တစ်မိသားစုလုံးသည် အကျဥ်းထောင်တွင်း ကျရောက်ခဲ့ရသည်။
လူချောလူလှ သားကြီး သြရသကို အုပ်ချုပ်သူ ဟု ကိုယ့်ကိုကိုယ် သမုတ်ထားသည့် လက်နက်ကိုင်တပ်များက ဖမ်းဆီးကာချုပ်နှောင်ပြီး သေဒဏ် ချမှတ်ထားသည်။ အကိုကြီး အဖမ်းခံရပြီးနောက် ညီနှင့် ညီမကိုလည်း ဖမ်းဆီးကာ ထောင်ဒဏ် (၉) နှစ်နှင့် (၇)နှစ်စီ ချမှတ်ခဲ့သည်။ ထိုသို့သော အာဇာနည် ကလေးငယ်များကို မွေးဖွားသောကြောင့် ဟုဆိုကာ နိုင်ငံရေး အကြောင်း မသိရှိ နားမလည်သော မိဘ နှစ်ပါး ကိုပါ ဖမ်းဆီးပြီး ထောင်ဒဏ် (၅) နှစ်စီချမှတ်ခဲ့ပြန်သည်။ ညီငယ် တစ်ဦးကိုလည်း ရှစ်လ မျှ ချုပ်နှောင်ထားပြန်သည်။ အိမ်ထောင်စုဝင် ဆယ်ဦး ရှိသော မိသားစု ကို လူမမယ် ကလေးငယ် လေးဦးသာ ချန်ရစ်ကာ သေဒဏ်ချမှတ်ခြင်း၊ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခြင်းနှင့် ချုပ်နှောင်ခြင်းတို့ကို လက်နက် အပြည့်အစုံ တပ်ဆင်ထားသော စစ်တပ်၏ ကျောထောက်နောက်ခံ ပြုခြင်းကို ရရှိထားသူများက ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
သားကြီးသည် မိခင်ကို အကျဥ်းထောင်တွင်း တွေ့မြင်ရချိန် မျက်ရည်ကျခဲ့ရသလို မိခင်မှာလည်း တခဏခြင်း မူးမေ့လဲကျသွားသည်။ သူ့ကို နှိပ်စက် လိုက နှိပ်စက်နိုင်သည်၊ သတ်လိုက သတ်နိုင်သည် ၊ မိဘမျာကိုမူ ထောင်မှ လွှတ်ပေးပါရန် သားတစ်ယောက်၏ တောင်းဆိုချက်များသည် ပုံပြင် ဝတ္ထု ရုပ်ရှင် မဟုတ်။ အမှန်တကယ် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်သာ ဖြစ်သည်။
ထို အချိန်က အသက် ၂၅ နှစ်မျှသာ ရှိသေးသော ထိုလူငယ်သည် လူမှန်းသိတတ်စမှ သေဆုံးသည့်တိုင် လူပီသစွာ ရှင်သန်သွားခဲ့သည်။ ကျောင်းသားတစ်ယောက်ကို ပင်လျင် မိမိတို့၏ ရပ်တည်ချက်ကို ထိခိုက်လာပါက တရားရေးမဏ္ဍိုင် ကို အကာအကွယ်ပြု လက်နက်သဖွယ် အသုံးချကာ ပျောက်ကွယ်သွားအောင် ပြုမူတတ်သော စစ် အာဏာရှင် ၏ ဓလေ့ စရိုက်ကိုပါ အသက်နဲ့ရင်းကာပြသခဲ့သူ ဖြစ်သည်။
ချင်းအမျိုးသားတစ်ဦးဖြစ်သော သူ၏ နိုင်ငံရေးဘဝ ဖြတ်သန်းမှုသည် ဖမ်းဆီးချုပ်နှောင်ခံရခြင်းနှင့် မစိမ်းပါ။
သူ့အတွက်တော့ နိုင်ငံရေး ဆောင်ရွက်ခြင်းဆိုသည် ထက် လူသားဆန်မှုကို အခြေတည်ကာ ပြုမူဆောင်ရွက်ခဲ့ခြင်းများသာ ဖြစ်သည်။ မြေအောက် ကျောင်းသားလှုပ်ရှား မှုများ လုပ်စဥ် ကာလ အိမ်ပြန်နောက်ကျသော သားအတွက် မိခင် မျက်ရည်ဝဲစဥ် ကာလကပင် “ တခြားမိခင်တွေ သားအတွက် မျက်ရည် ကျရခြင်းမရှိစေတဲ့ လူ့အဖွဲ့အစည်းကို ထူထောင်ဖို့ ကြိုးစားနေတာမို့ မငိုပါနဲံ အမေရယ်” ဆိုသော စကားဖြင့် မိခင် ကို မျက်ရည်သုတ်ပေးခဲ့သူဖြစ်သည်။
