ဆဲဗင်းဂျူလိုင်စိတ်ဓာတ်မှသည်
Jul 07, 2024 created by Toward 102

စစ်အုပ်စုရဲ့ အဆင်ခြင်ကင်းမဲ့တဲ့ လက်ရဲဇက်ရဲနိုင်မှုနဲ့ လက်နက်မဲ့ပြည်သူလူထုကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုဟာ အခုကာလမှသာမဟုတ် လွန်ခဲ့တဲ့အနှစ် ၆၀ ကျော်ကာလ ဆဲဗင်းဂျူလိုင်ကတည်းက စတင်ခဲ့တယ်။ သွေးစွန်းတဲ့လက်တွေနဲ့ အဓမ္မမှုတွေကို အတောမသတ်သတ်နိုင် အဆက်မပြတ် ကျူးလွန်နေခဲ့တာ ၁၉၆၂ ခုနှစ်မှသည် ဒီကနေ့ထိ နှစ်ပေါင်း ၆၂ နှစ် ရှိခဲ့ပါပြီ။ အသည်းထဲမှာနာ ဘယ်တော့မှ မမေ့နိုင်ခဲ့ကြပါ။

ကျောင်းသားဆိုတာက မတရားတာကိုတွေ့ရင် မဟုတ်မခံ ခုခံတွန်းလှန်နေကျ။ စစ်အုပ်စုဆိုတာကလည်း တခါမှ ကောင်းတာမလုပ်၊ အမြဲတမ်း မကောင်းတာ၊ မမှန်တာ၊ မဟုတ်တာပဲလုပ်တဲ့ အဓမ္မဝါဒီတွေချည်း။ ဒီတော့ ကျောင်းသားနဲ့ စစ်အုပ်စုဆိုတာဟာ ဘယ်သောအခါမှ ဘက်ကမတူနိုင်။ ပြည်သူ့ရင်နှစ်သည်းချာ ပြည်သူ့ဘက်ကရပ်တည်တဲ့ ကျောင်းသားက အဖြူ။ ထမင်းကျွေးတဲ့ ပြည်သူလူထုကိုမှ ရန်သူသဖွယ် သတ်ဖြတ်ရက်စက်နေတဲ့ စစ်အုပ်စုကမွေးတဲ့ စစ်တပ်က အမည်း။ ဓမ္မနဲ့ အဓမ္မ၊ အကောင်းနဲ့ အဆိုး၊ အဖြူနဲ့ အမည်း။ ဒီတော့လည်း စကတည်းက ယဉ်သကို။ ကျောင်းသားနဲ့ စစ်အုပ်စုရဲ့ ကျောင်းတော်ကရန်စဟာ ၁၉၅၈ ခုနှစ် စစ်တပ်က အာဏာသိမ်းတာကနေ စခဲ့တယ်။

တကယ်လို့များ ၁၉၆၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆဲဗင်းဂျူလိုင်အရေးတော်ပုံကြီးကို မီးတောက်ကြီးပမာ တင်စားခဲ့ရင် ၁၉၅၈ ခုနှစ်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျောင်းသားလှုပ်ရှားမှုကို မီးပွားတစလို့ ဆိုနိုင်ပါလိမ့်မယ်။

ဗိုလ်နေဝင်းဦးဆောင်တဲ့ စစ်တပ်က ၂၆ စက်တင်ဘာ ၁၉၅၈ မှာ ပထမအကြိမ် အာဏာသိမ်းပွဲ ဆင်နွှဲလိုက်တယ်။ မျက်နှာပြောင်ပြောင်နဲ့ အာဏာသိမ်းတာမဟုတ်၊ အာဏာကိုလွှဲပြောင်းရယူတာဆိုပြီး လိမ်လိုက်သေးတယ်။ လိမ်လည်မှုကို ဦးဆုံးဖော်ထုတ်ခဲ့သူက ကျောင်းသားတွေပါ။ ကျောင်းသားသမဂ္ဂတွေပါ။

စစ်တပ်ရဲ့အာဏာသိမ်းတာကို ချက်ချင်းတုန့်ပြန်တဲ့အနေနဲ့ တကသ၊ ဗကသနဲ့ ရကသတို့က အမှုဆောင်တွေ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဆောက်အဦးထဲမှာ တွေ့ဆုံဆွေးနွေးကြပြီး “စစ်တပ်မှ အာဏာသိမ်းခြင်းနှင့်ပတ်သက်၍ သဘောထား” ဆိုတဲ့ ကြေညာချက်ကို ၂၈ စက်တင်ဘာ ၁၉၅၈ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တယ်။

