ကိုယ့်နိုင်ငံကို ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်းပြည်၊ ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်တဲ့ တိုင်းပြည်ဘဝရောက်အောင် ဦးဆောင်မောင်းနှင်ခဲ့ကြတဲ့ မြန်မာ့စစ်အာဏာရှင် ဗိုလ်ချုပ်တွေနဲ့ပတ်သက်ရင် ကွယ်လွန်သူစင်ကာပူဝန်ကြီးချုပ် လီကွမ်ယုရဲ့အမြင်ကို သိပ်သဘောကျတာပဲ။ နမူနာလေးနဲ့ပြောပုံက ကွက်ကွက်ကွင်းကွင်းဖြစ်လွန်းလို့။ “မြန်မာစစ်ဗိုလ်ချုပ်တွေကို အကြံပေးရတာ လူသေကောင်တွေနဲ့ စကားပြောရသလိုပဲ”တဲ့။ “မြန်မာစစ်ဗိုလ်ချုပ်တွေမှာ ကုန်စုံဆိုင်တစ်ဆိုင်လောက်ကိုတောင် အောင်မြင်အောင် စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းမရှိဘူး”တဲ့။ ပြောတဲ့သူက စင်ကာပူကို အာရှရဲ့ကျားတစ်ကောင် ဖြစ်အောင် ဦးဆောင်နိုင်ခဲ့တဲ့ခေါင်းဆောင်ကြီးဖြစ်နေလို့ကို ပိုသဘောကျတာ ။
စင်ကာပူဟာ မြန်မာ ရဲ့ ဒေသတွင်းနိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် အိမ်နီးချင်းတော့မဟုတ်ပါဘူး ဒါပေမယ့် မြန်မာစစ်အာဏာရှင်တွေရဲ့ တိုင်းပြည်ကို ဦးဆောင်နိုင်စွမ်းမရှိခြင်းကို သူ ကောင်းကောင်းသဘောပေါက်တယ်။ ဒါဆို အိမ်နီးချင်းတိုင်းပြည်က ခေါင်းဆောင်တွေကရော မြန်မာစစ်တပ်အကြောင်းမသိလို့လား သိတာပေါ့ သိလွန်းလို့ ဘာမှမပြောတာ။ ကိုယ့်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တိုင်းပြည်၊ ၁၉၆၂ ကနေ ၁၉၉၀လောက်အထိ တံခါးပိတ်စီးပွါးရေးဝါဒနဲ့ တိုင်းပြည်ကိုလှောင်ပိတ် ပြည်သူလူထုကို မျက်စိပိတ် နားပိတ် ပါးစပ်ပိတ်ထားလို့ ခေတ်နောက်ကျနေတဲ့တိုင်းပြည်၊ ဒီလိုတိုင်းပြည်မျိုးနဲ့ စီးပွါးရေးလုပ်ရင် ကိုယ့်ပစ္စည်းရောင်းရောင်း ကိုယ့်ဆီကိုပဲလာရောင်းရောင်း ကိုယ်ပဲအမြတ်ကြမ်းမယ်ဆိုတာ တွေးကြည့်တာနဲ့သိတယ်။ ဒါ ကြောင့်မို့လို့ မြန်မာနိုင်ငံမှာ ကမ္ဘာ့ကုန်သွယ်ရေး ခေတ်သစ်စီးပွါးရေးတွေအကြောင်း ဘာမှနားမလည် နားလည်အောင်လုပ်ရမယ့်ပညာလည်းမတတ်တဲ့ စစ်အာဏာရှင်တွေအုပ်ချုပ်နေတာကို အိမ်နီးချင်းတိုင်းပြည်တွေက ပိုသဘောကျတယ် ။
