တောင်ကိုရီးယားပြည်သူများနဲ့ လွှတ်တော်အမတ်များက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ သမ္မတ ယွန်းဆွတ်ယောလ် ကြေညာခဲ့တဲ့ စစ်အုပ်ချုပ်ရေးကို (၆) နာရီအတွင်း ပယ်ပျက်အောင် ဆန့်ကျင်ခဲ့ပြီး ၎င်းတို့ရဲ့ ဒီမိုကရေစီအင်စတီကျူးရှင် အင်အားကောင်းမွန်မှုကို ပြသနိုင်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ အာဏာရှင်စနစ်အဖြစ် နောက်ပြန်ဆုတ်သွားနိုင်တဲ့ အခြေအနေဖြစ်ခဲ့ပေမယ့်လည်း သမိုင်းသင်ခန်းစာတွေကို နောကျေအောင်လေ့လာပြီးရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကြောင့် ဒီမိုကရေစီအတွက် အောင်မြင်မှုတရပ် ဖြစ်လာခဲ့တယ်ဆိုတာလည်း မမှားပါဘူး။
အစိုးရနဲ့ အတိုက်အခံကြား ပဋိပက္ခ
ဒီဇင်ဘာလ (၃) ရက် တောင်ကိုရီးယားစံတော်ချိန် ည (၉) နာရီမှာ တီဗီရုပ်သံလိုင်းကနေတဆင့် သမ္မတယွန်းဟာ အတိုက်အခံများရဲ့ "နိုင်ငံတော်ဆန့်ကျင်ရေးလုပ်ရပ်များနဲ့ မြောက်ကိုရီးယားနဲ့ပူးပေါင်းကြံစည်ဆောင်ရွက်မှုများကို နှိမ်နင်းရန်" လို့ဆိုကာ စစ်အုပ်ချုပ်ရေးကို ရုတ်တရက် စတင်ကြေညာခဲ့တာဖြစ်ပါတယ်။ တကယ်တော့ သမ္မတယွန်းရဲ့ ရှေးရိုးစွဲဝါဒပါတီဖြစ်တဲ့ ပြည်သူ့အင်အားပါတီ (PPP) နဲ့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ (DPK) တို့အကြားမှာ လွှတ်တော်အတွင်း တင်းမာမှုများက ပြီးခဲ့တဲ့ လပေါင်းများစွာ ကတည်းက မြင့်တက်လာခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီဘက်က အစိုးရဟာ အာဏာဗဟိုချုပ်ကိုင်မှု ပိုမိုများပြားလာပြီးတော့ ဒီမိုကရေစီစံနှုန်းတွေကို ထိခိုက်စေတယ်ဆိုပြီး သမ္မတယွန်းဦးဆောင်တဲ့ အစိုးရအဖွဲ့ကို စွပ်စွဲထားတာတွေရှိပြီး အစိုးရဘက်ကနေလည်း အတိုက်အခံတွေဟာ အစိုးရလုပ်ငန်းတွေကို ဟန့်တား၊ ဖျက်ဆီးခြင်းများ ပြုလုပ်နေတယ်ဆိုပြီး အပြန်အလှန်စွပ်စွဲ ပြစ်တင်လာကြတာပါ။
တောင်ကိုရီးယားပါလီမန်ထဲမှာတော့ ပြည်သူများက ရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရက်တစ်ပါတီက နေရာအများစုရရှိထားတာဖြစ်ပါတယ်။ ဒါကြောင့် သမ္မတယွန်းရဲ့ PPP ပါတီက တင်သွင်းတဲ့အဆိုတွေကို မဲအများစုနဲ့ ပယ်ချနိုင်တဲ့ အခွင့်အရေးလည်း ရှိနေတာပါ။ ပြဿနာကိုပိုဆိုးလာစေတဲ့ အကြောင်းအရင်းတခုကတော့ အစိုးရဘက်ကတင်သွင်းလာတဲ့ နောက်နှစ်အတွက် အစိုးရဘက်ဂျက်အသုံးစရိတ်ကို အတိုက်အခံပါတီက လွှတ်တော်မှာ သဘောမတူပဲ အကြိမ်ကြိမ်ပယ်ချတဲ့ ဖြစ်ရပ်ကြောင့် တင်းမာမှုတွေ ပိုမိုများပြားလာတာလည်း ဖြစ်ပါတယ်။