“ယင်းသို့ အာဏာသိမ်းခြင်းမျိုးကို ခွင့်ပြုလျှင် အာဏာကို ပြည်သူ့ထံမှမဟုတ်ဘဲ အဓမ္မအာဏာသိမ်းသည့် အစဉ်အလာ ပေါ်လာမည်ဖြစ်ကြောင်းနှင့် ဒီမိုကရေစီအခွင့်အရေးများကို အတားအဆီးဖြစ်လာမည်ဖြစ်ကြောင်း” ကြေညာချက်ထဲမှာ ဖော်ပြရေးသားထားတယ်။ ဒီလိုရေးသားထားတာကိုကြည့်ရင် ကျောင်းသားတွေဟာ နောင်တချိန်ပေါ်ပေါက်လာနိုင်တဲ့ ရေရှည်ကိုပါတွေးပြီး ထောက်ပြဝေဖန်  သုံးသပ်ထားတာ တွေ့ရတယ်။

ဗိုလ်နေဝင်းနဲ့ သူ့ရဲ့စစ်အုပ်စုဟာ ၁၉၅၈ ခုနှစ် ပထမအကြိမ်အာဏာသိမ်းစဉ်က အမှန်တရားကိုဖော်ထုတ်ကြေညာဆန့်ကျင်ခဲ့တဲ့ ကျောင်းသားတွေအပေါ်ထားတဲ့ အာဃာတနဲ့ အငြိုးအတေးတွေကို ၁၉၆၂ ခု၊ မတ်လ ဒုတိယအကြိမ်အာဏာလည်းသိမ်းပြီး သိပ်မကြာ မအောင့်နိုင်လောက်အောင် လက်မရွံ့လူသတ်သမားစစ်အုပ်စုအဖြစ် သူတို့ကိုးစားတဲ့လက်နက်နဲ့ ချက်ချင်းတုံ့ပြန်ပါတော့တယ်။ 

ဒီအဖြစ်အပျက်တွေထဲမှာ ကိုယ်တိုင်ပါဝင် ကိုယ်တွေ့ကြုံတွေ့ခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းတယောက်ရဲ့ ပြောစကားတွေနဲ့ ရှင်းလင်းထင်ရှားစေပါ့မယ်။ သူက ကျောင်းသားလှုပ်ရှားမှု၊ နိုင်ငံရေးမှုတွေနဲ့ နှစ်ကြိမ်တိုင်အောင် နရသိန်မှာ စံမြန်းခဲ့ရသူ ဖြစ်ပါတယ်။ ထောင်ကထွက်လာပြီးခါမှ ဆေးကျောင်းပြန်တက်ပြီး ဆရာဝန်ဖြစ်ခဲ့သူ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာမင်းသိမ်း ခေါ်  စာရေးဆရာဘိုးသိမ်းပါ။ ဆရာဘိုးသိမ်းဟာ ငယ်စဉ်ကျောင်းသားဘဝကတည်းက ကျောင်းသားသမဂ္ဂနဲ့ ခွဲမရအောင်နေခဲ့ပြီး ၁၉၆၀-၆၁ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) ရဲ့ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တယ်။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်နေဝင်းက အာဏာသိမ်းတော့ ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံကြီးမှာ ဦးဆောင်ပါဝင်ခဲ့သူတယောက်လည်း ဖြစ်ပါတယ်။ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆဲဗင်းဂျူလိုင် အမှတ်တရအနေနဲ့ ၂၀၂၀ ခုနှစ် ဂျူလိုင်လ ၆ ရက်နေ့က သူနဲ့ တွေ့ဆုံမေးမြန်းမှုတခု ပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံမေးမြန်းမှုမှတ်တမ်းကို အခြေပြုပြီး ကျောင်းသားတွေ ဆန္ဒပြစေတဲ့ နောက်ကွယ်က အချက်အလက်တွေနဲ့ အေးအေးချမ်းချမ်း ဆန္ဒပြတဲ့ ကျောင်းသားတွေအပေါ် ရက်ရက်စက်စက် အကြမ်းဖက်ခဲ့တဲ့ စစ်အုပ်စုရဲ့လုပ်ရပ်ကို ရှင်းလင်းထင်ရှားစေပါ့မယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဦးနေဝင်းက ဘာတွေလုပ်သလဲဆိုတော့ တက္ကသိုလ်ဥပဒေကို ဖျက်ပစ်လိုက်တယ်။ တက္ကသိုလ်ကောင်စီရဲ့ လုပ်ပိုင်ခွင့်အာဏာအားလုံးကို တော်လှန်ရေးကောင်စီက သိမ်းတယ်ဆိုပြီးတော့ ပြည်သူပိုင်သိမ်းတယ်ဆိုတဲ့ သဘောမျိုးနဲ့ အာဏာကို အကုန်လုံး သိမ်းလိုက်တာ။ တက္ကသိုလ်ကောင်စီကို ဖျက်ပစ်လိုက်တယ်။ လုပ်ပိုင်ခွင့်အာဏာရော၊ ငွေရေးကြေးရေး အုပ်ချုပ်ရေးအာဏာရော အကုန်လုံး သိမ်းပစ်လိုက်တယ်။ သိမ်းပြီးတော့ သူက တက္ကသိုလ်ကောင်စီဆိုပြီး တခုဖွဲ့တယ်။