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအို၊ တရုတ် ဆိုတဲ့ အိမ်နီးချင်း (၅)နိုင်ငံမှာမှ တရုတ်နိုင်ငံဟာ မြန်မာပြည်ကနေ အမြတ်အထုတ်ဆုံးအိမ်နီးချင်းတိုင်းပြည်။ အဲ့လိုအမြတ်ထုတ်ခွင့်ရဖို့အတွက်လည်း စစ်အာဏာရှင်တွေကို ဘယ်လိုခါးပိုက်ထဲထဲ့ထားရမလဲဆိုတာ အမြဲကြံစည်နေတဲ့ အိမ်နီးချင်းအစိုးရ။ ၁၉၆၂ နေဝင်းအာဏာသိမ်းထားတဲ့ မဆလခေတ်တုန်းက တရုတ်အစိုးရက အဲ့လောက်မဆိုးသေးဘူး ၁၉၈၈ စောမောင် အာဏာသိမ်းပြီးနောက်ပိုင်းမှ ပိုဆိုးလာတာ။ ၈လေးလုံးအရေးတော်ပုံကြီးကို အကြမ်းဖက်ဖြိုခွဲပြီး ဒုတိယအကြိမ် အာဏာသိမ်းခဲ့တဲ့ စစ်တပ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ဆိုတဲ့ စစ်အစိုးရဖွဲ့စည်းကြောင်း ကမ္ဘာကိုကြေငြာချိန်မှာ ပထမဦးဆုံး နဝတအဖွဲ့ကို အစိုးရအဖြစ်အသိအမှတ်ပြုခဲ့တာတရုတ် နိုင်ငံအစိုးရပဲ။ စောမောင်ဆီကအာဏာ သန်းရွှေလက်ထဲရောက်ပြီးချိန်က စလို့ မြန်မာစစ်ဗိုလ်ချုပ်တွေအပေါ်မှာ တရုတ် အစိုးရရဲ့ဩဇာလွှမ်းမိုးမှုက ပိုကြီးလာတော့တယ်။
တိုင်းပြည့်အာဏာကို လက်မလွှတ်ချင်တဲ့ စစ်အာဏာရှင်တွေဟာ တိုင်းပြည်နဲ့လူထုကို လိမ်လည်လှည့်ဖြား ကမ္ဘာကို မျက်လှည့်ပြတဲ့ ကလိမ်ကကျစ်အတတ်မှာတော့ တစ်ဖက်ကမ်းခတ်အောင်တော်ကြတယ်။ ၈.၈.၁၉၈၈မှာ ကမ္ဘာကျော် မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တယ်။ ၁၈.၉.၁၉၈၈ မှာ အာဏာသိမ်းတဲ့ စစ်အစိုးရက ဆန္ဒပြပြည်သူလူထုတွေငြိမ်သွားအောင် ၁၉၉၀မှာ ရွေးကောက်ပွဲလုပ်ပေးမယ် နိုင်တဲ့ပါတီကို အာဏာအပ်မယ် သူတို့စစ်တပ်က စစ်တန်းလျားပြန် မယ်လို့ အချိုသပ်တယ်။ NLD အပါအဝင် ပါတီပေါင်း ၉၀ကျော်ဖွဲ့ပြီး ရွေးကောက်ပွဲဝင်ကြတယ်။ တောခိုတဲ့ကျောင်းသားတွေလည်း ပြန်လာကြတယ်။ ၁၉၉၀ရွေးကောက်ပွဲလည်းပြီးရော အာဏာမလွှဲဘူး လွှတ်တော်အမတ်တွေ ကျောင်းသားခေါင်းဆောင်တွေကို အကုန်ဖမ်းပြီး စစ်တပ်ဟာ သူတို့ပေးခဲ့တဲ့ ဂတိကို သူတို့ကိုယ်တိုင်ဖျက်လိုက်တယ်။ UNအပါအဝင် နိုင်ငံတကာကကန့်ကွက် စီးပွါးရေးပိတ်ဆို့တာတွေ လုပ်ကြပေမယ့် တရုတ်အပါအဝင် အိမ်နီးချင်းတိုင်းပြည်တွေက ရေငုံနှုတ်ပိတ် နေကြတယ် အဆိုးဆုံးကတော့ တရုတ်အစိုးရပဲ။ နိုင်ငံတကာဆန်ရှင် (Sanctions)တွေကြောင့် အသက်ရှူကြပ်လာတဲ့ သန်းရွှေအစိုးရကို ထောက်ခံကျားကန်ပေးထားခဲ့တာ တရုတ်အစိုးရပဲ။ လူထုခေါင်းဆောင်အကြောင်း တစ်ခွန်မဟ မြန်မာပြည်သူလူထုရဲ့မျက်နှာကို တစ်ချက်မှငဲ့ညှာခြင်းမရှိပဲ သူ့အကျိုးစီးပွါးတစ်ခုထဲအတွက် စစ်ခေါင်းဆောင်တွေနဲ့ လက်တွဲခဲ့တယ်။