သမ္မတယွန်းရဲ့ စစ်အုပ်ချုပ်ရေးကြေညာချက်နဲ့ မာရှယ်လော
စစ်အုပ်ချုပ်ရေးကြေညာချက်အရ အရပ်ဘက်အဖွဲ့အစည်းတွေအပေါ် စစ်တပ် ဘက်က ထိန်းချုပ်မှုကို ခွင့်ပြုပေးခဲ့ပြီး လွှတ်တော်ခေါ်ယူတာအပါအဝင် နိုင်ငံရေးလှုပ်ရှားမှုများကို တားမြစ်ခဲ့ပါတယ်။ ကနဦးမှာ တောင်ကိုရီးယားစစ်တပ်က သမ္မတရဲ့အမိန့်ကို လိုက်နာဆောင်ရွက်ခဲ့ပြီး ညမထွက်ရအမိန့်ချမှတ်တာတွေ၊ လွှတ်တော်ရှေ့က ပြည်သူလူထုနဲ့ စတင်းထောက်တွေရဲ့ စုဝေးမှုတွေကို မျက်ရည်ယိုဗုံးသုံးပြီး ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် တင့်ကားတွေလည်း လမ်းတွေပေါ်တက်လာပြီး လွှတ်တော်ဘက်ကို ဦးတည်ချီတက်ခဲ့ပါသေးတယ်။
စစ်တပ်တွေရဲ့နည်းလမ်းအတိုင်း လွှတ်တော်မကျင်းပနိုင်ဖို့အတွက် အဆောက်အဦးမှန်တံခါးကို ဖျက်ပြီးဝင်ဖို့ တောင်ကိုရီးယားစစ်သားတွေ ကြိုးစားခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း လွှတ်တော်ဝန်ထမ်းတွေက စစ်သားတွေ မဝင်နိုငိအောင် ခုခံခဲ့ကြတာပါ။ အတိုက်အခံပါတီခေါင်းဆောင်ရဲ့ မေတ္တာရပ်ခံချက်နဲ့အတူ ပြည်သူလူထုကြီးကလည်း လွှတ်တော်ရှေ့မှာ စုဝေးလာခဲ့ကြပါတယ်။ စစ်တပ်ရဲ့ကြိုးပမ်းမှုကို လူထုရဲ့အင်အားနဲ့ ပြန်လည်တုန့်ပြန်နိုင်ခဲ့ကြတဲ့ ကျွန်တော်တို့ မရနိုင်တဲ့ ဘဝတွေပါ။
ဒီလိုနဲ့ပဲ လွှတ်တော်ရှေ့မှာ စုဝေးနေတဲ့ ပြည်သူလူထုက လွှတ်တော်အမတ်တွေကို ပါလီမန်ထဲ ဝင်လို့ရအောင် ပြုလုပ်ခဲ့ပြီး ညတွင်းချင်းပဲ အရေးပေါ်လွှတ်တော်ခေါ်ယူကာ သမ္မတရဲ့ စစ်အုပ်ချုပ်ရေးကို ပယ်ချဖို့ မဲပေးနိုင်ခဲ့ကြပါတော့တယ်။ လွှတ်တော်အမတ် ၃၀၀ ရှိတဲ့အနက် ၁၉၀ ဟာ တက်ရောက်လာခဲ့ကြပြီး သမ္မတယွန်းရဲ့ အမိန့်ကိုပယ်ချဖို့အတွက် ၁၉၀ စလုံး ကန့်ကွက်သူမရှိ မဲပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ လွှတ်တော်ဥက္ကဋ္ဌ ဝူဝွန်းရှစ်ကနေပြီးတော့ သမ္မတရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ဖျက်လိုက်ကြောင်း တရားဝင်ကြေညာလိုက်ပါတော့တယ်။
အဲဒီနောက်မှာတော့ စစ်တပ်ခေါင်းဆောင်က လွှတ်တော်ရဲ့ မဲရလဒ်အရ စစ်အုပ်ချုပ်ရေးကို အကောင်အထည်ဖော်ခြင်းကနေ နောက်ဆုတ်မယ်လို့ ကြေညာခဲ့ပြီး လွှတ်တော်အဆောက်အဦးကို ဝိုင်းထားတဲ့ စစ်သားတွေကိုလည်း ဆုတ်ခွာစေခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် စစ်တပ်အနေနဲ့ နိုင်ငံအုပ်ချုပ်သူ သမ္မတရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တိုင်းကို အပြည့်အဝလိုက်လျောဖို့ ဆန္ဒမရှိဘူးလို့ အချက်ပြလိုက်တာလည်းဖြစ်ပြီးတော့ တောင်ကိုရီးယားနိုင်ငံအနေနဲ့လည်း အာဏာရှင်ဆန်တဲ့ ဆောင်ရွက်ချက်တွေအပေါ် ဒီမိုကရက်တစ်အင်စတီကျူးရှင်းရဲ့ တန်ပြန်တုန့်ပြန်မှု တိုးတက်လာတာကိုလည်း စိတ်ဝင်စားဖွယ်တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာ ခေတ်စားနေတဲ့ စစ်အာဏာသိမ်းမှု Trend ကို ဒီမိုကရက်တစ်အင်အားနဲ့ ဖြိုဖျက်ပြနိုင်ခဲ့တဲ့ သမိုင်းမှတ်တမ်းတခုဖြစ်လာတာဆိုလည်း မမှားပါဘူး။
နောက်တရက် ဒီဇင်ဘာလ ၄ ရက်နေ့မှာတော့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်ယွန်ဟွမ်က စစ်အုပ်ချူပ်ရေးကြေညာမှုအတွက် အပြည့်အဝတာဝန်ယူမှာဖြစ်တယ်လို့ လူထုကိုတောင်းပန်ခဲ့ပြီး ရာထူးကနေလည်း နုတ်ထွက်စာတင်ခဲ့ပါတယ်။ ရုတ်တရက်စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတ ယွန်းဆော့ယိုကိုလည်း အတိုက်အခံပါတီ ခြောက်ခုက လွှတ်တော်မှာ စွပ်စွဲပြစ်တင်ဖို့ ပြင်ဆင်နေပြီး ဒီဇင်ဘာ ၅ ရက်လွှတ်တော်အစည်းအဝေးမှာ တင်ပြသွားမှာဖြစ်သလို ဒီဇင်ဘာ ၆ ရက် သို့မဟုတ် ဒီဇင်ဘာ ၇ ရက်နေ့မှာတော့ သမ္မတကို အရေးယူဖို့ မဲခွဲဆုံးဖြတ်ကြတော့မှာပါ။
တောင်ကိုရီးယားရဲ့ စစ်အုပ်ချုပ်ရေးဆန့်ကျင်မှု သမိုင်း
အခုအစစအရာရာတိုးတက်နေတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့သမိုင်းမှာလည်း စစ်အုပ်ချူပ်ရေးက အဓိကအခန်းကဏ္ဍမှာရှိနေပါတယ်။ ကိုရီးယားစစ်ပွဲအပြီးမှာ ပါ့ခ်ချွန်ဟီးနဲ့ ချွန်ဒူးဟွန်းတို့လို အာဏာရှင်ခေါင်းဆောင်များဟာ စစ်တပ်ထောက်ခံတဲ့ အစိုးရတွေကနေတစ်ဆင့် အာဏာရယူထားခဲ့တာပါ။ ၁၉၈၀ ပြည့်နှစ် ဂွမ်ဂျူးအရေးတော်ပုံလိုမျိုး ပြည်သူတွေကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းမှုတွေ၊ ဒီမိုကရေစီလိုလားသူ တက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာ အစိုးရတပ်ဖွဲ့များရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတာတွေ စတဲ့ သာဓကဖြစ်ရပ်မှန်တွေကို တောင်ကိုရီးယားနိုင်ငံနဲ့ ပြည်သူလူထုက မျက်မြင်ကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုကြမ်းတမ်းရက်စက်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့ စစ်အုပ်ချုပ်ရေးကို ပြည်သူတွေက စဉ်ဆက်မပြတ် ခုခံတွန်းလှန်ခဲ့ရာကနေ ၁၉၈၇ ခုနှစ်အရောက်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နိုင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံဟာလည်း လွယ်လပ်ပြီး တိုးတက်တဲ့ ဒီမိုကရေစီစနစ် ကူးပြောင်းခဲ့တာ ဖြစ်ပါတယ်။