အဲဒီတက္ကသိုလ်ကောင်စီက စစ်ကောင်စီသဘောမျိုး ဖြစ်နေတယ်။ ကောင်စီမှာ ဗိုလ်မှူးကြီးတွေ၊ ဗိုလ်မှူးချုပ်တွေပဲ ပါပြီးတော့ အရပ်သားက ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဦးကာ တယောက်ပဲပါတယ်။ ဦးကာ တယောက်တည်းပဲ အရပ်သား၊ ကျန်တာအကုန်လုံး စစ်ဗိုလ်တွေချည်းပဲ။ အဲဒီကျောင်းသား လုံးဝမပါတဲ့ တက္ကသိုလ်ကောင်စီက ကျောင်းသား စည်းကမ်းတွေ ဆွဲတယ်။

ဆွဲတဲ့အထဲမှာ ဘာတွေပါလဲဆိုတော့ တစ်က အဆောင်အဝင်အထွက်ကို ၈ နာရီဆို အဆောင်တံခါးကြီးပိတ်။ ကျနော်တို့ အရင်တုန်းက အဲဒီအချိန်ဆို မပိတ်သေးဘူး။ ၁၀ နာရီ၊ ၁၁ နာရီလောက်မှ ပိတ်တယ်။ ပိတ်ပေမယ်လို့၊ အဲဒီပိတ်တာကလည်း အပြင်လူ မဝင်နိုင်အောင်သာ ပိတ်တာ။ ကျောင်းသားတွေကတော့ လှည်းတန်းထိပ်သွားသွား၊ ဘယ်သွားသွား ထွက်လို့ ဝင်လို့ ရနေသေးတယ်။ တစိမ်းကတော့ ဒီအချိန်ဆိုရင် ပေးမတွေ့တော့ဘူး။ မိန်းကလေးဆောင်မှာ ၆ နာရီဆို ပိတ်တယ်၊ ဝင်လည်း မဝင်ရတော့ဘူး၊ ထွက်လည်း မထွက်ရတော့ဘူး။ အဲဒီလိုပုံစံမျိုး ယောကျ်ားလေးဆောင်ကိုလည်း ၈ နာရီမှာ သော့ခတ်ပြီးတော့ကို ပိတ်တယ်။ တကောင်မှ မထွက်နဲ့၊ တကောင်မှ မဝင်နဲ့၊ ပိတ်တယ်။ တချက်ပေါ့။

ဒုတိယအချက်က ဘာလဲဆိုတော့ ညဘက်ကို သူတို့လိုက်စစ်ရင် ကျောင်းသားက ကိုယ့်အခန်းထဲမှာကိုယ် ရှိနေရမယ်။ ကိုယ့်အခန်းမှာကိုယ် မရှိရင် အဆောင်စည်းကမ်း ပျက်တယ်လို့ သတ်မှတ်တယ်။ ကျနော်တို့ အရင်တုန်းကတော့ သူငယ်ချင်း အခန်းတခန်းမှာ စုပြီး စကားပြောချင်လည်း ပြောမယ်၊ စာစုကျက်ရင်လည်း ကျက်မယ်။ အခုကျတော့ ကိုယ့်အခန်းမှာကိုယ် ရှိနေရမယ်။ မရှိရင် အဆောင်စည်းကမ်း ပျက်တယ်လို့ စည်းကမ်းဖောက်တယ်ဆိုပြီး အရေးယူမယ်။ အဲဒီအပိုဒ်တွေပါတယ်။

