“စက်တင်ဘာမှာပြိုတဲ့ ရွှေဝါရောင်မိုး”
(၁)
နှစ်တွေကြာခဲ့ပေမဲ့ အဖြစ်အပျက်တို့ကို တသက်မမေ့။
စက်တင်ဘာ မိုးစက်များကြားက ဆုတောင်းသံတွေက ဘယ်အချိန်ဘယ်လောက်ကြာကြာ ပျောက်ပြယ်လို့မသွားခဲ့။
ရွှေဝါရောင်နှင့် တကယ်ကံစပ်ခဲ့တယ်။ အဲဒီနေ့က အရေးပေါ်ကိစ္စဖုန်းဝင်လာလို့ ယုဇနကနေ မြို့ထဲထွက်လာဖြစ်တယ်။ မဟာဗန္ဓုလဂုံးတံတားဆင်းတော့ စွေနေတဲ့မိုး တိတ်သွားတယ်။ စီးလာတဲ့ ချက်ပလက်ဗိုက်ပူကား မီးပွိုင့်မိနေတုန်းမှာ သံဃာတော်တွေ ဗိုလ်တထောင်ဘုရားဘက်ကို စီတန်းပြီးကြွသွားတာတွေ့လိုက်တယ်။ မေတ္တသုတ်ရွတ်သံတွေကြားကပဲ ကားပေါ်ကဆင်းပြီး သံဃာတော်တွေနောက်ကို အမီလိုက်ရတယ်။ အချိန်ကို သတိထားလိုက်မိတော့ ညနေ၄နာရီထိုးလုလု ဖြစ်နေချိန်ပေါ့။ ရွှေဝါရောင်နေ့ရက်တွေကို ပထဆုံး ကြုံလိုက်ရခြင်းပါပဲ။
အဲဒီနေ့က ၂၀၀၇၊ စက်တင်ဘာ ၁၇ရက်။
(၂)
ညဖက်သတင်းတွေမှာတော့ ရန်ကုန်မှာ သံဃာတွေ မေတ္တသုတ်ရွတ်တဲ့သတင်းပါလာတယ်။ ရွှေတိဂုံဘုရားခြေရင်းမှာ သံဃာတွေစုဝေးပြီးဆူးလေအထိ ကြွတယ်။ ဘုရားပေါ်တက်ခွင့်မပြုဘူး။ ဗိုလ်တထောင်ဘုရားဆီ ဆက်ကြွတော့ လူထုပါ ဝန်းရံလာကြတယ်။ ဗိုလ်တထောင်ဘုရားကိုလည်း ပိတ်ထားကြတယ်။ ဘုရားရှေ့လမ်းမပေါ်မှာပဲ သံဃာတွေစုဝေးကာ မေတ္တာပို့ပြီး လူစုခွဲလိုက်ကြတယ်။
"ဒီပုံစံအတိုင်း ဆိုရင်တော့ မနက်ဖြန်မှာအစိုးရကိုသံဃာတွေ ကံဆောင်ကြဖို့ များနေပြီ မေမေ "
"ဘုန်းကြီးတွေကို ဓာတ်တိုင်မှာ ကြိုးနဲ့ချီပြီးရိုက်တဲ့ အစိုးရကို ဘုရား ပြန်ရိုက်မှာပါသမီး။ သံဃာရော၊ ဒကာပါ အုံကြွမှု ဖြစ်ကိုဖြစ်ရစေမယ်။ "
မိန်းမဖြစ်သူနဲ့ ယောက္ခတို့ ပြောတာကို ငြိမ်ငြိမ်လေး နားထောင်နေရတယ်။ကိုယ်တိုင်ကြုံခဲ့တာတွေကို ပြန်မပြောပြဖြစ်ဘူး။ နောက်ရက်တွေ အိမ်အထွက်ခက်မှာစိုးလို့ပေါ့။
(၃)