အခု ဖြစ်သွားတဲ့ ဖြစ်ရပ်ဟာ ကိုရီးယားပြည်သူတွေရဲ့ စိတ်ထဲ အတိတ်ကာလတိုက်ပွဲတွေကို ပြန်လည်အမှတ်ရစေခဲ့ပါတယ်။ အတိတ်က အာဏာရှင်စနစ်ရဲ့ လက်ကိုင်တုတ်အဖြစ် ဆောင်ရွက်ခဲ့တဲ့ စစ်တပ်ဟာလည်း ယနေ့ခေတ်မှာတော့ ဒီမိုကရေစီစနစ်ရဲ့ ထိန်းချုပ်မှုရှိနေကြောင်း ပြသခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီတိုးတက်မှုကိုလည်း ထင်ဟပ်စေခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ခြင်း
မြန်မာနိုင်ငံဟာလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က အာဏာသိမ်းယူထားတဲ့ နိုင်ငံပါ။ တောင်ကိုရီးယားဖြစ်ရပ်နဲ့ ဖြစ်ရပ်ချင်းတူပေမယ့်လည်း ကွာခြားချက်ကတော့ များစွာ ကြီးမားနေပါတယ်။ မြန်မာနိုင်ငံမှာ လူသတ်လက်နက်ကိုင်ထားတဲ့စစ်တပ်က အာဏာအရှိဆုံး အင်အားစုအဖြစ် ဆက်လက်တည်ရှိနေပြီး ကွဲလွဲဆန့်ကျင်မှုတွေကိုလည်း ရက်စက်တဲ့နည်းလမ်းတဲ့ နှိမ်နင်းကြတာပါ။ ဒီမိုကရေစီမဆိုထားနဲ့ ပြည်သူကနေဆင်းသက်တဲ့ အာဏာကို လျစ်လျူရှုပြီး ကိုယ့်ပြည်သူပြန်သတ်တဲ့ အုပ်ချုပ်သူအနေနဲ့ လွှမ်းမိုးလျက်ရှိပါတယ်။ နိုင်ငံတကာရဲ့ ဝေဖန်မှုများကိုလည်း လျစ်လျူရှုထားတယ်။ အရပ်သားထောင်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး နိုင်ငံဟာ အကြမ်းဖက်ပဋိပက္ခများကြား နစ်မွန်းလျက်ရှိနေပါတယ်။
တောင်ကိုရီးယားမှာက ပြည်သူတွေ၊ အဖွဲ့အစည်းတွေ၊ နောက်ဆုံး စစ်တပ်ကပင် ဒီမိုကရေစီစံနှုန်းတွေကို ထိန်းသိမ်းခဲ့ကြပြီး တာဝန်ယူမှု တာဝန်ခံမှုအသီးသီးကို ပြသခဲ့ကြပါတယ်။ ဒီဖြစ်ရပ်များကနေ ဒီမိုကရေစီဟာ သတိရှိမှု၊ ရဲရင့်မှုနှင့် စည်းလုံးညီညွတ်မှုတို့ လိုအပ်ကြောင်း ကမ္ဘာကို သတိပေးလိုက်ခြင်းပါပဲ။ တောင်ကိုရီးယားပြည်သူများ၊ လွှတ်တော်အမတ်များအပြင် စစ်တပ်ကပင် ဒီမိုကရေစီဘက်မှာ ရပ်တည်ဖို့ ရွေးချယ်ခဲ့ကြပြီး အကျပ်အတည်းကာလများရှိနေပါစေ ပြည်သူ့စွမ်းအားဟာ အောင်မြင်နိုင်ကြောင်း သက်သေပြနိုင်ခဲ့ကြပါတယ်။ စစ်အုပ်ချုပ်ရေးကို တွန်းလှန်ခဲ့ပြီး ဒီမိုကရေစီအခြေခံမူများက အာဏာရှင်ဆန်မှုများကို မည်သို့ကျော်လွှားနိုင်ကြောင်း စံပြဥပမာတခု တောင်ကိုရီးယားပြည်သူများက ချမှတ်ပေးခဲ့ကြပါတယ်။ ဤသည်မှာ ၎င်းတို့ရဲ့ အနာဂတ်အတွက်သာမက အလားတူ စိန်ခေါ်မှုများကို ရင်ဆိုင်နေရတဲ့ အခြားနိုင်ငံများအတွက်ပါ သင်ခန်းစာများ ပေးအပ်လျက်ရှိကြောင်း သိမြင်ရပါတော့တယ်။
နိုင်ငံတော်သစ်ဆီသို့ မျှော်ရည်၍