နောက်တချက်က တက္ကသိုလ်မှာ လက်ထောက်အဆောင်မှူးဆိုတာတွေ ခန့်တယ်၊ အရင်တုန်းက လက်ထောက်အဆောင်မှူးဆိုတာ ဆရာတွေပဲ၊ ဆရာတွေပဲခန့်တာ။ အခန်းတခန်းပေးထားပြီးတော့ စာမေးစရာရှိလဲ သွားမေးပေါ့။ သိပ်ပြီး မတင်းကျပ်ပါဘူး။ ဆရာတွေနဲ့ ညီအကိုတွေလို နေကြတာပဲ။ ကိုယ်နဲ့သက်ဆိုင်ရာ ဘာသာရပ်၊ အဲ Maths သမားဆို ညဘက်သွားပြီး ဆရာ ဒါလေးရှင်းပြပေးပါဦးဆိုပြီးသွားရင် ဆရာက ရှင်းပြတယ်။

အခုခန့်တာက ဘယ်သူတွေကိုခန့်သလဲဆိုတော့ Immigration တို့၊ ထောင်တို့၊ Custom တို့က Graduate ကလေးတွေ ရှိတယ်။ Officer မဖြစ်သေးတဲ့ Graduate ကောင်လေးတွေရှိတယ်။ သူတို့ကို တက္ကသိုလ်မှာ လက်ထောက်အဆောင်မှူးအနေနဲ့ ခန့်တယ်။ သဘောကတော့ ရည်ရွယ်ချက်က ကျောင်းသားတွေကို စာပေနဲ့ပတ်သက်ပြီး မပါဘဲနဲ့ Tight လုပ်ဖို့၊ တင်းကျပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ခန့်တဲ့သဘောရှိတယ်။ အဲဒါတွေကို ကျောင်းသားတွေက မကျေနပ်ဘူး။ ကျန်တဲ့ အသေးစိတ် အချက်တွေလည်း အများကြီးပေါ့။ ၁၆ ချက်လောက်ရှိတယ်။

ဂျူလိုင်လ ၆ ရက်နေ့၊ ၆ ရက်နေ့ည မှာ မီးပြတ်တယ်။ ရန်ကုန်တက္ကသိုလ်အဆောင်တွေက ဒီနေ့ အခုခေတ်လို မဟုတ်ဘူး။ ဟိုတုန်းက မီးပြတ်တယ်ဆိုတာ လုံးဝမရှိဘူး။ အဲဒါ ညဘက်ကို မီးပြတ်တယ်။ မီးပြတ်တဲ့အခါကျတော့ အဆောင်က ၈ နာရီမှာ တံခါးလည်းပိတ်တယ်၊ နောက် မီးလည်းပြတ်တယ်ဆိုတဲ့အခါကျတော့  ကျောင်းသားတွေက ဝုန်းဝုန်းဝုန်းဝုန်းဆို ဖြစ်ကုန်ပြီးတော့ တံခါးကြီးကို ရိုက်ချိုးပြီးတော့ အကုန်လုံး ထွက်ကြတယ်။ အဲဒီညမှာပဲ ဆန္ဒပြပွဲကြီး ဖြစ်သွားတယ်။ မီးတုတ်တွေကိုင်ပြီး ဆန္ဒပြကြတယ်။ ဆရာကြီးဦးကာအိမ်ရှေ့မှာ သွားပြီးတော့ တရားဟောတာတို့ဘာတို့ ဖြစ်သွားတယ်။

