တော်လှန်ရေး၏ လက်ရှိအနေအထားနှင့် ဆက်လက် ချီတက်ရန် နည်းလမ်းတို့ကို သုံးသပ်ခြင်း။ (ဒုတိယပိုင်း - ၂၀၂၄ အတွက် ဆက်လက် ဆောင်ရွက်ရန်)
May 19, 2024 created by Toward 469

၂၀၂၄ အတွက် ဆက်လက် ဆောင်ရွက်ရန်

စစ်ကောင်စီပြိုကွဲရေး၊ စစ်အာဏာရှင်လက်အောက်မှ တိုင်းပြည် လွတ်မြောက်ရေးနှင့် နိုင်ငံ၏ ငြိမ်းချမ်းသော ဖက်ဒရယ် ဒီမိုကရေစီ အနာဂတ်အတွက် တော်လှန်ရေး မဟာမိတ် အင်အားစုများ ၊ နိုင်ငံရေးအင်အားစုများ၊ လက်နက်ကိုင်များနှင့် ပြည်သူများ အနေဖြင့် ဖော်ပြပါ အရေးကြီးအချက် များကို အာရုံထားသင့်ပါသည်။

၁) တစ်လှိုင်းပြီး တစ်လှိုင်း 

ဗျူဟာကျကျ ပြင်ဆင်ထားသော ထိုးစစ်များဖြင့် တစ်ခုပြီး တစ်ခု တိုက်စစ်ဆင်ခြင်းသည် နယ်မြေပိုင်စိုးမှုပိုမိုရရှိနိုင်မည် ဖြစ်ပြီး ပို၍ အရေးကြီးသည်မှာ ဝင်ငွေရလမ်းများ၊ နယ်စပ်ဖြတ်ကျော်ဂိတ်များ၊ အရေးပါသော  ထောက်ပံ့ရေးနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကဲ့သို့သော ဗျူဟာမြောက်ဒေသများကို သိမ်းယူနိုင်မည်ဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီဘက်မှ တိုက်ပွဲဝင်သူများ အတွက် တစ်သွေးတစ်သံ တစ်မိန့် ဖြင့် စစ်တပ် တစ်ခုသာရှိသည်။  သို့သော် တော်လှန်ရေး တပ်ဖွဲ့များဘက်တွင်မူ ပိုမိုကြီးမားသော စစ်ဆင်ရေးများအတွက် အလှည့်ကျ တာဝန်ယူခြင်းမျိုး  ရှိနိုင်သည်။ EROs နှင့် PDF များ ပူးပေါင်းစစ်ကြောင်း တစ်ခု နှစ်ခုသည် တိုင်းပြည်၏ အစိတ်အပိုင်းများတွင် ထိုးစစ်ဆင်နေစဥ် အခြားသော ပူးပေါင်းစစ်ကြောင်းများက ၎င်းတို့၏ ထိုးစစ်အတွက် တပ်ဖွဲ့ဝင်များ စုစည်းရန် ၊ ထောက်ပံ့ရန် နှင့် ပြင်ဆင်ရန်တို့အတွက် အနားယူနိုင်သည်။ သို့မဟုတ် အောင်မြင်သော ထိုးစစ်များပြီးနောက် အင်အားကို ပြန်လည်စုစည်းရန် ရရှိထားသော အရင်းအမြစ်များကို စနစ်တကျ ကာကွယ်နိုင်ရန်နှင့် ဒဏ်ရာရ စစ်သည်များကို ကုသရန်နှင့် တပ်ဖွဲ့ဝင်များအနားယူနိုင်ရန် တို့အတွက်လည်း ခေတ္တခဏ ရပ်နားနိုင်သည်။

