စစ်ကောင်စီက ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလထဲမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၎င်းတို့သဘောနဲ့ ပြဌာန်းခဲ့ပြီးနောက် ပထမဆုံး အပတ်စဉ်(၁)ကို ဥပဒေပြဌာန်းအပြီး ၁လကျော်အကြာ ဧပြီလ ပထမအပတ်ထဲမှာ တက်သုတ်ရိုက်ခေါ်ဆောင်ခဲ့ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ ပြည်သူလူထုကြားထဲမှာ အကြီးအကျယ်ဂယက်ရိုက်ခဲ့ပြီး စစ်ကောင်စီထိန်းချုပ်ထားရာမြို့နယ်များရှိ ကျေးရွာ၊ ရပ်ကွက်များတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၏ ကမကထပြုမှုဖြင့် စစ်မှုထမ်းမဲနှိုက်ပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
စစ်မှုထမ်းမဲပေါက်၍ ကိုယ့်ကိုကိုယ်သတ်သေ
စစ်မှုထမ်းမဲကို မိမိတို့သားသမီးကိုယ်စား မိဘများကနှိုက်ပေးကြရပြီး မဲပေါက်သွား၍ သတိလစ်သွားသော အမေများလည်း ရှိခဲ့သလို စစ်မှုထမ်းမဲပေါက်သောကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားသူ
လူငယ်များ နှင့် မိဘတချို့ရှိခဲ့ပြီး တိုင်းဒေသကြီးအချို့မှာ စုစုပေါင်း ၅ ဦးအထိ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
လူငယ်များအစုလိုက်အပြုံလိုက် နိုင်ငံခြားကိုထွက်ခွာ
စစ်မှုမထမ်းလိုကြတဲ့ လူငယ်တွေဟာ နိုင်ငံရပ်ခြားသို့ အစုလိုက်အပြုံလိုက်ထွက်ခွာနေကြတာကြောင့် မေလ ပထမအပတ်အတွင်း စစ်ကောင်စီက နိုင်ငံခြားသို့ ယောက်ျားလေးများကို သွားရောက်အလုပ်လုပ်ကိုင်ခွင့် ပိတ်လိုက်သည်အထိ လုပ်ဆောင်ခဲ့ရပြီး အိမ်နီးချင်းထိုင်းနိုင်ငံကလည်း ၎င်းတို့ဆီကို မြန်မာလူငယ်များ အစုလိုက်အပြုံလိုက်တရားမ၀င် ၀င်ရောက်လာမှုများကို သတိကြီးကြီးထား စောင့်ကြည့်ကိုင်တွယ်ဖြေရှင်းနေပါတယ်။
အခုဆိုရင် ထိုင်းနိုင်ငံကနေ Language school နဲ့ နေထိုင်ခွင့် visaတစ်ခုဖြစ်တဲ့ Educational Language ED visa ကို ယောက်ျားလေးများအတွက် မထုတ်ပေးတော့ဘူးလို့ ကန့်သတ်လာတယ်ဆိုတဲ့ သတင်းတွေပျံ့နှံ့လာနေပါတယ်။ ဒါတွေဟာ အိမ်နီးချင်းနိုင်ငံကနေ မြန်မာလူငယ်တွေအမြောက်အမြား ခိုလှုံနေထိုင်ခြင်းအပေါ် ကန့်သတ်မှုတွေများလာတာဖြစ်ပြီး မြန်မာလူငယ်ထုရဲ့ အကြပ်အတည်းက ပိုပြီး ကြီးမားလာပါတယ်။
EROs များ နှင့် တော်လှန်ရေးတပ်များထံကိုလည်းလူငယ်အများအပြားခိုလှုံလာ
BPLA/KNDF/SAF အစရှိသောတော်လှန်ရေးတပ်များထံ စစ်မှုထမ်းဥပဒေကို တိမ်းရှောင်လာသော လူငယ်အများအပြား၀င်ရောက်လာကြပြီး ဧပြီလ နောက်ဆုံးအပတ်အတွင်း အခြေခံစစ်သင်တန်းဆင်းပွဲများ အသီးသီးပြုလုပ်ခဲ့ကြပြီး KNDF တပ်တွင် လူငယ် ၅၀၀ ကျော် စစ်သင်တန်းဆင်းခဲ့ကြပါတယ်။