ဂျူလိုင် ၇ ရက်နေ့မှာ ဆန္ဒပြမယ်ဆိုပြီး လုပ်ကြတယ်။ ကျောင်းသားထုအစည်းအဝေး လုပ်ကြတယ်။ ကျောင်းသားထုကတော့ များတယ်ဗျ။ အစည်းအဝေးတက်တဲ့ ကျောင်းသားတွေက များတယ်ဗျ။ တော်တော့ကို များတာ။ တကသခန်းမကြီး ပြည့်လျှံပြီး အောက်နားကနေတောင် စောင့်ပြီးနားထောင်နေရတဲ့သူတွေတောင် ရှိတယ်။ တကသကလည်း ခပ်တိုတိုပဲ ပြောပါတယ်။ သိပ်ပြီးတော့ များများ၊ ရိုးရိုးအစည်းအဝေးလို အများကြီးမပြောဘူး။ နှစ်ယောက်သုံးယောက်ပဲ ပြောတယ်။ ကိုဗဆွေလေးတို့၊ ကိုသက်တို့က ပြောပြီးတော့ အခြေအနေလေးကို နည်းနည်းရှင်းပြပြီး ဆန္ဒပြတယ်။ ပြလည်းပြရော တကသကနေထွက် လမ်းလျှောက်ကြတယ်။

တကသကနေ ထွက်ပြီးတော့ တောင်ငူဆောင်တို့ဘာတို့ရှေ့နားကနေပြီးတော့၊ ဒဂုံဆောင်ဘေးနားကလမ်းကလေးအတိုင်း ထွက်သွားပြီးတော့၊ ဟိုးရှေ့ကျ အဓိပတိလမ်းက ထွက်ပြီးတော့ Convocation၊ Convocation ရှေ့နားကနေပြပြီးတော့ တကသဘက်ပြန်လာတယ်။

ဆန္ဒပြပွဲက ရှေ့ဆုံးကတော့ ကျောင်းသားအလံကြီး အကြီးကြီး။ အလံအကြီးကြီးတခုကို ကျောင်းသားဆယ်ယောက်လောက် ကိုင်ထားတယ်၊ ဖြန့်ပြီးတော့။ အလံကြီးက ဖြန့်လျက်ပေါ့။ ကျောင်းသားအလံကြီး၊ ခွပ်ဒေါင်းအလံကြီး၊ ခွပ်ဒေါင်းအလံကြီး နောက်မှာတော့ ပိုစတာတွေကိုင်တယ်။ ကျောင်းသားတွေ တယောက်ချင်း တယောက်ချင်း ပိုစတာတွေကိုင်ပြီးတော့ လှည့်တာ။ ပိုစတာတွေနောက်မှာတော့ လူတွေပေါ့ ကြွေးကြော်သံတွေ အော်ပြီး လှည့်ကြတယ်။ ကြွေးကြော်သံကတော့ ထုံးစံအတိုင်း အဆောင်စည်းကမ်း ဖျက်သိမ်းပေးတို့ ဘာတို့ပေါ့။ အော်ပြီး သွားကြတယ်။ အေးအေးချမ်းချမ်းပဲ။

အော်ပြီးတော့ ပြန်လာတော့လည်း လူစုခွဲတယ်။ အေးအေးချမ်းချမ်းပဲ။ တကသရှေ့ပြန်ရောက်တော့ လူစုခွဲကြတယ်။ လူစုခွဲတဲ့အခါကျတော့ တချို့ကတော့ အဆောင်ကို ပြန်သွားကြတယ်။ တချို့ကတော့ တကသအောက်မှာ စားသောက်ဆိုင် ရှိတာကိုး။ အအေးတွေဝင်သောက်။ လဖက်ရည်တွေ ဝင်သောက်။ သောက်ပြီးတော့ မကြာခင်မှာပဲ သူတို့တွေ တကသကို ဝင်စီးတော့တာပဲ။

သူတို့က သထုံလမ်းဘက်ကနေပြီးတော့ တသုတ်က ဝင်တယ်။ တကသဘက်က မိန်းဂိတ်ဘက်ကလည်း တသုတ်၊ နှစ်ဘက်ညှပ်ပြီး ဝင်တယ်။ မပြေးနိုင်အောင်။ ကျောင်းသားတွေ အဲဒီလို ဖြစ်တဲ့အချိန်မှာ မန္တလေးဆောင်က ကျောင်းသားတွေက လှမ်းမြင်တာကိုး။ အပေါ်ကနေပြီးတော့ ရဲကားတွေ ဝင်လာတာကို  လှမ်းမြင်ရတော့ “ဟေး...တကသကိုဝိုင်းနေပြီ” ဆိုပြီး