၂) ပျားပေါင်းများစွာ တုပ်သည့်ပမာ

နေ့စဥ်နေ့တိုင်းပင် ပျားရာပေါင်းများစွာက တိရစ္ဆာန် အကောင်ကြီးကို ဝိုင်းဝန်းတုပ်သကဲ့သို့ သော နည်းဗျူဟာဖြင့် နိုင်ငံတဝှမ်းရှိ စစ်ကောင်စီတပ်သားများနှင့် ကင်းစခန်းများကို ညှာတာမှုမရှိ တိုက်ခိုက်ကာ ထိခိုက်စေရမည်။ ဤသည်မှာ စစ်တပ်၏ အင်အားကို တစ်စတစ်စ ထိပါးစေကာ စစ်ကောင်စီတပ်သားများနှင့် ထောက်ခံသူများအတွက် စိမ့်ဝင်ကြောက်ရွံ့နေစေလိမ့်မည်။

၃) အထူးစစ်ဆင်ရေးများ

လက်နက်နှင့်ခဲယမ်းစက်ရုံများ ၊ လက်နက်ဂိုထောင်များ၊ လေဆိပ်နှင့် ဆိပ်ကမ်းများ၊ လေယာဥ်ဆီ သိုလှောင်ရုံများကဲ့သို့ အရေးပါသော စစ်ရေးဆိုင်ရာ ပစ်မှတ်များနှင့်  အရေးပါသော စစ်ဘက်အရာရှိကြီးများ၊ စစ်ဘက်ဆိုင်ရာ ရုံးများနှင့် ပွဲများကဲ့သို့  စိတ်ဓာတ် စစ်ဆင်ရေးအတွက် သက်ရောက်မှုကြီးမားသော ပစ်မှတ်များကို အရေးကြီးပစ်မှတ်များအဖြစ် သတ်မှတ် တိုက်ခိုက်ရမည်။ နယ်မြေတစ်စိတ်တစ်ပိုင်းကို လွတ်မြောက်စေနိုင်သည့် ကောင်းစွာပြင်ဆင်ထားသော ထိုးစစ်များနှင့် စစ်ကောင်စီအတွက် အမှတ်သညာ အားဖြင့် ဖြစ်စေ တန်ဖိုးအားဖြင့် ဖြစ်စေ ကြီးမားသော ပစ်မှတ်များကို ရုတ်တရက် တိုက်ခိုက်ခြင်း တို့ကို ပေါင်းစပ်ခြင်းအားဖြင့် စစ်ကောင်စီကို ကိုယ်စိတ် နှစ်ပါးစလုံး တတိတိ ဖိအားပေးနိုင်ကာ အနှေးနှင့် အမြန် ပြင်းထန်သော သက်ရောက်မှု ရှိစေနိုင်မည် ဖြစ်သည်။

၄) ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ခြင်း

အာဏာသိမ်းအဖွဲ့အတွက် ငွေကြေး အမြောက်အများ ကုန်ကျစေနိုင်သော သို့မဟုတ် ပြန်လည် ဆောင်ရွက်ရန် မဖြစ်နိုင်သော ရေကြောင်းခရီးစဥ်များ၊ မီးရထားနှင့် ကားလမ်းများကို လည်း အမြဲမပြတ် ဂရုထားရမည်။ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီအတွက် ထောက်ပံ့ရေးလမ်းကြောင်းတွင် အားနည်းချက်များသော နေရာကို ဖြတ်တောက်နိုင်ရန် ဆက်လက် ဖြတ်တောက်ထားရမည်။ ဤ ဗျူဟာမြောက် ပစ်မှတ်နေရာသည် လက်နက်နှင့် ခဲယမ်း ထုတ်လုပ်ရေး ကုန်ကြမ်းများနှင့် လေယာဥ်ဆီများ သယ်ယူပို့ဆောင်ရေးယာဥ်များကို ပစ်မှတ်ထားနိုင်ရန်လည်း စဥ်ဆက်မပြတ် လေ့လာထားရမည်။