အလားတူ လွတ်မြောက်နယ်မြေဒေသတွမှာ ခိုလှုံလာကြတဲ့ မိသားစုဝင်တွေ၊ လူငယ်တွေအများအပြားရှိလာနေပြီး လူငယ်တွေဟာ စစ်မှုထမ်း ဥပဒေကို တုံ့ပြန်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားလာကြပါတယ်။
စစ်မှုထမ်းဥပဒေ နဲ့အတူပေါ်ပေါက်လာသော အကျင့်ပျက်ခြစားမှု
စစ်မှုထမ်းဥပဒေကို ရရာနည်းလမ်းနဲ့ တွန်းလှန်ဖြေရှင်းနေကြသူများရှိသလို အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်းဖို့ စုဆောင်းခံရသူတွေလည်း ရှိနေပါတယ်၊ ဒီအပေါ်မှာ စစ်တပ်ထောက်ခံသူတွေ၊ စစ်တပ်ထောက်တိုင်တွေဟာ နည်းအမျိုးမျိုးနဲ့ အမြတ်ထုတ်လာကြပါတယ်။
စစ်မှုထမ်းမဲမပေါက်တဲ့ အိမ်ထောင်စုများက မဲပေါက်သွားတဲ့ အိမ်ထောင်စုကို ထောက်ပံ့ရမယ်လို့ သတ်မှတ်ပြီး တစ်အိမ်ထောင်ကို ငွေကြေးဘယ်လောက်ဟု သတ်မှတ်၍ လိုက်လံကောက်ခံသော ဖြစ်စဉ်များဖြစ်ပွားခဲ့သလို ငွေကြေးတတ်နိုင်တဲ့ မိသားစုတွေက အုပ်ချုပ်ရေးမှူးနှင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို လာဘ်ထိုးပြီး ၎င်းတို့သားသမီးများ စာရင်းမပါစေရန် လုပ်ဆောင်မှုများ၊ စစ်မှုထမ်းစာရင်းမပါစေချင်ရင် ငွေကြေးဘလောက်ဟု ပေါက်ဈေးတခုသတ်မှတ်လုပ်ဆောင်နေခြင်းများ အောက်ခြေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေပါတယ်။
စစ်မှုထမ်းဥပဒေကိုအကာအကွယ်ပြု၍ တရားလက်လွတ်ဖမ်းဆီးပြီး စစ်ထဲဆွဲသွင်း
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အကာအကွယ်ယူပြီး ရန်ကုန်တိုင်းအပါအ၀င် ၎င်းတို့ထိန်းချုပ်ထားရာဒေသများအတွင်းရှိ လူငယ်အများအပြားကို စိတ်မထင်ရင်မထင်သလို ဖမ်းဆီးပြီး စစ်တပ်ထဲ အတင်းအဓမ္မဆွဲခေါ်နေကြပါတယ်။ မထင်ရင် မထင်သလို ဖမ်းဆီးနေကြပြီး မကွေးတိုင်း၊ ပဲခူးတိုင်း ကြို့ပင်ကောက်နဲ့ ရေဦးမြို့တို့မှာ စစ်တပ်က နေ့ခင်းကြောင်တောင် မြို့ပေါ်အထိ လူငယ်လူရွယ်များကို ၀င်ရောက်ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ပို့ဆောင်ဖို့ လုပ်ဆောင်လျက်ရှိနေတယ်လို့ သိရှိရပါတယ်။
စစ်တပ်က “အကို”မတွေ့ရင် ညီကို ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေအထိလုပ်လာပြီး အသက်မပြည့်သေးသည့် ၁၅ နှစ်အရွယ်လူငယ်အချို့ပါ စစ်တပ်ထဲ အတင်းအဓမ္မဆွဲသွင်းခံနေရတယ်လို့ လည်း သိရှိရပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းခေါ်ဆောင်သော ဖြစ်စဉ်အချို့တွင် လူငယ်များ တိမ်းရှောင်မသွားစေရန်အတွက် လိမ်လည်လှည့်ဖျားသောနည်းလမ်း၊ အလစ်အငိုက်ခေါ်ဆောင်သောနည်းလမ်းများကို သုံးစွဲလေ့ရှိပြီး စစ်မှုထမ်းစာရင်းပါသူများကို ဆေးစစ်မည်ဟု လိမ်လည်ခေါ်ဆောင်ကာ အိမ်ပြန်မပို့တော့ဘဲ စစ်တပ်ထဲထိ ခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်အများအပြားလည်း ရှိနေပါတယ်။