မန္တလေးဆောင်က အော်တာနဲ့ တောင်ငူဆောင်တို့၊ အမရဆောင်တို့က အကုန်လုံးဆင်းလာတယ်။ တခြားကျောင်းသားတွေလည်း ဆင်းလာကြတဲ့အခါကျတော့ ကျောင်းသားထုကြီး ဖြစ်သွားတယ်။ ကျောင်းသားထုကြီးနဲ့ ရဲနဲ့ ထိပ်တိုက်တွေ့တော့တာပဲ။ ရဲက ပြန်ဆုတ်သွားတယ်။

ရဲပြန်ဆုတ်သွားပြီးမှ စစ်တပ်ကိုပြန်ချတာ။ နောက်ဆုံး ညနေစောင်းကျတော့ Shoot လုပ်တာ၊ ပစ်တာ၊ သေနတ်နဲ့ ပစ်တာ။ ပစ်တဲ့အချိန်က တိုပါတယ်။ ဒါပေမဲ့ ဂျီသရီးနဲ့ပစ်တာဆိုတော့လဲ ပရိတ်သတ်ထဲကို၊ အများကြီး အတုံးအရုံးနဲ့ သေတာပေါ့။ အတုံးအရုံး သေတာပေါ့။ ရဲပစ်သလို ရိုင်ဖယ်နဲ့ဆိုရင်တော့ တတောင့်ချင်း ထိုးပစ်နေရမှာ။ အခုတော့ စက်သေနတ်နဲ့ ရမ်းပြီးပစ်လိုက်တော့ အများကြီး သေတာပေါ့။ 

စစ်အစိုးရရဲ့ မတရားအာဏာသိမ်းမှုကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့ကြတဲ့ ကျောင်းသားထုအပေါ် အာဃာတကြီးစွာနဲ့ လက်စားချေ သတ်ဖြတ်လိုက်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးပါပဲ။ စစ်ဘီလူး စစ်အုပ်စုဟာ ကျောင်းသားတွေကို ရာနဲ့ချီပြီး သတ်ရုံနဲ့လဲ မကျေနပ်နိုင်သေး။ နောက်တနေ့ ဂျူလိုင် ၈ ရက်နေ့ မနက်စောစောမှာတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) အဆောက်အဦးကြီးကို အငြိုးကြီးကြီးနဲ့ ဗုံးခွဲဖြိုချဖျက်ဆီးပစ်လိုက်ပါတယ်။ ကြေကွဲလို့မဆုံးပါ။

အဲဒီနေ့ ည ၇နာရီမှာပဲ စစ်အုပ်စုခေါင်းဆောင် ဗိုလ်နေဝင်းက ရေဒီယိုကနေ အသံလွှင့်ခဲ့တယ်။

“စည်းမဲ့ကမ်းမဲ့ ဗရမ်းဗတာ ဖြစ်ချင်တိုင်းဖြစ်နေတာကို မကြည့်နိုင်လို့ ကျွန်တော်တို့ အခြေအနေကို ဝင်ထိန်းခဲ့ရတာ တိုင်းပြည်ကသိပြီးပါဘဲ။ ဒီစည်းမဲ့ကမ်းမဲ့ဘဝကိုတော့ ပြင်ရမဲ့တာဝန်ဟာ ကျွန်တော်တို့အပေါ်မှာ ကျရောက်နေခဲ့ပါသဖြင့် ကျွန်တော်တို့ဟာ တိုင်းပြည်ကိစ္စအဝဝမှာ စည်းကမ်းကလနားသတ်မှတ်ပေးဖို့ ဆုံးဖြတ်ပြီးပါပြီ။ အဲဒီဆုံးဖြတ်တဲ့ကိစ္စတခုအနေဖြင့်လည်း ယခုရန်ကုန်တက္ကသိုလ်မှာ စည်းကမ်းကန့်သတ်တာကို တဘက်မှ ကလန်ကဆန် အကြမ်းဖက်ခဲ့တာကြောင့် မလွှဲမရှောင်သာတော့သဖြင့် အထက်ကပြောခဲ့တဲ့အတိုင်း ရှိတဲ့အားတစိတ်တဒေသကိုသုံးခဲ့ရပါတယ်” 

