မြန်မာ့တော်လှန်ရေး၏ အခြေအမြစ် လောဂျစ်
May 02, 2024 created by Toward 1.8K

မြန်မာ့တော်လှန်ရေး၏ အခြေအမြစ် လောဂျစ်

Matthew B. Arnold, Ph.D.

မြန်မာ့တော်လှန်ရေးမှာ တစ်ခုတည်းရှိရမယ့် အမိန့်ပေးစီးဆင်းပုံစနစ်ပျောက်ဆုံးနေသလို အဂ္ဂဗျူဟာ တစ်ရပ်လည်း မရှိဘူးလို့ မကြာခဏ ကြားရတတ်ပါတယ်။ ဒါကိုကြည့်ပြီး မြန်မာ့တော်လှန်ရေးဟာ တာရှည် တောင့်ထားနိုင်မှာမဟုတ်ဘူး- စစ်တပ်ကိုလည်း နိုင်အောင်တိုက်နိုင်မှာမဟုတ်ဘူး၊ ပြည့်အရေးအတွက် ရလဒ်ကောင်းထွက်နိုင်တဲ့ ညှိနှိုင်းဆွေးနွေးမှုမျိုးတွေလည်း ရှိလာဖို့မလွယ်ဘူးလို့ ပြောကြတာတွေလည်း ရှိပါတယ်။ ဗဟိုချက်တစ်ခုခုကနေ ကမကထလုပ်ပေးပြီး နွေဦးတော်လှန်ရေးတစ်ခုလုံးကို ထိန်းချုပ် စီမံနေတာမျိုးဟာ ဒီတော်လှန်ရေးပေါ်လာခဲ့ကတည်း ဘယ်တုန်းကမှ မလိုအပ်ခဲ့ပါဘူး။ အကြောင်းကတော့ ဒီတော်လှန်ရေးဟာ ပြည်သူကြားက အခြေခံပြီး Bottom-up အောက်ခြေကစ ပေါ်ပေါက်ခဲ့လို့ပါပဲ။ ခေါင်းဆောင်သစ်တွေပေါ်လာကြတယ်။ ခေါင်းဆောင်ဟောင်းတွေကတော့ တော်လှန်ရေးရှေ့ကိုရောက်နိုင်ဖို့ ဝိုင်းကူကြတယ်။ ဒီလိုနဲ့ပဲ ပြည်သူ့အားကို ယူပြီး စုပေါင်းခေါင်းဆောင်မှုဆိုတဲ့ အခြေခံမူနဲ့ သွားခဲ့ကြတာဖြစ်ပြီး ဒီလိုနည်းကလည်း ထိရောက်တယ်ဆိုတာကိုပြသနိုင်ခဲ့တယ်။ ဒီအဖြစ်အပျက်တွေက အောက်ခြေမှာလည်း မှန်ကန်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းဖော်ပြနေတာကတော့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင် တွန်းလှန်မှုတွေ ပေါ်ပေါက်လာခဲ့ပြီးနောက်မှာ ဆက်ထိန်းထားနိုင်ခဲ့ပြီး ခြေကုတ်ခိုင်မာလှတဲ့စစ်တပ်ကို သမိုင်းပြောင်တဲ့ ထိုးနှက်မှုတွေနဲ့ ထိုးစစ်ဆင်နိုင်ခဲ့တာကိုကြည့်ပြီးသိနိုင်တယ်။ တော်လှန်ရေးအရှိန်ကို ပိုပြီး တင်လာနိုင်ခဲ့တယ်။ 