စက်တင်ဘာ ၁၈ရက်မှာ ရွှေတိဂုံ ကြေးသွန်ဘုရားဆီ ရောက်အောင်သွားလိုက်တယ်။ ကိုယ်တော်တွေ ဘုန်ကြီးကျောင်းသိမ်ထဲမှာ ပတ္တနိက္ကုဇ္ဇကံ ဆောင်ပြီး ပြန်ထွက်လာတော့ လူတွေလည်း အတော်စုံလုပြီ။ ရွှေတိဂုံပေါ်တက်ခွင့်ရလို့ အောင်မြေနင်ပြီးတာနဲ့ ယုဇနပလာဇာဘက်နေ ဆူးလေဘုရားလမ်းအတိုင်း မြို့လယ်ခေါင်ဆီ လှည့်လည်ခဲ့ကြတယ်။ တာမွေမှာ လူတစုနှောက်ယှက်ဖို့ လုပ်ပေမဲ့ ပြဿနာမဖြစ်ဘဲ ဆူးလေအထိ ရောက်ခဲ့ကြတယ်။
ရန်ကုန်တင်မကဘူး။ မန္တလေး၊ အောင်လံ၊ ပခုက္ကူ၊ ပဲခူးနဲ့ စစ်တွေမြို့တွေမှာလည်း သံဃာတော်တွေ ကံဆောင်ကြသလို စီတန်းလှည့်လည်ပြီး မေတ္တာပို့ကြတယ်။
စက်တင်ဘာ၁၉ရက်မှာလည်း မိုးထဲရေထဲမှာ မေတ္တာပို့သံတွေ ညံခဲ့ကြတယ်။ စီတန်းလှည့်လည်တဲ့ ဦးဇင်းတွေ ကိုရင်တွေက ဖိနပ်မစီးကြဘူး။ သူတို့ခြေလှမ်းတွေ သွက်လွန်းတော့ မီအောင်မနည်းလိုက်ရတယ်။ တချို့ကိုရင် ဦးဇင်းတွေ ကြွက်တက်လို့ ဝိုင်းပြုစုခဲ့ရသေးတယ်။
(၄)
၂ရက်ဆက် လမ်းလျှောက်တဲ့ ဒဏ်ကြောင့်ပဲ စက်တင်ဘာ၂၀ မနက်မှာ တော်တော်နဲ့ အိပ်ရာမထနိုင်ဘူး။ ကိုက်ခဲ နာကျင်နေတယ်။ အိပ်ရာထတော့ မနက်၉နာရီကျော်နေပြီ။ အိမ်ကိုဆွမ်းခံအမြဲကြွတဲ့ ကိုရင်လေးတောင် ကျောင်းကိုပြန်ကြွတော့မယ်။
"ရခိုင်ကိုယ်တော်တွေကတော့ နေ့တိုင်းလိုက်တယ်ပြောတယ်။ ကိုရင်လေးက ငယ်သေးတော့ တခုခုဆို ရှောင်တတ်တိမ်းတတ်မှာ မဟုတ်ဘူး။ လျှောက်လိုက်မနေနဲ့နော်။"
ကိုရင်လေးရဲ့ လိုအပ်တာမှန်သမျှကို ယောက္ခမကြီးက အမြဲထောက်ပံ့တယ်။ လိုလေသေးမရှိစေရဘူး။ ကိုရင်လေးကလည်း ယောက္ခမကြီးကို သံယောဇဉ်ရှိတယ်။ ပဉ္ဇင်းအမ ခံယူမှာဖြစ်ပြီး သာသနာ့ဘောင်မှာ မြဲဖို့ တိုက်တွန်းလေ့ရှိတယ်။ အိမ်အထွက် နောက်ကျလို့ မြို့ထဲကပဲစောင့်တယ်။ မြို့ထဲကို ရောက်မလာဘဲ သင်္ကန်းကျွန်း ကျိုက္ကဆံဘုရားမှာ ပွဲစည်ခဲ့တယ်