စစ်မှုထမ်းဆောင်ချိန်အတွင်း မိမိရပ်ရွာ အတွင်းမှာပဲ နေရာ ပြန်ချမှာဖြစ်တယ်လို့ စစ်တပ်က ကြေညာထားခဲ့ပေမယ့် တကယ့်မြေပြင်မှာတော့ အောင်ဇေယျစစ်ကြောင်းကဲ့သို့သော ရှေ့တန်းထိုးစစ်တွင်ပါ စစ်မှုထမ်းပထမအပတ်စဉ်က သင်တန်းသားများပါ၀င်နေပါတယ်။ အလားတူ ရက္ခိုင့်တပ်တော်နဲ့ အပြင်းအထန် စစ်ဖြစ်ပွားနေတဲ့ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေဒေသတွေမှာလည်း စစ်ကောင်စီက ရိုဟင်ဂျာ လူမျိုးများနေထိုင်ရာ ရွာများအတွင်း၀င်ရောက်၍ ရိုဟင်ဂျာ လူငယ်လူရွယ်များကို ဖမ်းဆီး စစ်သင်တန်းပေးကာ ရှေ့တန်းသို့ ပို့ဆောင်နေပါတယ်။
ဧပြီလ ၃၀ရက်နေ့မှာ မန္တလေး PDFက စစ်ကောင်စီရဲ့ တတက-၁၃ တပ်ကိုတိုက်ခိုက်သိမ်းပိုက်ရာမှာလည်း လူသစ်စုဆောင်းခံရသူတွေအများ အပြားပါဝင်ခဲ့တယ်လို့ တိုက်ပွဲသတင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
စစ်မှုထမ်းသင်တန်းအတွင်း လူသေဆုံးမှု
စစ်မှုထမ်း အပတ်စဉ် (၁) သင်တန်းကာလ ပထမအပတ်ထဲမှာတင် စစ်မှုထမ်းမဲပေါက်၍ ခေါ်ဆောင်ခံရသူ တစ်ဦးသေဆုံးခဲ့သည်။ စစ်မှုထမ်းဥပဒေအကြောင်းပြ ဖမ်းဆီးသွားပြီး သေဆုံးမှ အလောင်းပြန်ပို့ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူမှာ အသက် ၂၇ နှစ်အရွယ် ကိုကိုလတ် ခေါ် အမာနွတ်လာ(အစ္စလာမ်ဘာသာ၀င်)ဖြစ်ပြီး စစ်သင်တန်းတက်ရန် ခေါ်ဆောင်ခံရပြီး ၄ ရက်အကြာ မင်္ဂလာဒုံ ကုတင် ၁၀၀၀ စစ်ဆေးရုံမှာ သေဆုံးသွားပြီ ဖြစ်ကြောင်း မိသားစုကို အကြောင်းကြားခဲ့တာပဲ ဖြစ်ပါတယ်။ သေဆုံးသွားပြီဖြစ်ကြောင်း အကြောင်းကြားခဲ့စဉ်မှာ ခန္ဓာကိုယ်မှာ ညိုမည်းဒဏ်ရာတွေရှိခဲ့တယ်လို့ သိရှိရပါတယ်။ တိုက်ကြီး ဒေသခံ တစ်ဦး ဖြစ်တဲ့ အမာနွတ်လာဟာ အရက်သောက်တတ်ပေမယ့် ကျန်းမာရေးကောင်းမွန်သူတစ်ဦးဖြစ်ပါတယ်၊ စစ်ဆေးရုံမှာ အရက်ဖြတ်ပေးတယ်လို့ သတင်းကြားသိရပြီးနောက်မှာ မိသားစုဝင်တွေက တွေ့ဆုံဖို့ ကြိုးပမ်းခဲ့ကြပေမယ့် စစ်စည်းကမ်းကြောင့်လို့ ဆိုပြီး တွေ့ခွင့်မပေးခဲ့ပါဘူး။ ကျပန်းအလုပ်သမားတစ်ဦး ဖြစ်တဲ့ ကိုအမာနွတ်လာ မှာ ၄နှစ်အရွယ်သားလေးတစ်ဦး၊၃လအရွယ်သားလေး တစ်ဦးနဲ့ဇနီးဖြစ်သူတို့ ကျန်ရစ်နေခဲ့ပါတယ်။ စစ်မှုထမ်းဥပဒေကြောင့် အဓမ္မစုဆောင်း မခံရခင်အထိ ကျန်းမာရေးကောင်းမွန်သူဖြစ်တဲ့ အမာနွတ်လာ သေဆုံးရခြင်းက စစ်တပ်ကြောင့်ဖြစ်တယ် လို့ နီးစပ်သူတွေက ပြောဆိုခဲ့ကြပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းတွေကနေ စစ်မှုထမ်းဥပဒေအပေါ် ဘယ်လို တုံ့ပြန်ဆောင်ရွက်နေလဲ။