တိုင်းရင်းသားလူမျိုးစု တစ်စု ဖြစ်သော “ချင်း” အမျိုးသားအဖြစ် မွေးဖွားလာသူ “ဆလိုင်းတင်မောင်ဦး”သည် မိမိ ၏ လူမျိုးကို ဂုဏ်ယူစွာ ချစ်မြတ်နိုးတတ်သူဖြစ်သည်။၁၉၇၄ ခုနှစ် ရန်ကုန် တက္ကသိုလ် ချင်းစာပေနှင့် ယဥ်ကျေးမှု ကော်မတီတွင် အထွေထွေအတွင်းရေးမှု အဖြစ် တင်မြှောက်ခြင်း ခံရသည်။ ပြန့်ကျဲနေသော ချင်းမျိုးနွယ်စုများစည်းလုံးရေးအတွက် ချင်းအမျိုးသားများ၏ နာမည်ရှေ့တွင် ဆလိုင်း ၊ ချင်းအမျိုးသမီးများ၏ နာမည်ရှေ့တွင် မိုင်ဟူ၍ လည်းကောင်း ခေါ်ဝေါ်သုံးစွဲစေရန် အဆိုတင်သွင်းခဲ့ပြီး အတည်ပြုခံခဲ့ရသည်။
ထိုအချက်က သူသည် စည်းလုံးညီညွတ်ရေးကို အလေးထားသူဖြစ်ကြောင်း ပေါ်လွင်နေသည်။ သူသည် ချင်းအမျိုးသားသီးသန့် လွတ်မြောက်ရေးတိုက်ပွဲ ဝင်သူမဟုတ်။ ပြည်ထောင်စုတွင်းရှိ လူမျိုးအားလုံးတန်းတူ ညီမျှရေးတိုက်ပွဲဝင်သူဖြစ်သည်။တိုင်းရင်းသားများ အားလုံး ကိုချစ်မြတ်နိုးသူ ဖြစ်သည်။ သူမျော်လင့်ထားသောနိုင်ငံတော်မှာ လူမျိုးနွယ် တစ်ခုစီအလိုက်ခွဲခြားဆက်ဆံခြင်းကင်းမဲ့သည့် ဖက်ဒရယ် ပြည်ထောင်စု စနစ်သာ ဖြစ်သည်။
၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းကာလ။
မိခင်က စိုးရိမ်စိတ်နှင့် တားမြစ်ခဲ့သော်လည်း မည်သူမျှ မပေးအပ်သော တာဝန် အတွက် ဦးသန့်၏ နာရေးကို သွားရောက်ဂါရဝ ပြုခဲ့သည်။သို့သော် ဦးသန့်၏ စျာပနကို မလေးမစားပြုမူ ဆောင်ရွက်ချက်များကို မကျေနပ်ဖြစ်ရာမှ ကျောင်းသားအုပ်စု၏ အလယ်တွင် မတ်တပ်ရပ်ကာ မိန့်ခွန်းများ စတင်ပြောခဲ့သည် အထိဖြစ်ခဲ့သည်။ အမှန်တရားအတွက် တိုက်ပွဲဝင်ရဲသူ၊ လူဂုဏ်သိက္ခာကို တန်ဖိုးထားသူ ထိုသူကို လူအများက ယုံကြည် ကိုးစားစိတ်ဖြင့် ထိုသူဟောသည့် တရားတို့ကို နားထောင်ခဲ့ကြသည်။ထိုစဥ် ကစစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းကို ပြင်းထန်စွာ ဝေဖန်ရင်း အပြစ်ပုံချခဲ့သည်။
ထိုသည်မှာလည်း ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့က အပြစ်မဲ့ကျောင်းသားကျောင်းသူ များကို အစိုးရက သတ်ဖြတ်ပြီးနောက်ပိုင်းတွင် ကျောင်းသားတစ်ဦး၏ အများပြည်သူရှေ့မှောက် တွင် အာဏာရှင် စနစ်ကို ပထမဆုံး စိန်ခေါ်ပြခြင်းဖြစ်သည်။ ၂၃ နှစ်အရွယ် ကျောင်းသား တစ်ဦး၊ နိုင်ငံရေးမျိုးဆက်မရှိသော ကျောင်းသား တစ်ဦး၏ အသံကို မြန်မာပြည်သူ အပေါင်းက တလေးတစားနားထောင်ခဲ့ကြသည်။
ဦးသန့်အရေးအခင်းပြီးနောက် ဆလိုင်းတင်မောင်ဦးဟူသော အမည်သည် အာဏာရှင် လက်ပါးစေတို့ ဦးစားပေးရှာဖွေသော အမည်ဖြစ်လာသည်။ ဦးသန့် အရေးအခင်းနှင့် ပတ်သက်သော မည်သူကို မဆို ဖမ်းဆီးစစ်ကြောသည်။ လူမဆန်စွာ နှိပ်စက်သည်၊