၅) စိတ်ဓာတ်စစ်ဆင်ရေး နှင့် သတင်းအချက်အလက် စစ်မျက်နှာ

စစ်ကောင်စီသည် ရှုံးနိမ့်နေကာ နောက်ဆုံးတွင်အရှုံးပေးရမည်သာ ဖြစ်သည်။ တော်လှန်ရေးတပ်ပေါင်းစုသည် စစ်ပွဲများကို နိုင်နေကာ ဆက်လက်အောင်ပွဲခံလိမ့်မည်။ နစ်မြုတ်တော့မည် ဖြစ်သော သင်္ဘော( စစ်ကောင်စီ) ကို စွန့်ခွာကြတော့။ ဆိုသည့် သတင်းစကားများကို စစ်ကောင်စီထောက်ခံသူများနှင့် နိုင်ငံတကာထံ ပစ်မှတ်ထားကာ အောင်မြင်မှုတိုင်းကို စိတ်ဓာတ်စစ်ဆင်ရေးနှင့် သတင်းအချက်အလက် စစ်မျက်နှာ ထိုးစစ်အဖြစ် အသုံးပြုရမည်။

၆) ဝင်ငွေရလမ်းများကို ဖြတ်တောက်ကြ

အာဏာသိမ်းအဖွဲ့အတွက် အရေးပါသည့် စီးပွားရေး ပိုင်ဆိုင်မှုများကို အသုံးမပြုခြင်း ဖျက်ဆီးခြင်းအစရှိသည့် နည်းလမ်းများကိုရှာဖွေရမည်။ ဆန်ရှင်သည် ပွဲသိမ်း အဖြေမဟုတ်ပါ။ အိမ်နီးချင်း နိုင်ငံများ၏ ထိလွယ်ရှလွယ်သော အရာများကိုပါ ထည့်သွင်းစဥ်းစားပြီး ထုတ်လုပ်ရေး (သို့မဟုတ်) ဖြန့်ဝေရေး နေရာများကို ပါ ဖျက်ဆီးနိုင်ရန် နည်းလမ်းများကို ပိုမိုရှာဖွေသင့်သည်။

၇) လူသစ် စုဆောင်းမှုကို တားဆီးခြင်း

တန်ဖိုးကြီးကြီး ပေးဆပ်ရစေခြင်းဖြင့် လူသစ်များဖြင့် တပ်ဖွဲ့များကို အင်အားဖြည့်တင်းရန် စစ်တပ်၏ ကြိုးပမ်းမှုကို အရှိန်ကျစေလိမ့်မည်။

၈) အိမ်နီးချင်းနိုင်ငံများ၏ ကြားဝင်မှုကို ထိန်းညှိပါ

NUG နှင့် K3C နိုင်ငံခြားရေး ဌာနများ၏ စနစ်တကျ ပူးပေါင်းမှုက တစ်ဖက်၊ ပြည်သူ့အဖွဲ့များ၊ NGOများနှင့် သပိတ်ကော်မတီများကတစ်ဖက်ဖြင့်  အားလုံးပါဝင်ရေး စကားဝိုင်းများ၊  အပစ်ရပ် ညှိနှိုင်းရေး ကြိုးပမ်းချက် များဖြင့် စစ်တပ်ကို အသက်ရှင်ခွင့်ပေးမည့် မည်သည့် ပြည်ပ အားထုတ်မှုမဆို ကို ထိန်းညှိရမည်။ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်တပ်နှင့် ညှိနှိုင်းရန် ငြင်းဆိုနေခြင်း မဟုတ်ဘဲ စစ်တပ်အနေဖြင့် အရပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များကို တိုက်ခိုက်နေခြင်းအပေါ် တစ်ဖက်သတ် စတင် အပစ်ရပ်ပြီး  ဘုံသဘောတူညီချက် သုံးရပ် ဖြစ်သော  အနာဂတ်နိုင်ငံရေးတွင် စစ်တပ် ပါဝင်မှုမရှိစေရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံသစ် ရေးဆွဲရေးနှင့်  အသွင်ပြောင်းကာလ တရားရေးဆိုင်ရာ ကိစ္စရပ်များမှတစ်ဆင့်  ဝာာဝန်ခံမှု ရှိစေရေး တို့ကို  လိုက်နာရန် အသင့်ဖြစ်မှသာ ညှိနှိုင်းမှုများ ဖြစ်ပေါ်နိုင်မည်ဟူ၍ ယေဘုယျ သတ်မှတ်ထားနိုင်သည်။