စစ်မှုထမ်းဥပဒေကို စစ်တပ်က ဖေဖော်ဝါရီ ၁၀ရက်နေ့မှာ စတင်ထုတ်ပြန်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၃ရက်နေ့မှာ စစ်ကောင်စီဟာ နိုင်ငံအာဏာကို မတရားရယူထားတဲ့အဖွဲ့အစည်း ဖြစ်တဲ့အတွက် ဥပဒေပြဌာန်းခွင့်၊ အာဏာတည်ခြင်း ဆောင်ရွက်ရန် အခွင့်အာဏာမရှိကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၄ရက်မှာ စစ်မှုထမ်း ဥပဒေအပေါ်ပူးပေါင်းဆောင်ရွက်နေခြင်းကို တားမြစ်မိန့်ထုတ်ပြန်ကြောင်းနဲ့ အပြစ်ပေးအရေးယူမှာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားခဲ့သလို မတရားစုဆောင်းခံထား ရသူတွေကို အကူအညီတောင်းနိုင်ဖို့ ရည်ရွယ်ပြီး မတ်လ ၃၀ရက်နေ့မှာ ပြည်သူ့ရေးရာဝန်ဆောင်မှုအစီအစဉ်တစ်ခုကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
EAOsတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊တကသများ-ရန်ကုန်/ကျောင်းသားလက်ရုံးတပ်တော်၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ အပါအဝင် အခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေဟာ စစ်မှုထမ်းဥပဒေထုတ်ပြန်အပြီးမှာ စစ်မှုထမ်းဥပဒေကို တုံ့ပြန်ဆောင်ရွက်တဲ့အနေနဲ့ စစ်ကောင်စီထံမှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေအတွက် သင်တန်းသားအသစ်ခေါ်ယူတာ၊ လွတ်မြောက်နယ်မြေမှာ ခိုလှုံနေရာချထားရေးအတွက် ကူညီဆောင်ရွက်ပေးနေကြပါတယ်။
စစ်မှုထမ်းဥပဒေကို ဆက်တိုက်အကောင်အထည်ဖော်လာတဲ့ စစ်ကောင်စီတပ်
စစ်မှုထမ်းဥပဒေ ထုတ်ပြန်အပြီး တစ်လအကြာမှာ အပတ်စဉ်(၁)ကို နယ်မြေအရပ်ရပ်မှာ စတင်ခေါ်ယူ သင်တန်းပေးခဲ့တဲ့ စစ်တပ်ဟာ ဧပြီလက စတင်လို့ စစ်မှုထမ်းဥပဒေ အပတ်စဉ်(၂)ဖော်ဆောင်ဖို့အတွက် စာရင်းကောက်ယူတာမျိုး၊ မြို့ပေါ်မှာ လမ်းသွားလမ်းလာတွေပါမကျန်မထင်ရင် မထင်သလို ဥပဒေမဲ့ ဖမ်းဆီးတာမျိုး။ ပဲခူးတိုင်းမှာဆိုရင်လည်း အိမ်တိုင်ရာအရောက် စစ်မှုထမ်းဥပဒေအကြောင်းပြ ဖမ်းဆီးပြီး ပေါ်တာဆွဲတာမျိုးတွေ လုပ်လာနေတယ်လို့ သတင်းပေးပို့ချက်တွေအရသိရှိရပါတယ်။
ဒီဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် စစ်မှုထမ်းဥပဒေ စတင်ထုတ်ပြန်တဲ့ ဖေဖော်ဝါရီလ (၁၀)ရက်နေ့က စလို့ (၃)လကျော်ကာလအတွင်း စစ်တပ်က စစ်မှုထမ်းဥပဒေနဲ့ ဆက်စပ်ပြီး အကောင်အထည်ဖော်လာတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ထင်ထင်ရှားရှားတွေ့နိုင်မှာဖြစ်ပါတယ်၊ စစ်မှုထမ်းဥပဒေဟာ စစ်တပ်ကို တရားဝင် ဖမ်းဆီးခွင့်၊ ပေါ်တာဆွဲခွင့်၊ပေးလိုက်တဲ့ လက်မှတ်တစ်ခုလည်း ဖြစ်နေပါတယ်။ စစ်မှုထမ်းဥပဒေကို အမြဲတမ်း သတိထား စောင့်ကြည့်ဖို့လိုအပ်ပြီး တုံ့ပြန်ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို အစီအစဉ်ချမှတ်ရေးဆွဲထားဖို့ လိုပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ကြရပါမယ်။ စစ်မှုထမ်းဥပဒေနဲ့ ဆက်စပ်ပြီး သတင်းတွေကို အမြဲနားစွင့်နေဖို့ လိုအပ်ပြီး တော်လှန်အသိ၊ တော်လှန်သတိ အမြဲရှိနေကြဖို့ လိုပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။