အရေးအခင်းအပြီး နှစ်လကျော် အကြာ အသည်းအသန်ရှာဖွေခြင်းမရှိတော့ချိန်တွင် ထိုင်း မြန်မာ နယ်စပ်ရှိ ပါလီမန် ဒီမိုကရေစီ ပါတီ (ပီဒီပီ) သို့ရောက်ရှိအောင်သွားရောက်နိုင်ခဲ့သည်။ သို့သော် လက်နက်ကိုင်လှုပ်ရှားမှုသည် အကြမ်းမဖက် မြေအောက်လှုပ်ရှားမှုကို သာ ပိုမို ပြုလုပ်ခဲ့သည်။
၁၉၇၅ ခုနှစ် မေလ အလယ်ပိုင်းလောက်တွင် ဆလိုင်းတင်မောင်ဦးသည် မြန်မာပြည်တွင်းပြန်လည်ဝင်ရောက်ကာ ဇွန်လ ၆ ရက်နေ့၌ ရန်ကုန် တက္ကသိုလ် သမိုင်းကောလိပ်၌ ပင် ကျောင်းသားကျောင်းသူ များစွာကို မိန့်ခွန်းပြောကြားပြခဲ့သည်။
ထိုသို့ လူထုလှုပ်ရှားမှုများ ပြုလုပ်ပြသဖြင့် စစ်ထောက်လှမ်းရေးသည်ပင် ဇွန်လ ၁၅ ရက်နေ့၌ ရေဒီယိုနှင့် သတင်းစာများတွင် အလိုရှိကြောင်း ထည့်သွင်းကြေညာလိုက်သည်။ထိုအချိန်က သတ်မှတ်နေကျ ဖြစ်သော ဆန့်ကျင်သူမှန်သမျှ ဗကပ အဖြစ်သတ်မှတ်သကဲ့သို့ ဆလိုင်းတင်မောင်ဦးကိုလည်း ဗကပ ၏ ကိုယ်စားလှယ် အဖြစ် စွပ်စွဲ ပြောဆိုခဲ့သည်။
၁၉၇၆ ခုနှစ် မတ်လ။
နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေး သမား သခင်ကိုယ်တော်မှိုင်း ရာပြည့်အခမ်းအနား ပြုလုပ်ရန် ပြင်ဆင်နေချိန်ဖြစ်သည်။သို့သော်ပြုလုပ်ခွင့် မရ ဟူသော စစ်အစိုးရ၏ စကားအောက်တွင် ကြိုးပမ်းသမျှ ပျောက်ကွယ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် မတ်လ ၂၃ ရက်နေ့တွင်ပြုလုပ်မည့် ဆန္ဒပြပွဲနှင့် ဆက်စပ် ကာ ဆလိုင်းတင်မောင်ဦးကို ဖမ်းဆီးနိုင်ရေးပါ အကွက်ချခဲ့သည်။မိသားစုကို ဖမ်းဆီးကာ ဆလိုင်းတင်မောင်ဦးကို ဖမ်းဆီးနိုင်ရန် ကြံရွယ်ခဲ့ခြင်းဖြစ်သည်။ထိုသို့ဖြစ်လျင် မတ်လ ၂၂ ရက်နေ့ ၌ စစ်ထောက်လှမ်းရေး သတင်းပေး ကျောင်းသားတစ်ဦး၏ လက်ချက်ဖြင့် ဆလိုင်းတင်မောင်ဦးကို ဖမ်းဆီးခဲ့သည်။
အကျဥ်းထောင်တွင်း တွင်လည်း ဖိနှိပ်မှု အစုံစုံကို ဆန့်ကျင်ပြခဲ့သည်။
အင်းစိန်ထောင် အမှောင်တိုက် နံပတ် ၁ တွင် ဖမ်းဆီးချုပ်နှောင်ပြီး စစ်ခုံရုံးတင်ကာ သေဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ အယူခံ ဝင် ပြင်ဆင်ချက်ဖြင့် ပြစ်ဒဏ်လျော့ပေးမည် ဖြစ်ကြောင်းသိသော်လည်း စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး ဟူ၍ သာ တုန့်ပြန့်ခဲ့ပြီး ကြိုးပေးသတ်ဖြတ်ခံရချိန်ထိ ထိုစကားကိုသာ ဆိုခဲ့သည်။
အာဏာရှင် အဆက်ဆက်သည် သက်ရှိ ထင်ရှားရှိသော လူကို ဖျောက်ဖျက်ခြင်းဖြင့် တော်လှန် သတ္တိပျောက်ပျက်သွားလိမ့်မည်ဟု ခေတ် အဆက်ဆက် ယူဆခဲ့ကြသည်။ သို့သော် တော်လှန်စိတ်ဓာတ်အမြုတေဟူသည် ကြိုးပေးကာ ဖျောက်ဖျက်၍ ရမည်မဟုတ်ပါ။ ခေတ် အဆက်ဆက် တော်လှန်သူ ပြည်သူ တို့နှင့် အတူ တော်လှန်ရေး ဝိညာဥ်သည် ဆက်လက် ကာ ရှင်သန် နေမည်သာ ဖြစ်သည်။ စစ်ဖိနပ်အောက်မှ ပြည်သူတို့နှင့် အတူ ထိုတော်လှန်ဝိညာဥ်သည် ရုံးကန်ရင်းဖြင့်သာ ချီတက်နေပါလိမ့်မည်။