၉) ပြင်ပအကူအညီများ၏ ဖြန့်ဝေမှုအချိုးကို ပြောင်းလဲပါ

အသားကျနေသည့် စနစ်အရှုပ်အထွေးများနှင့်  မြန်မာပြည်တွင်း အကူအညီအလိုအပ်ဆုံးသောပြည်သူများ၏ လိုအပ်ချက်ကို ဆောင်ရွက်ရန် ပျက်ကွက်နေသည့် UN အေဂျင်စီများကြောင့် နိုင်ငံတကာ အကူအညီများ မြန်မာပြည်သို့စီးဆင်းမှု အချိုးကို ပြောင်းလဲရန် မှာ ကျိန်းသေလိုအပ်ပါသည်။ စစ်ကောင်စီလက်အောက်ဓားစာခံသဖွယ် ဖြစ်နေသော ပြည်သူများနှင့် ရန်ကုန်အခြေစိုက်ပြည်သူများအတွက် UN အေဂျင်စီများ INGOများမှ တစ်ဆင့် အကူအညီများ၏ ၅၀-၄၀% ကိုဆက်လက်ဖြန့်ဝေနိုင်ပါသည်။ သို့သော် နိုင်ငံတကာအကူအညီများ၏ ၆၀-၅၀ % ကိုမူ NUG နှင့် EROများ၏ ပြည်သူ့ဝန်ဆောင်မှု ဌာနများနှင့် ဒေသခံ ပြည်သူ့ဝန်ဆောင်ရေးအဖွဲ့များ ဘာသာရေးအသင်းအဖွဲ့များမှ တစ်ဆင့် စီးဆင်းစေသင့်သည်။ 

၁၀) တော်လှန်ရေး ရံပုံငွေ

တော်လှန်ရေးအတွက် ရံပုံငွေ စုဆောင်းခြင်းကို မည်သည့် အချိန်တွင်မျှ မရပ်နားသင့်ပါ။ စစ်တိုက်ရန် ငွေလိုသည်။ နိုင်ငံတကာ အလှုရှင်များအနေဖြင့် လွတ်မြောက်ဒေသများတွင် အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းအချို့ဆောင်ရွက်ရန်နှင့်  လူသားချင်းစာနာထောက်ထားမှု အကူအညီများအတွက် ဖြန့်ဝေ့ထောက်ပံ့ပေးကောင်းပေးလိမ့်မည် ဖြစ်သော်လည်း လွတ်မြောက်ရေးနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ငွေကြေးထောက်ပံ့ကူညီပေးလိမ့်မည် မဟုတ်ပါ။ ဒေသတွင်းမှ ဝင်ငွေရလမ်းများ၊ ပြည်ပရောက်နိုင်ငံသားများ၏ ထောက်ပံ့ငွေများ၊ ပြည်တွင်းမှ ထောက်ပံ့ငွေများဖြင့်သာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် စီမံဆောင်ရွက်ရမည် ဖြစ်သည်။

၁၁) ယုံကြည်ရသော နိုင်ငံရေး မဟာမိတ်

အသွင်ကူးပြောင်းရေးကာလ လုပ်ငန်းစဥ်များကို မည်သို့ စီမံဆောင်ရွက်မည်နှင့် ပတ်သတ်သော နည်းလည်များအတွက် သိသာမြင်သာသော နိုင်ငံရေးသဘောတူညီချက်များ ပြုလုပ်ပြီး ဖန်တီးနိုင်သည်။ ယုံကြည်ရသော နိုင်ငံရေးမဟာမိတ်များကို အမြဲရှာဖွေနေရမည်၊