အစိုးရကြီးမှူးပြီးလုပ်တဲ့ ဆွမ်းဆန်စိမ်းလောင်းပွဲရှိတာကိုး။ ဆွမ်းဆန်စိမ်းလောင်းပွဲကို အတင်းအကျပ်ခေါ်လို့ လာခဲ့ ရတဲ့ သံဃာတွေလည်း သပိတ်မှောက်ပြီး အလောင်းမခံကြတော့ဘူး။ ပွဲပျက်သွားတယ်လို့ကြားရတယ်။
စက်တင်ဘာ၂၁ရက်မှာတော့ အရင်ရက်တွေကထက် သံဃာရော၊ ဝန်းရံသူတွေပါ များပြားလာတာကို သတိထားမိတယ်။သပိတ်လမ်းကြောင်းကတော့ ငါးထပ်ကြီး ၊ခြောက်ထပ်ကြီးကနေ ဆူးလေအထိပါပဲ။ ညနေ၅နာရီလောက်မှာ ဆူးလေမှာပဲ လူစုခွဲလိုက်ကြတယ်။
"ဒကာကြီး"
ဝင်နေတဲ့အသံရယ်၊ ချွေးသံ ပေရေနေတာကြောင့် ရုတ်တရက် မမှတ်မိဘူး။ ပြီးမှ အိမ်ကိုဆွမ်းခံကြွနေကျ ယောက္ခမ အသည်းစွဲ ကိုရင်လေပါလားလို့ သိလိုက်ရတယ်။
"ဒကာမကြီး ပြန်မပြောနဲ့နော်။ ဒကာမကြီးကအရမ်း စိတ်ပူတတ်လို့ "
ကိုရင်လေးက နှုတ်ပိတ်စကားပြောတယ်။ကိုယ်ကလည်း ကိုရင်လေးကို ပြန်နှုတ်ပိတ်လိုက်ရသေးတယ်။
(၅)
စက်တင်ဘာ ၂၃၊၂၄ နဲ့ ၂၅ရက်တွေရဲ့ ရန်ကုန်မြို့လမ်းတွေ ပေါ်မှာ သံဃာနဲ့ လူထုဟာ လှိုင်းတွေလို တလှိမ့်လှိမ့် တက်နေတယ်။ တကယ်တော့ မြန်မာပြည် အနယ်နယ် အရပ်ရပ်မှာလည်း လူထုနဲ့ သံဃာ ပေါင်းစည်းမိခဲ့ကြတယ်။ တစ်ရက်ထက်တစ်ရက်လပိုပြီးစစ်အစိုးရကို ခြိမ်းခြောက်နိုင်ခဲ့ကြတယ်။ စက်တင်ဘာ၂၅ရက်မှာတော့ မိန်းမလုပ်သူက ရိပ်မိသွားတယ်။ သူ့သူငယ်ချင်းတွေက စစ်တပ်အသိုင်းထဲက ဆိုတော့ ဖြိုခွင်းမှုတွေ လုပ်ဖို့ အစီစဥ် ဆွဲထားကြတယ်လို့တီးတိုးအသိပေပြီး အပြင်ထွက်ခွင့်မပေးတော့ဘူး။ အိမ်မှာရှိတဲ့ စလောင်းကလွှင့်တာကိုပဲ ထိုင်ကြည့်နေဖြစ်တယ်။ dvb ကလည်း ရုပ်သံလွှင့်တယ်။ အယ်လ်ဂျာဇီးယားရုပ်သံကတော့ အဖြစ်ပျက်တွေကို စုံအောင် လွှင့်ထုတ်နိုင်ခဲ့လို့ လူသိပိုများခဲ့တယ်။