လက်နက်ကိုင်တော်လှန်ရေး သုံးနှစ်ကျော်လာချိန်မှာ ဖြစ်ဖြစ်ခဲ့သမျှတွေကိုပြန်ကြည့်ရင် တကယ်လို့သာ အရင်တုန်းကပြောခဲ့ကြသလို တစ်သွေးတစ်သံ တစ်မိန့် တော်လှန်တပ်တစ်ခုအဖြစ်နဲ့ စစ်အာဏဦရှင်ကို ပြန်တိုက်နိုင်ခဲ့ရင် အားလုံးပေါင်းမှ နိုင်ငံရေးမဟာဗျူဟာကလည်း တစ်ခုပဲ ရှိခဲ့တယ် ဆိုရင်  ဒီလိုတောင် ဖြစ်လာပါ့မလားလို့ အငြင်းအခုံဖြစ်စရာရှိတယ်။ တော်လှန်ရေးအပေါ်မှာ ပြည်သူက နှစ်ထောင်းအားရ ထောက်ခံနေကြတုန်းပဲ။ တော်လှန်ရေးဟာ ဗမာလူများစုကြီးကိုရော လူမျိုးစုအသီးသီးဆီကိုရော လွှမ်းခြုံထားတယ်။ စစ်အာဏာရှင်တွေဟာ မြန်မာနယ်ခြားဒေသများစွာကိုဆုံးရှုံးခဲ့ရပြီး အကြီးဆုံးနယ်စပ် ထွက်ပေါက်တွေဖြစ်တဲ့ တရုတ်နဲ့ ထိုင်းကို ကူးသန်းတဲ့နေရာတွေမှာပါ အထိနာခဲ့ရတယ်။ ရှမ်းမြောက်နဲ့ ရခိုင်က စခန်းတွေ အပါအဝင် စစ်တပ်ထူထဲစွာ ချထားတဲ့ အခိုင်အမာနေရာတွေကိုတောင် လက်လွှတ်ခဲ့ရပြီးပြီ။ ဒီဖြစ်စဉ်တွေအားလုံးဟာ စစ်တပ်ရဲ့ တိုက်ခိုက်မှုစွမ်းရည်ကို အများကြီး ကျဆင်းသွားစေတယ်။ တချိန်တည်းမှာပဲ ဗမာပြည်မမှာလည်း တော်လှန်ရေးဟာ အားကောင်းနေသေးတယ်။ ဒီအဓိပ္ပါယ်ကတော့ စစ်တပ်ဟာ အိန္ဒိယသမုဒ္ဒရာကနေ စလို့ တရုတ်နယ်စပ်အထိကို စစ်ပွဲတွေ ခင်းထားရတဲ့သဘောပဲ။ တော်လှန်ရေးတပ်တွေဟာ နေပြည်တော်ရဲ့ တံခါးဝကို ရောက်နေကြပြီ။ မန္တလေးနဲ့ဆိုရင် မလှမ်းမကမ်းမှာပဲရှိနေကြတယ်။ ရှမ်းတောင်နဲ့ ကရင်နီကနေ တနင်္သာရီအထိကို တော်လှန်ရေးတပ်တွေရှိနေကြတယ်။ စစ်တပ်ရဲ့လေတပ်တွေဟာ သူတို့ကို ပုံမှန် တိုက်ခိုက်နေကြတယ်။ ရန်ကုန်-နေပြည်တော်လမ်းလို နိုင်ငံရဲ့ အချက်အချာနေရာတွေမှာရှိတဲ့ ပင်မ အခြေခံအဆောက်အဦတွေ‌ဟာ မလုံခြုံတော့ဘူး။ ထိုင်းကို ထွက်တဲ့ အာရှလမ်းမကြီးကလည်း ထိုနည်းတူပဲ စစ်အာဏာရှင်တွေလက်အောက်မှာ မရှိတော့ဘူး။ တော်လှန်ရေးတပ်အချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်မှုဟာ ပိုပြီး မြင့်မားလာသလို ဘုံလိုလားတဲ့ နိုင်ငံရေးလိုလားတောင့်တချက်တွေနဲ့ပတ်သက်လို့လည်း ပိုပြီး ပွင့်လင်းလာကြတယ်။ 

