ခေတ်သစ်မြန်မာနိုင်ငံရဲ့ အာဇာနည်သူရဲကောင်းတွေရယ်လို့ အသိအမှတ်ပြုခံရတဲ့ ဦးအောင်ဆန်းနဲ့ သူ့ရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ ကျဆုံးခဲ့တာ ဒီနှစ် ဇူလိုင်လ ၁၉ရက်နေ့ဆိုရင် ၇၇ နှစ် ရှိခဲ့ပြီ။ သူတို့အနက် ဗိုလ်ချုပ်အောင်ဆန်း သို့မဟုတ် ဦးအောင်ဆန်းဟာ လွတ်လပ်ရေးခေတ် တပ်မတော်ရဲ့ဖခင်အဖြစ်ရော လွတ်လပ်ရေးဖခင်အဖြစ်ပါ တနိုင်ငံလုံးက အသိအမှတ်ပြုခံရသူဖြစ်တယ်။ ဒီနေရာမှာ ထူးခြားတဲ့ အချက်တခုကတော့ လွတ်လပ်ရေးတိုက်ပွဲဝင်နေစဉ် ကာလမှာ ကျောင်းသားခေါင်းဆောင်၊ သခင်နိုင်ငံရေးခေါင်းဆောင်နဲ့ စစ်ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ့မျိုးချစ်တပ်မတော် (BPF) နဲ့ ဗြိတိသျှတွေ လက်အောက်ခံ ဗမာ့တပ်မတော်(Burma Army) ဆိုတဲ့ စစ်တပ်နှစ်ခုကို ဗြိတိသျှတွေနဲ့ ငြိမ်းချမ်းစွာ ညှိနှိုင်းပြီး လွတ်လပ်ရေးခေတ် မြန်မာ့တပ်မတော်အဖြစ် အောင်မြင်စွာ ဖွဲ့စည်းပေးခဲ့ပြီးတဲ့နောက်မှာမှ စစ်ခေါင်းဆောင်အဖြစ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးခေါင်းဆောင်အဖြစ်ကို ခံယူခဲ့ခြင်း ဖြစ်ပါတယ်။
လွတ်လပ်ရေးကြိုးပမ်းမှုရဲ့ နောက်ဆုံးကာလ ၁၉၄၇ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ တိုင်းပြုပြည်ပြုလွှတ်တော် ၂၁၀ နေရာ ရှိတဲ့အနက် ၁၇၃ နေရာမှာ ဖဆပလ က အနိုင်ရသွားခဲ့တဲ့အတွက် ဖဆပလ ဥက္ကဌ သခင်အောင်ဆန်းဟာ ဘုရင်ခံ အမှုဆောင်ကောင်စီ ဒု-ဥက္ကဌ (နန်းရင်းဝန်/ဝန်ကြီးချုပ်) ဖြစ်လာခဲ့တယ်။ သခင်အောင်ဆန်းဟာ သူရဲ့ တိုတောင်းလှတဲ့ ဘဝလမ်းခရီးအတွင်း အယူအဆထွေပြားလှတဲ့ မြန်မာ့နိုင်ငံရေးလောကကို ဦးဆောင်ပြီး တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့တယ်။ လွတ်လပ်တဲ့တိုင်းပြည်တခုအတွက် မရှိမဖြစ် လိုအပ်တဲ့ စစ်တပ်ကိုလည်း ဦးဆောင်တည်ထောင်ပေးခဲ့တယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ သူ့ရဲ့ နိုင်ငံရေးကျေးဇူးတွေ ဆပ်မကုန်အောင် ရှိခဲ့တယ်။ ဒါ့အပြင် သခင်အောင်ဆန်းဟာ အရွယ်နုစဉ်မှာ ကျဆုံးခဲ့ရလို့၊ တနည်းပြောရရင် မွန်းတည့်ချိန်မှာ နေဝင်ခဲ့ရလို့၊ နိုင်ငံရေးလှိုင်းတံပိုးတွေရဲ့ ရိုက်ခတ်မှုဒဏ်ကို တခြား နှစ်ရှည် နိုင်ငံရေးခေါင်းဆောင်တွေ ဖြစ်ကြတဲ့ သခင်နုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လောက် ပြင်းပြင်းထန်ထန် မခံစားခဲ့ရဘူး။
ဒီကမ္ဘာမှာ လုံးဝဥဿုံ ပြီးပြည့်စုံတဲ့ လူသားမရှိသလို၊ အမှားကင်းတဲ့ နိုင်ငံရေးသမားလည်း မရှိနိုင်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းသည်လလည်း လုံးဝဥဿုံပြီးပြည့်စုံသူ သို့မဟုတ်အမှားကင်းသူ မဟုတ်ပါဘူး။ ဒါပေမဲ့ လူပီသတဲ့ လူသားတယောက်အနေနဲ့ လူ့အသိုင်းအဝိုင်းအတွက် အကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ပေးခဲ့တဲ့ လူတယောက်ဖြစ်လို့ သူ့ရဲ့ နိုင်ငံရေးကျေးဇူးကို ဒီကနေ့ ဒီအချိန်အထိ ကျနော်တို့အားလုံးက အောက်မေ့သတိရနေကြတာပါ။
