်း ၊ စစ်ကောင်စီတပ်သားများကို ပိုပို စိတ်ဓာတ်ကျလာစေခြင်း၊ နယ်စပ်ဂိတ်များ ၊ကုန်သွယ်ရေးနှင့် ထောက်ပို့လမ်းကြောင်းများကို ပိုပို ထိန်းချုပ်လာနိုင်ခြင်းနှင့် ငွေဝင်လမ်းကြောင်းများ ပိုပို ရရှိလာနိုင်ခြင်းတို့ပါ ဖြစ်သည်။ ထို"ပိုပို"လာသော အချက်များသည် အရေးပါလှသည်။ တစ်ခဏချင်းတွင်ပင် တော်လှန်ရေးတပ်များကို ထိုးစစ်ကြီးများ ဆောင်ရွက်နိုင်သည့် အဆင့်သို့ အရှိန်အဟုန်ဖြင့် ရောက်ရှိသွားနိုင်စေသည်။ ပြီးခဲ့သော ဖြစ်ရပ်အချို့ကဲ့သို့ပင် အောင်ပွဲတစ်ခုဆီတိုင်းသည် တော်လှန်ရေးတပ်ဖွဲ့များလက်တွင်းသို့ အရေးပါသည့် ဗျူဟာမြောက် ပိုင်ဆိုင်မှုများ ထည့်သွင်းပေးခြင်းဖြစ်ပြီး ပိုမိုကြိးမားသော စစ်ရေးရည်မှန်းချက်များကို နှောင်းပိုင်းတွင် ဆောင်ရွက်နိုင်ရန် အရင်းအမြစ်များပေးလိုက်ခြင်းပင် ဖြစ်သည်။
သို့သော် ဤသည်မှာ အာဏာသိမ်းစစ်တပ်ကို မုချလက်ငင်း ပြိုပျက်စေဦးမည် မဟုတ်ပါ။မထင်မှတ်စွာပင် အာဏာသိမ်းစစ်တပ်သည် မြန်မာနိုင်ငံ၏ ကမ်းရိုးတန်း အစိတ်အပိုင်းများနှင့် အလည်ဗဟိုချက်တို့တွင် အချိန်တစ်ခုတိုင်အောင် ဆက်လက်ရှင်သန် ထိန်းချုပ်နေနိုင်သေးသည်သာ ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတွင်း ဒေသများကို သိသိသာသာ လက်လွှတ်ရပြီး ဖြစ်သော်လည်း လူဦးရေ၏ ၆၀ရာခိုင်နှုန်းခန့် နေထိုင်ရာဒေသများကိုမူ ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။ထိုထိန်းချုပ်ဒေသများတွင် မြို့ကြီးများ၊ အုပ်ချုပ်ရေးမြို့တော်နှင့် စီးပွားရေး မြို့တော်အဖြစ် အမှတ်သညာပြုကြသည့် နေပြည်တော်နှင့် ရန်ကုန်မြို့၊ အဓိကလေယာဥ်ကွင်းများနှင့်လေဆိပ်များနှင့် အတူ နိုင်ငံခြားသံရုံးများ ၊ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာ ထုတ်ပေးရေးရုံးများ ၊ ဆက်သွယ်ရေး စခန်းများ၊နှင့် ဗဟိုဘဏ်ကဲ့သို့သော အစိုးရ ဌာနများလည်း ရှိနေသည်။
စစ်ကောင်စီကို ပြိုကွဲရန်နှင့် စစ်အာဏာရှင် စနစ် ကို ဖယ်ရှားရန်ပြီး အဆုံးအဖြတ်နှစ် အဖြစ် သတ်မှတ်ရန် ၂၀၂၄ တွင် အလုပ်များစွာ ပြီးမြောက်ရန် လိုသည်။
အိမ်နီးချင်းနိုင်ငံများနှင့် ASEAN တို့သည် စစ်တပ်နှင့် ပြည်သူ စစ်ပွဲကို ထိုင်ကြည့်နေသည်။
စစ်တပ်ကို အနိုင်တိုက်နိုင်ပြီး အဆုံးသတ်တွင် စစ်တပ်ရှုံးနိမ့်မည်မှာလည်း အသေအချာပင်ဖြစ်သည်။ သို့သော် ပြဿနာရှိနေသည်မှာ မည်သည့် နိုင်ငံတကာ အသိုက်အဝန်းကမျှ စစ်ကောင်စီကို ဖယ်ရှားရန်နှင့် ရှုံးနိမ့်စေရန်ကြိုးပမ်းမှုတို့တွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေမှု မရှိခြင်းပင်ဖြစ်သည်။မည်သည့် အစိုးရ (သို့မဟုတ်) အစိုးရ အဖွဲ့ဝင်များကမျှ အဓိပ္ပာယ်ရှိသော သံတမန်ရေး၊ နိုင်ငံရေး နှင့် ငွေကြေးဆိုင်ရာ ကူညီထောက်ပံ့မှုများဖြင့် ဤ ကြိုးပမ်းမှုကို ပိုမိုကောင်းမွန်စေရန် ပြုလုပ်နေခြင်းမရှိပါ။