မြန်မာ့တော်လှန်ရေးဟာ အော်ဂင်းနစ်ဖြစ်တဲ့အပေါ် အခြေခံတာပါ။ မြန်မာစစ်အာဏာရှင်ကို ချေမှူန်းဖို့ အဘက်ဘက်က လူပေါင်းများစွာပါဝင်ပြီး စုပေါင်းဆောင်ရွက်ကြတဲ့ ပွဲပါ။ ဒီလို စစ်စစ်မှန်မှန် ပေါင်းစည်း မိကြတာကလည်း အရင်ကတည်းက ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်ကိုတော်လှန်ခဲ့ကြတဲ့ လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့အတူ အာဏာသိမ်းခြင်းက တော်လှန်စိတ်ကို မီးထိုးလိုက်တဲ့အခါ ပါဝင်လာကြတဲ့  မျိုးဆက်ပေါင်းစုံရဲ့ တွန်းလှန်မှုကနေ ပေါ်လာတာပါ။ လူမျိုးစု တစ်ခုတည်းမဟုတ်ဘဲ လူမျိုးစုအချင်းချင်းပူးပေါင်းဆောင်ရွက်တဲ့ တော်လှန်ရေးဟာ အောက်ခြေကနေ ခိုင်ခိုင်မာမာပေါ်လာခဲ့ပြီး တိုင်းပြည်ကနေ စစ်အာဏာရှင်ကိုမောင်းထုတ်ဖို့ တညီတညွတ်တည်းအာသီသရှိနေကြပါတယ်။ ပုံစံသစ်နဲ့ ဖက်ဒရယ်ဒီမိုက‌ရေစီကို သွားဖို့ မျှော်မှန်းဆောင်ရွက်နေကြပါတယ်။ ဒီစစ်မှန်တဲ့ တော်လှန်ရေးမှာ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ ဒီတော်လှန်ရေးရဲ့ သဘာဝကိုက တစ်နိုင်ငံလုံးလူထုလှုပ်ရှားမှုအနေနဲ့ ဖြစ်တည်တာပါ။ စစ်တပ်ရဲ့ ဆက်တိုက် အင်အားချိနဲ့လာမှုကြောင့် တော်လှန်ရေးသမားတွေရဲ့ ရှေ့ကို ချီတက်ချင်တဲ့စိတ်ကို ပိုပြီးပြင်းပြစေပါတယ်။ ဒီနေရာမှာ လူထုပါဝင်တဲ့ တော်လှန်ရေးဖြစ်တာရယ်၊ စကစရဲ့ အရှုံးက ဆက်တိုက်ပေါ်လာတာရယ် နှစ်ခု ပေါင်းသွားတဲ့အခါ ပိုပြီး အားပါတဲ့ တော်လှန်ရေးဖြစ်လာစေပါတယ်။ ဒါကပဲ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အုတ်မြစ်ပါ။ 