သိပ်မကြာပါဘူး။ ရွှေတိဂုံခြေရင်းမှာ ဘုန်းကြီးတွေကို စစ်တပ်နဲ့ လုံးထိန်းတွေက ဝိုင်းရိုက်နေကြပြီဆိုတဲ့သတင်း စကြားရတော့တာပါပဲ။ စလောင်းက လွှင့်တဲ့ ရုပ်သံတွေကလည်း တိုက်ရိုက်ထုတ်လွှင့်ပြနေတယ်။ သံဃာနဲ့လူငယ်တွေ ကို ရိုက်နှက်ဖမ်းဆီးကြတဲ့ မြင်ကွင်းတွေကို ကြည့်ပြီး မိန်းမနဲ့ ယောက္ခတို့ ငိုကြွေးကြတယ်။ သူတို့မှ မဟုတ်ပါဘူး။ မြန်မာပြည်အရပ်ရပ်က ဒီလိုဆို့နင့်ဖွယ်မြင်ကွင်းကို မြင်ရကြားရသူတိုင်း နှလုံးစိတ်ဝမ်း မငြိမ်းချမ်းနိုင်ကြပါဘူး။
(၆)
စက်တင်ဘာ၂၇ရက်မှာတော့ အခွင့်သာတာနဲ့ ဆူးလေကို လစ်ထွက်ခဲ့တယ်။ သံဃာတော်တွေတော့ နည်းသွားတယ်။ လူငယ်တွေများပြီး လုခြုံရေးအဖွဲ့တွေနဲ့ ထိပ်တိုက်တိုးကြတယ်။ ပစ်သံခတ်သံတွေ ၊ မျက်ရည်ဗုံးငွေ့ မွှန်တာတွေကို လွတ်ရှောင်ရှားခဲ့ရတယ်။ အိမ်ပြန်ရောက်တော့ ဆွမ်းခံကြွနေကျ ရခိုင်ဦးဇင်းလေးနဲ့အတူ တခြားဦးဇင်း၂ပါးကိုတွေ့လိုက်ရတယ်။ ဦးဇင်တွေနဲ့ စကားပြောနေရာကနေ သူ့ဆီကိုယောက္ခကြီးလျှောက်လာပြီးပြောတယ်။
"ဦးဇင်း၃ပါးကို ဘုရားခန်းမှာ ယာယီ သီတင်းသုံးခိုင်းထားတယ်။ သူတို့ ရာဇဂြိုလ်ကျောင်းကို စစ်တပ်က ဝင်စီးပြီး လိုက်ဖမ်းနေလို့ ဒီမှာ လာရှောင်နေတာ။"
ညမှောင်တော့ အိမ်ကကြိုးဖုန်းနဲ့ ကျောင်းအခြေအနေကို ဦးဇင်းတွေ စုံစမ်းတယ်။ နောက်ဆုံးတော့ ဦးဇင်းသုံးပါးလုံးစလုံးကျောင်းကို ပြန်ဝင်လို့ မရတော့ဘူးတဲ့ ။ရန်ကုန်နဲ့ နယ်အခြေအနေကို ဖုန်းနဲ့စုံစမ်းရင်းပဲ ဦးဇင်းသုံးပါးကိုဖွက်ထားပေးရကြောင်း ပြောမိလိုက်တယ်။
ည၁၀နာရီကျော်မှာ ဝင်လာတဲ့ ဖုန်းကြောင့် နည်းနည်းတော့လန့်သွားတယ်။ နေဝင်မီငြိမ်းအမိန့်ထုတ်ထားတော့ ဧည့်သည်ဦဇင်းတွေလည်းမျက်စိပျက် မျက်နှာပျက်နဲ့ပေါ့။ စကားပြောခွက်ကိုကောက်ကိုင်လိုက်မှ နိုင်ငံခြား အသံလွှင့်ဋ္ဌာန က အသိတစ်ယောက်ဆက်တာဖြစ်နေတယ်။
ဦးဇင်းတွေနဲ့ အင်တာဗျူးလုပ်ချင်တယ်လို့ ဆိုတယ်။ ဦးဇင်းသုံးပါးကိုလျှောက်ကြည့်လိုက်တော့ လိုလိုလားလား လက်ခံကြတယ်။ အသိသတင်းထောက်နဲ့ ဦဇင်းသုံးပါး အမေးအဖြေလုပ်ကြတယ်။ ၁၀မိနစ်လောက်တော့ ကြာမယ်ထင်တာပဲ။ ဦးဇင်းတွေကလည်းမေးမျှကို အားတက်သရောဖြေတယ်။ နောက်မနက်မှာ အသံလွှင့်ဖြစ်တယ်။