ဗိုလ်နေဝင်းရဲ့ ပြောပေါက်ဆိုပေါက်ကိုလည်း ကြည့်ကြပါဦး။ ဘာတဲ့.. “စည်းမဲ့ကမ်းမဲ့ ဗရမ်းဗတာ ဖြစ်ချင်တိုင်းဖြစ်နေတာကို မကြည့်နိုင်လို့” တဲ့။ စည်းကမ်းတဲ့ အရှက်မရှိ ပြောလိုက်ပုံက။ တိုင်းပြည်တခုမှာ အခြေခံဥပဒေထက် ပိုပြီးကြီးမားတဲ့ စည်းကမ်းဥပဒေဆိုတာ ရှိနိုင်ပါ့မလား။ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို အသက်နဲ့ရင်းပြီး ကာကွယ်စောင့်ထိမ်းပါ့မယ်လို့ ကတိပြုထားခဲ့သူက အခြေခံဥပဒေကို စက္ကူစုတ်တခုလို ဘေးဖယ်လွင့်ပစ်ပြီး ဥပဒေမဲ့ အာဏာသိမ်းလိုက်တဲ့သူ စစ်ဘီလူး ဗိုလ်နေဝင်း ပြောတဲ့စကားက “စည်းမဲ့ကမ်းမဲ့ ဗရမ်းဗတာ” တဲ့လား။ လုံးဝ မေ့လို့မရပါ။

နောက်ပြီး ရှိသေးတယ်။ “မလွှဲမရှောင်သာလို့ ရှိတဲ့အားတစိတ်တဒေသကိုသုံးပြီး ဖြေရှင်းလိုက်ရပါတယ်” တဲ့။ လက်နက်တစုံတရာမရှိ အေးအေးချမ်းချမ်းဆန္ဒပြသူတွေကို ဂျီသရီးမောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ကျောင်းသားရာချီသွေးမြေကျစေခဲ့တာတောင် အားမရနိုင်၊ သမိုင်းဝင်တကသအဆောက်အဦးကြီးကိုပါ ဗုံးခွဲဖြိုချဖျက်ဆီးပစ်လိုက်တာဟာ “ရှိတဲ့အားတစိတ်တဒေသ” တဲ့လား။ သက်ရှိကျောင်းသားလူငယ်တွေ ရာနဲ့ချီသွေးမြေကျ သေဆုံးခဲ့ရတဲ့အပြင်၊ သက်မဲ့ဖြစ်တဲ့ တကသ အဆောက်အဦးကြီး အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီးသွားရတာဟာ “ရှိတဲ့အားတစိတ်တဒေသကိုသုံးပြီး ဖြေရှင်းလိုက်ရ” တာတဲ့လား။ ဘယ်တော့မှ မေ့နိုင်စရာ အကြောင်းမရှိပါ။

ဗိုလ်နေဝင်းက သူ့ရဲ့စကားကို အဆုံးသတ်အနေနဲ့ “ကျွန်တော် နောက်ထပ် ဘာမှမပြောလိုပါဘူး။ အနည်းဆုံး ဒါးကို ဒါးချင်း၊ လှံကို လှံချင်း ဆိုင်ဘို့သာ ရှိပါတော့တယ်” တဲ့။

ဘယ်လောက် အသည်းနာစရာ ကောင်းလိုက်သလဲဆိုတာ။ လက်နက်တစုံတရာကိုင်စွဲမထားတဲ့ ကျောင်းသားတွေကို သတ်ဖြတ်ပြီးတာတောင် “ဒါးကို ဒါးချင်း၊ လှံကို လှံချင်း” ဆိုတဲ့ရန်စကားနဲ့ စိန်ခေါ်ခဲ့တာပါပဲ။ အသည်းအနာရဆုံး ဘယ်မေ့လို့ရမှာတုံး။ 