၁၂) နိုင်ငံရေးမျှခြေများအားလုံးဖြင့် ပူးပေါင်းဆောင်ရွက်ရမည်

အဖွဲ့တွင်း နိုင်ငံရေးဆိုင်ရာ ဆွေးနွေးချက်များတွင် တရားသေခေါင်းမာခြင်းများမပြုရပါ။ ပြဿနာရှာတတ်သူများကို ရှင်းထုတ်ပါ။ ထိန်းချုပ်ပိုင်ခွင့်အတွက် ယှဥ်ပြိုင်ခြင်းများ မပြုပါနှင့်။ နိုင်ငံရေး မျှခြေ၊ အလျော့အတင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ကြိုတင်ပြင်ဆင်ထားပါ။ (နွေဦးတော်လှန်ရေးလှုပ်ရှားသူများ၏ ခေါင်းဆောင်နိုင်စွမ်း ၊ ရဲရင့်မှုနှင့် သူရဲကောင်းဆန်မှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၏ ဆယ်စုနှစ်များစွာ ကြိုးပမ်းလာမှု၊ ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသော တရားဝင်မှု) အစရှိသည့် မတူညီသော ရင်းမြစ်များမှ တရားဝင် အသိအမှတ်ပြုမှု (legitimacy) များရှိသည်ကို အသိအမှတ်ပြု လေးစားရမည်။ အနိမ့်ဆုံးသတ်မှတ်ချက်ဖြင့် သဘောတူညီချက်များ၊ ဘုံလေးစားလိုက်နာမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ဖြင့် ရှေ့ဆက်ကာ အောင်ပွဲများ အတူတကွ ရရှိနိုင်ပေးလိမ့်မည်။

၁၃) ယုန်များအားလုံးကို ဖမ်းရန် မကြိုးစားပါနှင့် (အရာအားလုံး တစ်ပြိုင်တည်းအောင်မြင်ရန် မလုပ်ဆောင်ပါနှင့်)

တောင်းဆိုမှုများစွာကို ကျားကုတ်ကျားခဲဆောင်ရွက်ရင်း မနိုင်ဝန်ထမ်းခြင်းမျိုး မဖြစ်ပါစေနှင့်။ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင် စနစ်ကို ဖယ်ရှားရေး၊ လွတ်လပ်ရေး၊ လုံခြုံရေး၊ ဖက်ဒရယ်ရေး၊ ဒီမိုကရေစီနှင့် အခြေခံ အခွင့်အရေးများကို အဓိကထားခြင်းဖြင့် အရေးတကြီး လိုအပ်နေသည့် အခြေခံကိစ္စရပ်များကို မထိခိုက်စေဘဲ နိုင်ငံရေးနှင့် ပြည်သူ့အရေးတက်ကြွလှုပ်ရှားသူများမှ တဆင့် တခြားသော ကိစ္စရပ်များကို ရည်ညွှန်းဖော်ဆောင်နိုင်သည်။သို့သော် တရားမျှတမှု၊ တန်းတူညီမျှမှု၊ ဒီမိုကရေစီ၊ လစ်ဘရယ်၊ အားလုံးပါဝင်မှု၊ အလျှော့အတင်းများနှင့် မြန်မာ့အနာဂတ်အရေးတို့ကို ကာကွယ်ရန်နှင့် လုံခြုံစိတ်ချရစေရန်တို့အတွက် စကားဝိုင်းနှင့် ပညာပေးအစီအစဥ် ထောင်ပေါင်းများစွာရှိရမည်။

၁၄) အင်တာနက် တပ်မတော်

သတင်းအချက်အလက်စစ်မျက်နှာနှင့် ပိုမိုထိရောက်သော စိတ်ဓာတ်စစ်ဆင်ရေးတို့အတွက် အင်တာနက်တပ်မတော်ကို ဖွဲ့စည်းတည်ဆောက်ရမည်။

၁၅) အဖွဲ့လိုက်ခေါင်းဆောင်မှုနှင့် ကဏ္ဍအစုံမှ လူထုလှုံ့ဆော်ပွဲများဆက်တိုက်ဆောင်ရွက်ခြင်းကို လေ့ကျင့်ထားရမည်။