ဒါတွေဟာ ဖြစ်ပျက်နေပြီးသားကိစ္စတွေမို့ ဒီအဖြစ်အပျက်တွေကနေ ဘာကို ထပ်ပြီးမျှော်လင့်နိုင်မလဲ။ တစ်နိုင်ငံလုံးကို နည်းနည်းနဲ့ကျဲကျဲ ဝိုင်းထားတဲ့ စစ်တပ်ဟာ နေရာတိုင်းမှာ သွေးထွက်သံယိုရှုံးနေရပြီး တအိအိ ပြိုကျလာနေတယ်။ သိသာလာတာကတော့ နောက်တစ်ဆင့်ဘယ်ကိုသွားမလဲဆိုတာက ဆက်တိုက် ဖြစ်လာတဲ့ အခြေအနေတွေအပေါ်မှာ မူတည်နေပြီး စိတ်အားတက်စရာတစ်ခုကနေ နောက်တစ်ခုဆီ ကူးနိုင်သွားနိုင်ပါတယ်။ လှိုင်းတွေလို တစ်လှိုင်းပြီးတစ်လှိုင်း စစ်တပ်ကိုတရိရိဖြိုလာနိုင်တဲ့အခါ အတိုင်းအဆပမာဏကို မခန့်မှန်းနိုင်ပေမယ့် မှန်းဆလို့ရနိုင်တဲ့ အခြေအနေတွေ ပေါ်လာနိုင်ပါတယ်။ ရခိုင်ကိုကြည့်ရင် ရှမ်းမြောက်အပြီးမှာ ဆက်တိုက်လာတဲ့ လှိုင်းလို့ မြင်နေရပြီး အဲဒီနောက်မှာတော့ ကချင်က ထပ်ချပ်ပါလာပါတယ်။ တချိန်တည်းမှာ မြဝတီဟာ ပြင်းထန်တဲ့လှိုင်းတစ်ချက်လို့ပြောရမှာပါ။ စစ်တပ်ဟာ တစ်ချက်တည်း ဘယ်တော့မှ ဆူနာမီလာသလို အုံးကနဲ ပြိုကျလာမှာ မဟုတ်ပါဘူး။ ဒီတော်လှန်ရေးက စကတည်းကိုက မတူညီတဲ့နေရာတွေ အနှံ့အပြားကဖြစ်တည်လာတဲ့ တော်လှန်ရေးဖြစ်တာကြောင့်ပါ။ နှစ်ပေါင်းများစွာရှိနေတဲ့ တိုင်းပြည်ထူထောင်ရေးနဲ့ပတ်သက်လို့ နားလည်မှုတွေ မတူနေကြတာကို တစ်စုနဲ့ တစ်စုကြားမှာ ညှိနှိုင်းကြဖို့ ယုံကြည်မှုတည်ဆောက်ကြဖို့ အချိန်ယူရမှာပါ။ စခဲ့တဲ့အချိန်မှာလည်း ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံ့အာဏာကို ယူထားခဲ့ပြီး ပြည်သူကို အကြမ်းဖမ်းမှု အလုံးအရင်းလုပ်ဖို့ ဝန်မလေးတဲ့ မြန်မာစစ်တပ်ကို တိုက်ထုတ်ပစ်ချင်တဲ့ စိတ်တစ်ခုနဲ့ စခဲ့ကြတာဖြစ်ပါတယ်။ နောက်ထပ်သုံးသပ်ရတဲ့ အခြေအနေတွေကလည်း စစ်တပ်ဟာ တစ်ချက်တည်းနဲ့ပြိုမှာ မဟုတ်ဘူးဆိုတာကို ပြနေပါတယ်။ ပထမတစ်ချက်ကတော့ စစ်တပ်မှာတော်လှန်ရေးသမားတွေထက်စာရင် အရင်ကတည်းက တည်ဆောက် ထားခဲ့တဲ့ အစွမ်းအစတွေရှိပါတယ်။ စစ်တိုက်ရာမှာ အသက်သွေးကြောဖြစ်တဲ့ ဖောက်ခွဲရေး လုပ်ငန်းတွေကိုကြည့်ရင်တောင် သူတို့ဆီမှာ ရှိတဲ့ တည်ဆောက်ထားမှုကိုမြင်နိုင်ပါတယ်။ ဒါတွေရှိတယ် မရှိဘူးဆိုတာက စစ်ရေးမှာ အရာရာ စကားပြောပါတယ်။ 

စစ်ဆင်ရေး ၁၀၂၇ ဆိုရင်လည်း သူက လှိုင်းတွေထဲက တစ်ခုဖြစ်ခဲ့တယ်။ တော်လှန်ရေးအတွက် ဧရာမ မှတ်တိုင်တစ်ခုဖြစ်ခဲ့ပြီး ဆက်ပြီး အရှိန်ရအောင် မီးထိုးပေးနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီလှိုင်းဟာ ပထမဆုံး လှိုင်းတော့ မဟုတ်ဘူး။ ဒါက ငန်းနက်လို ဖြစ်‌တောင့်ဖြစ်ခဲ မမှန်းဆနိုင်ဘဲ ထဖြစ်တဲ့ ကိစ္စမျိုးဖြစ်ခဲ့တယ်။ အဲဒီမတိုင်ခင်ကတော့ ဒီငန်းနက်ကို ပိုပြီးအားတက်စရာဖြစ်နိုင်လောက်တဲ့ အစောပိုင်းလှိုင်းတွေ ရှိခဲ့တယ်။ ပထမဆုံးလှိုင်းကတော့ စစ်ကိုင်းနဲ့ မကွေးတိုင်းမြောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးတပ်တွေ ၂၀၂၂ နွေလောက်မှာ အပြိုင်းအရိုင်းပေါ်လာကြတာပဲ။ ဒီဗမာတွေနေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းကို စစ်တပ်က ပြိုအောင် မဖြိုလိုက်နိုင်တာကြောင့် စစ်တပ်ရဲ့ လူသူလက်နက် နဲ့ တခြားအရင်းအမြစ်တွေကို ထပ်ပြီးတိုက်စားနိုင်တဲ့ အပြောင်းအလဲတွေ ဖြစ်လာစေခဲ့တယ်။ 