“၇-၇-၆၂ ကိုမမေ့ကြနဲ့” တဲ့။ ကျောင်းဆောင်နံရံမှာ သေနတ်ဒဏ်ရာကနေကျတဲ့ သွေးနဲ့ရေးတဲ့ ကျောင်းသားတယောက်ရဲ့ ဒီစာသား၊ ဒီစကား အသွေးထဲအသားထဲက အခုထက်ထိ မမေ့နိုင်ကြသေး။ ဘာမထီကျောင်းသားတွေ သွေးနဲ့ရေးခဲ့ကြတဲ့ ဒီအရေးတော်ပုံကြီးကို ကာလတွေ ဘယ်လောက်ပဲရှည်ကြာပါစေ မေ့လို့မရနိုင်ပါ။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကို ခေတ်အဆက်ဆက် မျိုးဆက်အဆက်ဆက်က မေ့ပျောက်လို့မရ ဆက်လက်ဆင်နွှဲခဲ့ကြတယ်။

ဆဲဗင်းဂျူလိုင်အရေးတော်ပုံကြီးဆိုတာ ကျောင်းသားလှုပ်ရှားမှုသမိုင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေးသမိုင်း၊ မြန်မာ့သမိုင်းတို့မှာလည်း ဘယ်တော့မှ ချန်လှပ်ဖျောက်ဖျက်လို့မရ၊ မေ့ပျောက်လို့မရတဲ့ အရေးတော်ပုံကြီးတခု ဖြစ်ပါတယ်။ ကျောင်းသားမျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်း သယ်ပိုးထမ်းရွက်လာခဲ့ကြတဲ့ ဆဲဗင်းဂျူလိုင်စိတ်ဓာတ် (တနည်းအားဖြင့်) ခွပ်ဒေါင်းစိတ်ဓာတ် (နောက်တနည်းအားဖြင့်) စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်တွေနဲ့ တော်လှန်ရေးကြီးအပြီးသတ် အဆုံးသတ် အောင်မြင်သည်အထိ ဆက်လက်ဆင်နွှဲကြပါစို့။

သန်းထိုက်အောင်

ရာဇဝင်ကထိက

ဘဝတက္ကသိုလ်

၃၀ ဇွန် ၂၀၂၄

ကိုးကား

ထွန်းနေ့စဉ်။ ၁၉၆၂။ ကပျက်ယပျက်လုပ်ရင် ပြတ်ပြတ်သားသား အရေးယူမည် (တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက ရန်ကုန်တက္ကသိုလ်အဖြစ်အပျက်နှင့်ပတ်သက်၍ မြန်မာ့အသံမှ ဇူလိုင်လ ၈ ရက်နေ့ ည ၇ နာရီအချိန်တွင် တိုင်းပြည်သို့ မိန့်ခွန်းပြောကြားချက် အပြည့်အစုံ)။ ဇူလိုင် ၉။

မိုးလင်းဝင်း။ မမေ့ကြနဲ့။၂၀၁၁။ “၇-၇-၆၂ ကို မမေ့ကြနဲ့။” အရေးတော်ပုံဂျာနယ် တွဲ ၁၊ မှတ် ၅ (ဇူလိုင်)၊ ၇-၉။

မင်းသိမ်း၊ ဒေါက်တာ။ ၂၀၂၀။ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ၁၉၆၂ တကသ ဒုတိယ ဥက္ကဌ ဒေါက်တာမင်းသိမ်း ( ဘိုးသိမ်း ) နှင့် တွေ့ဆုံမေးမြန်းခြင်း၊ Directed by Pyae Phyo Maung။ Dagon University Students' Union Facebook page, July 6. Accessed June 29,

2024. https://www.facebook.com/dusuburma?mibextid=ZbWKwL.

ဝင်းတင့်ထွန်း။ ၂၀၁၁။ “ဇူလိုင် ၇ ရက် - ၇ ရက် ဇူလိုင် မမေ့နိုင်တဲ့ ကျောင်းသားသမိုင်း ထာဝစဉ် နီ။” အရေးတော်ပုံဂျာနယ် တွဲ ၁၊ မှတ် ၅ (ဇူလိုင်)၊ ၁၀-၁၃။

-----။ ၂၀၁၇။ အမှောင်ကြားက ဗမာပြည်၊ အနီးခေတ် ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းအကျဉ်း (၁၉၄၈-၂၀၀၀)။ ရန်ကုန်၊ နွယ်နီစာအုပ်တိုက်။

ဟံသာဝတီ။ ၁၉၆၂။ ရန်ကုန်တက္ကသိုလ်အဖြစ်အပျက် တိုင်းပြည်သို့ ဗိုလ်ချုပ်ကြီးနေဝင်း မိန့်ကြားချက်။ ဇူလိုင် ၁၁။