တိုင်းပြည်အာဏာကို မတရားယူထားတဲ့စစ်အစိုးရနဲ့ တရုတ်အစိုးရ ဆွေမျိုးပေါက်ဖော်လို ပေါင်းသင်းဆက်ဆံလိုက်တဲ့ အမြတ်ကတော့ ပြည်သူလူထုအများနဲ့ သက်ဆိုင်တဲ့ တိုင်းပြည့်သယံဇာတတွေ သူခိုးစျေးနဲ့ ရသမျှသဲ့ယူခံလိုက်ရတယ်။ သန်းရွှေလက်ထက်မှာ အမြဲစိမ်းသစ်တောတွေပြောင် တောင်တွေဂတုံးဖြစ် ဖားကန့်ဟာ ဧရာမရေတွင်းကြီးဘဝ ရောက်ခဲ့ရတယ်။ စစ်ဗိုလ်ချုပ်တွေ ခရိုနီတွေ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်သွားကြပေမယ့် မြန်မာပြည်သူတွေကတော့ မွဲလျှက်ပဲ။ လက်ပံတောင်းတောင်မှာ တရုတ်ဝမ်ပေါင်ကုမ္ပဏီကိုဆန္ဒပြလို့ သံဃာတော်တွေ မီးလောင်ဗုံးနဲ့အပစ်ခံခဲ့ရသလို လယ်သူမကြီး ဒေါ်ခင်ဝင်းကို နှဖူးတဲ့တဲ့ ပစ်သတ်ပြခဲ့ကြတယ်။ တရုတ်ကုမ္ပဏီတွေရဲ့လူပါးဝမှုကို မကျေနပ်ပေမယ့် လက်နက်နဲ့ ဖိနှိပ်အုပ်ချုပ်ထားတဲ့ စစ်အာဏာရှင်တွေအောက်မှာ မြန်မာပြည်သူတွေဘာမှမတတ်နိုင်ခဲ့ဘူး။
ကံကောင်းလို့ ဧရာဝတီမြစ်ကြီးတောင်ဖျက်ဆီးခံရတော့မလို့ အရပ်သားအစိုးရဟန်ဆောင်ထားတဲ့ သမ္မတဦးသိန်းစိန် အိုက်တင်လွန်သွားလို့ စာချုပ်ရပ်လိုက်ရတာ။ NLD အစိုးရတက်လာတဲ့အခါ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျှော်အမြင်ကြီးမှု စီးပွါးရေးပညာရှင် မစ္စတာရှောင်တာနယ်ရဲ့ ကျွမ်းကျင်မှုတွေကြောင့် မြန်မာပြည်ဟာ တရုတ်ရဲ့အကြွေး ထောင်ချောက်ထဲကျဖို့ သီသီလေးလွတ်လာခဲ့ရတယ်။ စစ်ဗိုလ်ချုပ်တွေလက်ထက်မှာ ထင်သလိုစီးပွါးရှာလို့ရနေတဲ့ တရုတ်ကုမ္ပဏီတွေဟာ အရပ်သားအစိုးရလက်ထက်မှာ မချောင်တော့တာသေချာတယ်။ ကျွန်းသစ်တွေကားနဲ့တိုက်ပြီး ခိုးထုတ်နေတဲ့ တရုတ်သစ်သူခိုးတွေကို ပစ်မှုထင်ရှားလို့ ထောင်တစ်သက်တစ်ကျွန်းချပြီးမှ ၈ရက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်ရတာ သမ္မတဦးသိန်းစိန်လက်ထက်လေ။ အရပ်သားအစိုးရလက်ထက်ရောက်တော့ သယံဇာတထုတ်ခွင့် လုံးဝပိတ်လိုက်တာ သယံဇာတသူခိုးတွေဘယ်ကြိုက်ကြမလဲ။ ဒါကြောင့်မို့လို့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က တတိယအကြိမ် စစ်အာဏာသိမ်းတာကို ကန့်ကွက်စကားတစ်ခွန်းမပြော၊ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ် နေတာကို ကြည့်ကောင်းကောင်းနဲ့ကြည့်နေတဲ့ အိမ်နီးချင်းဆိုးတွေ ကြိတ်ပြီး ဝမ်းသာနေကြတယ် ။