ဒုတိယလှိုင်းကတော့ ကရင်နီနဲ့ ချင်းမှာ ၂၀၂၂ တစ်လျှောက်လုံး တိုက်ပြီးရခဲ့တဲ့ အောင်ပွဲတွေပဲဖြစ်တယ်။ ဒီပြည်နယ်နှစ်ခုစလုံးမှာ ဘယ်မြို့ကိုမှ စစ်တပ်က ပြန်မယူနိုင်တာမို့ တော်လှန်ရေးဘက်က သူတို့ပြည်နယ်ကို သူတို့ဘာသာ ထိန်းထားနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီနယ်တွေမှာ စစ်တပ်ဟာ ဒါကြောင့်မို့လည်း မြို့ပြနေရာကွက်ကွက်ကလွဲလို့ မရွေ့နိုင်ဘဲ ပိုပြီး ပိတ်မိလာပါတယ်။ တတိယလှိုင်းကတော့ ၂၀၂၃ အစောပိုင်း စစ်တောင်းမြစ် တလျှောက်မှာ KNU နဲ့ PDF တွေရဲ့ ထိုးစစ်တွေဖြစ်ပါတယ်။ ဒီပွဲတွေကို ၂၀၂၂ တစ်ခုလုံးမှာ KNU ဆီကနေ စစ်တပ်က သိမ်းယူခဲ့တဲ့ စခန်းဟောင်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာတွေကို အခြေခံခဲ့ပါတယ်။ ချင်း၊ ကရင်နီနဲ့ ကော်သူးလေ တို့က အောင်ပွဲတွေကိုကြည့်ရင် စစ်တပ်ဟာ ဒီနေရာတွေမှာ အရှိန်လုံးဝပြန်မတင်နိုင်တာကိုတွေ့ရပါတယ်။ စစ်တပ်ဟာ လွတ်လွတ်လပ်လပ် သွားလာလို့မရတော့သလို ကျေးလက်ကိုလည်း မထိန်းချုပ်နိုင်တော့ပါဘူး။ 

မြန်မာ့တော်လှန်ရေးဟာ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ အောင်မြင်မှုတွေ ရနေခဲ့ပါတယ်။ အောင်မြင်မှုကို မြင်ချင်သလောက် ရှင်းရှင်းလင်းလင်းမမြင်ရပေမယ့် အောင်မြင်တဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။ တအိအိနဲ့ တလှိုင်းပြီး တလှိုင်းပြိုကျလာတာဟာ ပြည်သူလူထုရဲ့ တော်လှန်ရေးအာသီသကြောင့်ပါ။ တဖြည်းဖြည်းနဲ့လည်း ဒီစစ်တပ်ကို နိုင်အောင်တိုက်နိုင်တယ်ဆိုတာ ပိုပိုရှင်းလာပါပြီ။ စစ်အာဏာရှင်တွေအပေါ် ပြတ်ပြတ်သားသား အောင်နိုင်ဖို့ သေချာလောက်တဲ့ အချိုးအကွေ့တွေလည်းရောက်ခဲ့ပါပြီ။ ဒီအချိုးအကွေ့တွေဟာ  ဆက်သွားရမယ့် ပန်းတိုင်ကိုမြင်စေပါတယ်။ စစ်ပွဲထဲက အားမာန်ကိုတက်စေပါတယ်။ ဒါပေမယ့်လည်း ဒီအရှိန်ကုန်သွား တာမျိုးလည်း တစ်ဖက်မှာ ဖြစ်နိုင်ပါသေးတယ်။ မြန်မာ့တော်လှန်ရေးဟာ အတွင်းရော အပြင်မှာပါ ခြိမ်းခြောက်မှု တွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

မူနဲ့ဘောင်နဲ့ တည်ဆောက်ရမယ့် ဆက်ဆံရေးတွေ၊ ဖွဲ့စည်းပုံတွေလည်း ရှိနေပါသေးတယ်။ ခုချိန်ထိ တော်လှန်ရေးကို ဆက်သယ်လာခဲ့တဲ့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ပဲ ပိုပြီး ခိုင်မာအားကောင်းတဲ့ ဆက်ဆံရေးတွင် အင်စတီကျူးရှင်းတွေကို ချိတ်ဆက်တည်ဆောက်နိုင်သွားပါလိမ့်မယ်။