(၇)
ဦးဇင်းသုံးပါး အိမ်မှာ ၄ရက်သီတင်းသုံးသွားတယ်။ ရခိုင်နယ်စပ်မြို့ကနေ ရန်ကုန်စာသင်တိုက်မှာ စာလာသင်ကြတာဆိုတော့ သူတို့ဒေသကို ပြန်ကြွဖို့ပဲရှိတယ်။ လမ်းရိတ်ရော သုံးစွဲဖို့ပါ လှူဒါန်းလိုက်ရတယ်။
ဦးဇင်းသုံးပါးကိစ္စကြောင့်ပဲ ကိုရင်လေးကို အားလုံးက မေ့လျော့နေခဲ့ကြတယ်။ ကိုရင်လေးဆွမ်းခံ မကြွတဲ့ရက်တွေများလာတော့ ယောက္ခမကြီး နေမထိထိုင်မသာဖြစ်လာတယ်။
"ငါ့ကိုရင်လေးဆွမ်းခံမကြွတာ တစ်ပတ်လောက်ရှိပြီ ။ တစ်ခုခုများဖြစ်နေသလား မသိပါဘူး"
တက်ကြွလွန်းတဲ့ ကိုရင်လေးမျက်နှာကို ပြေးမြင်မိပြီး ရိုက်နှက်ဖမ်းဆီးခံရတဲ့အထဲ ပါသွားပြီလားလို့ စိုးရိမ်မိပြန်တယ်။
(၈)
နောက်ဆုံးရတဲ့ ကိုရင်လေးသတင်းကြောင့်ပဲ ယောက္ခမကြီလည်း အရုပ်ကြိုးပြတ်ဖြစ်ပြီး အိပ်ရာထဲ တစ်လကျော် လဲခဲ့ရတယ်။ စစ်တပ်ရဲ့ အဆင်ခြင်မဲ့ ပစ်ခတ်လိုက်တဲ့ကျည်ဆန်ကြောင့်ပဲ စက်တင်ဘာ၂၇ရက်မှာ ကိုရင်လည်းပျံလွန်တော်မူခဲ့တယ်။ဂျပန်သတင်းထောက် အပစ်ခံရတဲ့နေ့နဲ့ တစ်ရက်တည်းပဲပေါ့။
ရခိုင်ပြန်သွားတဲ့ ဦးဇင်းသုံပါးထဲက ၂ပါးမှာ လူထွက်ပြီး တစ်ဖက်နိုင်ငံမှာနေတယ်။ ကျန်တဲ့တစ်ပါးကတော့ စစ်တတောင်းက အမျိုးမကင်းတဲ့ရွာမှာ သီတင်းသုံးတယ်လို့ လအတော်ကြာမှ ဖုန်းဆက်အကြောင်းကြားလာတယ်။ ယောက္ခမကြီးကတော့ သူမဆုံးခင်အထိ စက်တင်ဘာ၂၇ရက်ရောက်တိုင်း ကိုရင်လေးအတွက် ကုသိုလ်ပြုတယ်။ အမျှအတန်းပေးတယ်။
၂၀၀၇ ရွှေဝါရောင်ပြီးလို့ ၂၀၁၁ခုနှစ် စက်တင်ဘာ၁ရက်နေ့မှာပဲ ယောက္ခမကြီးလည်း ဆုံးပါးရှာတယ်။
စက်တင်ဘာရောက်လေတိုင်းမှာ "တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေချမ်းကြပါစေ" ဆိုတဲ့ မေတ္တာပို့သံတွေက ပဲ့တင်ထပ်မျှကြားယောင်လို့နေဆဲပါပဲ။
* * * * *
သတိုးဖြူ