ခေတ်သစ်မြန်မာ့သမိုင်းမှာ ကိုယ့်နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြ၊ ဆောင်ရွက်နေကြတဲ့ (ဗမာ အပါအဝင်) ဌာနေဖွား တိုင်းရင်းသား မြန်မာနိုင်ငံသားတွေ၊ မိဘဘိုးဘွားတွေက နိုင်ငံခြားသားတွေ ဖြစ်ခဲ့ကြပေမဲ့ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်အပေါ် သစ္စာထားရင်း မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ကောင်းကျိုးကို သယ်ပိုးခဲ့ကြ၊ သယ်ပိုးနေကြတဲ့ လူမျိုးခြား မြန်မာနိုင်ငံသားတွေ၊ ဌာနေဖွား မြန်မာတိုင်းရင်းသားနဲ့ နိုင်ငံသား ဖြစ်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် တခြားနိုင်ငံသားအဖြစ်ကို ခံယူခဲ့ပြီးကာမှ ဒီကနေ့ ဒီအချိန်အထိ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေအတွက် အမြဲစဉ်းစားပြီး ကူညီခဲ့ကြ၊ ကူညီနေကြသူတွေ - စတဲ့ စတဲ့ လူပီသတဲ့ လူသားတွေ မြန်မာ့နိုင်ငံရေးသမိုင်းတလျှောက်မှာ ရေတွက်လို့ မကုန်နိုင်အောင် ရှိခဲ့ပါတယ်။ သူတို့ရဲ့ နိုင်ငံရေးကျေးဇူးတွေကိုလည်း ကျနော်တို့ မမေ့သင့်ပါဘူး။
မြန်မာပြည်အပေါ် အရိပ်မဲကြီးတခုအဖြစ် နှစ်ပေါင်းများစွာ စိုးမိုးနေခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်ကနေ ထာဝရ ပပျောက်သွားအောင် မြန်မာမှန်သမျှက မိမိတို့ တတ်စွမ်းသမျှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြတဲ့ အခုလို ကာလမျိုးမှာ နိုင်ငံသားတဦးချင်းစီ ဒါမှမဟုတ် အစုအဖွဲ့ တခုချင်းစီရဲ့ နိုင်ငံရေးကျေးဇူးကို တခြားနိုင်ငံသားတဦးချင်းစီက အပြန်အလှန် အသိအမှတ်ပြု လေးစားကြဖို့နဲ့ မိမိတို့ရဲ့ ဘုံရည်မှန်းချက် ပျောက်မသွားဘဲ တော်လှန်ရေးကြီး အောင်မြင်သည်ထက် အောင်မြင်လာအောင် ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။
နိုင်ငံရေးကျေးဇူးလို့ ဆိုရာမှာ - မြန်မာ့နိုင်ငံရေးသမိုင်းတလျှောက် စစ်အာဏာရှင်စနစ်အပါအဝင် မတရားမှုမှန်သမျှကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်ခဲ့ကြသူတွေ၊ ဆန့်ကျင်နေကြသူတွေရဲ့ ကျေးဇူးတရားတွေအားလုံး အကျုံးဝင်ပါတယ်။ ဒီလို ကျေးဇူးတင်ထိုက်သူတွေထဲမှာ - အာဏာရှင်ဆန့်ကျင်ရေး ကြိုးပမ်းမှုတလျှောက်မှာ လမ်းလျှောက်ပြီး ဆန္ဒပြကြသူတွေ၊ (လက်သုံးချောင်းထောင်တာမျိုးလို) သင်္ကေတပြပြီး ဆန့်ကျင်ကြသူတွေ၊ သံပုံးတီးခဲ့ကြသူတွေ၊ မတရားမှုကို အနုပညာနဲ့ ဆန့်ကျင်ပြကြသူတွေ၊ အနုနည်းနဲ့ အာဏာဖီဆန်ကြသူတွေ၊ CDM ဝင်ကြသူတွေ၊ နိုင်ငံရေးကြောင့် အကျဉ်းကျနေသူတွေ၊ သူတို့ကို အားပေးကြတဲ့ မိဘတွေနဲ့ အိမ်ထောင်ဖက်တွေ၊ ပြည်တွင်းပြည်ပကနေ စိတ်ဓာတ်နဲ့ ငွေကြေးအရ ထောက်ပံ့ကူညီနေကြသူတွေ၊ မြို့ပေါ်က ယူဂျီတွေ၊ တောထဲက တော်လှန်ရေးရဲဘော်တွေ၊ စစ်တပ်ရဲ့ နှိပ်စက်ညှင်းပန်းမှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရကြသူတွေ၊ တိုက်ပွဲမှာ ကျဆုံးကြသူတွေ - စတဲ့ ပုဂ္ဂိုလ်တွေအားလုံး အကျုံးဝင်ပါတယ်။
ဒါကြောင့် ဇူလိုင် ၁၉ ရက်နေ့၊ အာဇာနည်နေ့မှာ ဦးအောင်ဆန်းနဲ့တကွ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အာဇာနည်သူရဲကောင်း ကိုးဦးရဲ့ နိုင်ငံရေးကျေးဇူးကိုသာမက၊ ခေတ်အဆက်ဆက်မှာ ရှိခဲ့တဲ့ လက်ရှိမှာလည်း ရှိနေဆဲဖြစ်တဲ့ နိုင်ငံရေးအရ ကျေးဇူးတင်ထိုက်သူတွေအားလုံးရဲ့ နိုင်ငံရေးဂုဏ်ကျေးဇူးတွေကိုပါ အောက်မေ့သတိရကြပါစို့ ခင်ဗျာ။
မောင်မောင်မြင့် ရေးသည်။