သူတို့တွက်ကိန်းက ပြည်သူတွေ ဘယ်လောက်ဆန့်ကျင်ကျင် အချိန်တန်ရင်စစ်တပ်က ငြိမ်အောင်နှိမ်နင်းလိုက်မှာ မြန်မာနိုင်ငံကို စစ်အာဏာရှင်အစိုးရကပဲ အုပ်ချုပ်လို့ရသွားမှာလို့ ပုံသေတွက်ထားကြတာ။ အခုအချိန်မှာ ဒါတွေဘာလို့ရေးပြနေရတာလဲဆိုရင် ခေတ်မတူတော့ဘူးဆိုတာကို အာဏာသိမ်းစစ်တပ်တင်မက အိမ်နီးချင်းတိုင်းပြည်တွေပါ သဘောမပေါက်ကြတာလား သိရဲ့သားနဲ့ စစ်တပ်မနိုင်မချင်း လက်ပိုက်ကြည့်နေကြမလို့လားဆိုတာကို အံ့ဩလို့ရေးပြမှတ်တမ်းတင်တာပါ။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ကမ္ဘာ့အယုတ်မာဆုံး အကြမ်းဖက်အဖွဲ့ကြီးဘဝကိုရောက်နေလည်း သတိပေးဖို့ တားမြစ်ဖို့ ကန့်ကွက်ဖို့လုံးဝမလုပ်၊ ပဇီကြီး မိုဆူး အနံ့ပါ ကနီ လက်ယက်ကုန်းလို ဘာတိုက်ပွဲမှမရှိပဲ ပြည်သူ့ရပ်ရွာတွေကို အသားလွတ် လေယာဉ်နဲ့ဗုံးကြဲပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို လုံးဝအပြစ်မတင် ပြည်သူတွေ ရာချီသေရတဲ့အဖြစ်ကို ဝမ်းနည်းကြောင်းတစ်ခွန်းမဟကြတဲ့ အိမ်နီးချင်းတွေအထဲမှာ တရုတ်အစိုးရရဲ့ နေစိမ့်မှုကို ကျမတို့ မှတ်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးလို့ ၃နှစ်ကျော် တောက်လျှောက်ပြောလာတဲ့ တရုတ်အစိုးရဟာ မင်းအောင်လှိုင်စစ်တပ်ရဲ့ မဟန်ပုံ မြင်လာရတဲ့အခါကျမှ ကျွန်မတို့နွေဦးတော်လှန်ရေးကို တစ်ဖက်ဖက်က နိုင်သွားမှာမလိုလားဘူးဆိုတဲ့ အတွင်းစိတ်တွေ ပွင့်အန်ကျလာတာ ဒီရက်ပိုင်းတွေမှာကြားလိုက်ရပါပြီ ။
တကယ်တော့ ကမ္ဘာပေါ်မှာဘယ်လောက်အင်အားကြီးတဲ့ စစ်တပ်ဖြစ်နေပါစေ ပြည်သူ့ထောက်ခံမှုမရရင် ကျရှုံးရတာ သဘာဝပဲ။ မြန်မာစစ်တပ်ဆိုတာ အကျင့်ပျက်ခြစားမှုတွေအောက်မှာ အတွင်းလှိုက်စားနေတဲ့အဖွဲ့အစည်း စိတ်ဓါတ်ပြင်းထန်ပြီး ပြည်သူလူထုထောက်ခံမှုအပြည့်အဝရထားတဲ့ PDF နဲ့ EROs တွေကိုဘယ်လိုမှမနိုင်ဘူးဆိုတာ ဆွေမျိုးပေါက်ဖော်ကြီး မသိမရှိပါဘူး ။ နေ့စဉ်နဲ့အမျှ နည်းပညာတွေပေါက်ကွဲထွက်လာတဲ့ခေတ်ကြီးမှာ သတင်းအမှန်တွေ ဖြစ်ရပ်အမှန်တွေဆိုတာ ဖုံးကွယ် ထားလို့မရဘူးဆိုတာ အားလုံးသဘောပေါက်ကြမှာပါ။ မြန်မာနိုင်ငံလို ပညာမဲ့တဲ့ စစ်ဗိုလ်ချုပ်တွေရာစုနှစ်ဝက်ကျော် ဗိုလ်ကျ လူပါးဝအုပ်ချုပ်လာတဲ့တိုင်းပြည်က ပြည်သူတွေတောင် သတင်းအမှန်နဲ့သတင်းဂျင်းကို ကောင်းကောင်းခွဲခြားတတ်နေရင် ကိုယ်ပိုင်ဂြိုလ်ထုတွေအာကာသထဲလွှတ်တင်ထားနိုင်တဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးတစ်နိုင်ငံက သတင်းအမှန်ဖြစ်ရပ်အမှန်ကို ပိုပြီးတိတိကျကျသိနိုင်တာပေါ့ မသိချင်ယောင်ဆောင်ပြီး အာဏာရှင်ကို အားဆေးသွင်းနေတာလား စဉ်းစားစရာ။