အာဏာသိမ်းစကပင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းများနှင့် အာဆီယံတို့သည် အမျိုးမျိုး အဖုံဖုံသော သံတမန် ရေးရာ ဆောင်ရွက်ခြင်းများ ပြုလုပ်ဟန်ဆောင်ခဲ့ကြသည်။ အမှန်တကယ်တွင်မူ သံတမန်ရေးအရ ဖြစ်စေ လူသားချင်းစာနာမှုအရ ဖြစ်စေ အဓိပ္ပာယ်ရှိသော ကြားဝင်ဆောင်ရွက်မှုများကို ရှောင်ရှားခဲ့ပြီး၊ မည်သည့် ဖိအားနှင့်မဆို လွတ်မြောက်အောင် နေခဲ့သည်။ ဘုံသဘော တူညီချက် ငါးရပ်၊ ဟွန်ဆင်၏ ကိုယ့်ဂုဏ်ကိုယ်ဖော်သည့် "ငြိမ်းချမ်းရေး လမ်းစဥ်"၊ အင်ဒိုနီးရှား၏ ကန့်လန်ကာ နောက်ကွယ် တွေ့ဆုံမှုများ ဖြင့် အားလုံးပါဝင်ရေး လမ်းစဥ် များအပြင် မကြာမီကမှ ထိုင်းနိုင်ငံက ပြုလုပ်ခဲ့သည် "လူသားချင်း စာနာထောက်ထားမှု အကူအညီ" များကဲ့သို့ အလုပ်မဖြစ်သည့် ဆောင်ရွက်ချက်များ နောက်ကွယ်တွင်သာ ပုန်းအောင်းပြီး ထိုင်ကြည့်နေခဲ့ကြသည်။
မြန်မာ့အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံသည် စစ်ကောင်စီသည် နှစ်သက်ခြင်းမရှိပါ။ မည်သူမျှလည်း ကြိုက်မည်မဟုတ်ပါ။ အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှု၊ အရည်အချင်းမပြည့်ဝမှု၊ စစ်ရာဇဝတ်မှုများ ထူပြောမှု၊ ထောက်ခံသူမဲ့မှု၊ နှင့် သားရိုင်းသဖွယ် ရက်စက်မှု များကို ၎င်းတို့ မြင်တွေ့နေရသည်။ သို့သော် အာဏာသိမ်း ပထမရက်ကပင် အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံတကာက စစ်ကောင်စီသည် ပြည်သူ့ဆန္ဒထုတ်ဖော်မှုများနှင့် လက်နက်ကိုင် တော်လှန်မှုများကို ဖိနှိပ်မည်မှာ အနှေးနှင့် အမြန်ပင် ဖြစ်ကြောင်း ယုံကြည်ခဲ့ကြသည်။ နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများမှာ ၎င်းတို့၏ သံတမန်ရေး၊ စီးပွားရေး၊ ပထဝီနိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး(သို့) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးများနှင့် စီးပွားရေးဆိုင်ရာများကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် စစ်တပ်၏ ညစ်ပတ်လှသော လုပ်ရပ်များ ပြီးဆုံးပြီး တိုင်းပြည်ကို ထိန်းချုပ်ကာ ပြည်လည်ထူထောင်သည်ထိတိုင်အောင် စောင့်ဆိုင်းနေခဲ့ကြသည်။
သုံးနှစ်တိုင်ကြာပြီးနောက်တွင်မူ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာသည် စစ်တပ်အနေဖြင့် တိုင်းပြည်ကို ပြန်လည် မထိန်းချုပ်နိုင်တော့ကြောင်း သဘောပေါက်လက်ခံလာပြီ ဖြစ်သည်။ယူကရိန်းတွင် ပိုမိုဆိုးရွားသော ပြစ်မှုများကို ကျူးလွန်နေသော ပူတင်၏ရုရှားနိုင်ငံမှ လွဲ၍ မည်သည့်နိုင်ငံကမှ စစ်တပ်၏ မြန်မာပြည်သူများ အပေါ် အောင်နိုင်ရေး အတွက် ကူညီရန် အနေအထားတွင် မရှိတော့ပါ။ ထိုသို့ကူညီခြင်းသည် သွေးဆာလွန်း၊ ဖျက်ဆီးလွန်း၊ ရက်စက်လွန်း ၊ အရှက်မဲ့လွန်းသာ လုပ်ရပ်ဖြစ်ပေလိမ့်မည်။
အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် တရုတ်၊ ထိုင်း ၊ အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့ အနေဖြင့် စစ်ကောင်စီကို အနိုင်ရရှိရေး အတွက် အကူအညီမပေးခြင်းသော်လည်း စစ်ကောင်စီကို ရှုံးနိမ့်သွားစေလိုခြင်းလည်း မရှိပါ။အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံတို့အနေဖြင့် မြန်မာကို စစ်တပ်ကိုအနိုင်ရပြီးနောက် တစ်စုတစ်စည်းတည်းညီညွတ်သော နိုင်ငံဖြစ်လာလိမ့်မည်ဟု မထင်ကြချေ။ စစ်တပ်၏ရှုံးနိမ့်မှု၊ စစ်ကောင်စီ၏ ပြိုကွဲမှုမှသည် မြန်မာတစ်နိုင်ငံလုံး အစိတ်စိတ်အမွှာမွှာ ပြိုကွဲကာ များပြားလှသည့် တိုင်းရင်းသားလူမျိုးစုများကြား ပဋိပက္ခများ၊ မျိုးနွယ်စုလိုက် သုတ်သင်ရှင်းလင်းခြင်းများနှင့် နယ်စပ်ဖြတ်ကျော် ဒုက္ခသည်များဖြသ့် ကျရှုံးနိုင်ငံဖြစ်သွားမည်ကို ထိတ်လန့်နေကြသည်။
ထို့ကြောင့် တရုတ် ၊ ထိုင်း နိုင်ငံနှင့် အာဆီယံတို့သည် အာဏာသိမ်းအဖွဲ့နှင့် ဆန့်ကျင်သူများကြား ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် အခြားသော အကျိုးစီးပွားများကို ကမ်းလှမ်းကာ " ယာယီ အပစ် အခတ် ရပ်စဲခြင်း မှ တစ်ဆင့် ဆွေးနွေးပွဲ စကားဝိုင်းပေါ်သို့ တင်ဆောင်ရန် ဆက်လက် ကြိုးပမ်းနေကြခြင်းဖြစ်သည်။ ထိုသို့သော မည်သည့် ညှိနှိုင်းမှု မဆိုသည် စစ်တပ်နှင့် စစ်ကောင်စီအတွက် ဆက်လက် ရှင်သန်ရေးအတွက် အကူအညီ ဖြစ်ပေလိမ့်မည်။ ထိုသို့ဆောင်ရွက်ခြင်းများသည်လည်း စစ်တပ်သည် နိုင်ငံရေးနှင့် အစိုးရအဖွဲ့တွင် အခန်းကဏ္ဍတစ်ခုတွင် ဆက်လက်ပါဝင်နေပြီး စီးပွားရေးကို လွှမ်းမိုး ချုပ်ကိုင်နိုင်စွမ်းရှိကာ ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခြင်းကို ခံစားနေရပေလိမ့်မည်။
ထိုသို့ မှားယွင်းစွာ စီမံထားသော "အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး" နည်းလမ်းသည် မြန်မာ့ပဋိပက္ခအတွက် အဖြေမှန်ကို ယူဆောင်လာနိုင်မည် မဟုတ်ဘဲ စစ်ကောင်စီကို သက်ဆိုးရှည်စေကာ ပြည်တွင်းစစ်ကို ရှည်ကြာစေပြီး ပြည်သူအများကို ထိခိုက်စေခြင်းသာ တိုးမြင့်လာပေလိမ့်မည်။
စစ်ကောင်စီကို ဆန့်ကျင်သူများအနေဖြင့် စစ်ကောင်စီ၏ပြိုလဲမှု အရှိန်ကို ပိုမိုမြန်ဆန်စေရန် လုပ်ဆောင်ရမည့် လုပ်ငန်းစဥ် သုံးရပ်ရှိသည်။
၁) အာဏာသိမ်းစစ်ကောင်စီကို စဥ်ဆက်မပြတ် ဆက်လက်တော်လှန်နေရန်။
၂) အသွင်ကူးပြောင်းရေးကာလကို စီမံနိုင်မည့် ယုံကြည်စိတ်ချရသော နိုင်ငံရေးဆိုင်ရာ မဟာမိတ်များ စီမံထားရန်။
၃) အိမ်နီးချင်းနှင့် အခြားနိုင်ငံများကို အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်ရှင်သန်ရေးအတွက် အကူအညီမဖြစ်စေရေးအတွက် တိုက်တွန်းရန် တို့ဖြစ်သည်။
မည်သည့်အချက်တစ်ခုကမျှ မလွယ်ကူပါ။ အကောင်းဘက်ကကြည့်လျင်မူ အချက်တိုင်းသည် ထောက်ပံ့ကူညီနေသော နွေဦးတော်လှန်ရေး လှုပ်ရှားသူများ၊ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ နှင့် NUGတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖြစ်မြောက်စေရန် စီမံဆောင်ရွက်နိုင်ပါသည်။
(ဒုတိယပိုင်း ဆက်လက်စောင့်မျှော်ရန်...)