ယနေ့ ကျွန်မတို့မြန်မာပြည်သူတွေ ဆင်နွဲနေကြရတဲ့ နွေဦးတော်လှန်ရေးကြီးရဲ့အရွေ့ဟာ ၃နှစ်တာကာလအတွင်းမှာ အတော်ခရီးရောက်လာပြီဆိုတာ ပြည်တွင်းကရော ပြည်ပကပါ မြန်မာပြည်သူတွေရော နိုင်ငံတကာအစိုးရတွေပါ မျက်ဝါး ထင်ထင်မြင်လာကြပြီဖြစ်ပါတယ်။ ကိုမင်းကိုနိုင် ပြောသလိုပဲ ၂၀၂၁ တုန်းက မင်းတို့နိုင်မှာ မဟုတ်ပါဘူးလို့ အထင်သေးခဲ့ကြ သူတွေကပဲ အာဏာသိမ်းစစ်တပ်ပြုတ်ကျသွားပြီးရင် မင်းတို့ဘာဆက်လုပ်မှာလဲဆိုတဲ့ မေးခွန်းကို ပြောင်းမေးလာကြပြီ တဲ့။ အခုဒီဆောင်းပါးရေးနေချိန်မှာပဲ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်ထဲကနေ စစ်တပ်ဝန်းထဲက အိမ်တစ်အိမ်ကိုရွှေ့လိုက်ပြီဆိုတဲ့သတင်း ယုံကြည်ရတဲ့သတင်းဌာနတစ်ခုက တင်လာပါပြီ သေချာတာက အာဏာလုစစ် ကောင်စီဟာ သူတို့ထွက်ပေါက်အတွက် နောက်ဆုံးအကွက်ကိုထုတ်သုံးလာပြီဆိုတာပါပဲ။ သူတို့ရှုံးနေပြီလေ။
အာဏာသိမ်းစစ်ကောင်စီနဲ့ အမြတ်ကြမ်းတဲ့ စီမံကိန်းတွေလုပ်ဖို့ Plan ဆွဲထားရင်တော့ဖျက်လိုက်ပါ။ ဒီပွဲဟာ စစ်အာဏာရှင်ကို မြန်မာပြည်သူလူထုက အမြစ်ပြုတ်တိုက်မယ့်ပွဲဖြစ်ပါတယ်။ အာဏာလုစစ်ကောင်စီသက်ဆိုးရှည်ရေးအတွက် ရွေးချယ်ကြမယ်ဆိုရင်တော့ သန်း ၅၀ကျော်သောပြည်သူလူထုရဲ့ ဒေါသနဲ့ကြုံရနိုင်ပါတယ်။ တရုတ်အစိုးရအပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ အစိုးရများအားလုံး ရွေးချယ်ခွင့်ရှိပါတယ် မြန်မာပြည်သူလူထုနဲ့ လက်တွဲမလား စစ်အာဏာရှင်တွေနဲ့ပဲ ဆက်ပေါင်းမလား ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပါပဲ။ မြန်မာပြည်သူတစ်ယောက်အနေနဲ့ပြောချင်တာကတော့ မြန်မာနိုင်ငံကို မြန်မာပြည်သူတွေပိုင်တယ် နိုင်ငံတော်သစ်ကိုမြန်မာပြည်သူတွေရဲ့အစွမ်းနဲ့တည်ဆောက်ကြမှာမို့ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်က အပြီးတိုင်ဖယ်ရှားဖို့ မြန်မာပြည်သူတွေဆုံးဖြတ်ထားပြီးဖြစ်ပါကြောင်း သိစေအပ်ပါတယ် ။ ။
ဂျေလှသင်