မြန်မာစစ်အုပ်စုက ရုတ်တရက်နှင့် အလျင်အမြန် ပြိုလဲကျရှုံးလာနေသည်
“The Bottom is Falling out for Myanmar’s Junta”
Blog Post by Joshua Kurlantzick
CFR (Council on Foreign Relations)
April 22, 2024.
မြန်မာစစ်တပ်အတွင်း ဘက်ပြောင်းမှုများနှင့် စစ်ရေးအရဆုံးရှုံးရမှုများက အလျင်အမြန် မြင့်တက်လာနေမှုနှင့်အတူ၊ စစ်အုပ်စု၏ အာဏာကိုချုပ်ကိုင်လျက် ဆက်လက်ရှင်သန်နိုင်ခြေရှိမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာနေသည်။
.
မကြာသေးမီ ရက်သတ္တပတ်များအတွင်း များပြားလှသည့် စစ်ပွဲများတွင် တစ်ဆက်တည်း ရှုံးနိမ့်လာခဲ့မှုများ၊ ဘက်ပြောင်းမှုများ၊ နယ်မြေဆုံးရှုံးရမှုများနှင့် ရင်ဆိုင်နေသည့် မြန်မာစစ်တပ်အနေဖြင့် လမ်းဆုံလမ်းခွတစ်ခုတွင် ရောက်ရှိနေပုံရသည်။ နောက်ဆက်တွဲအဖြစ် စစ်အုပ်စုအနေဖြင့် ရုတ်တရက်နှင့် အလျင်အမြန် ပြိုလဲကျရှုံးလာနိုင်သဖြင့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားတိုင်းပြည်များ နှစ်ခုစလုံးတို့အနေဖြင့် ကစားပွဲ၏ နောက်ဆုံးအပိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း ဖြစ်ရပ်များစွာတို့က ညွှန်ပြလျက် ရှိနေကြသည်။ မကြာမီ ဖြစ်လာနိုင်ခြေရှိမှုများအတွင်း – စစ်အုပ်စုအတွင်း ပြိုကွဲရန် အလားအလာရှိမှု၊ ဆုံးရှုံးသွားသည့် နယ်မြေများကို ပြန်လည်သိမ်းယူနိုင်ရန် စစ်တပ်က ပိုမိုရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများကိုပင် အသုံးပြုလျက် နောက်ဆုံးအကြိမ်အဖြစ် ကြိုးပမ်းမှုများ သို့မဟုတ် အကြီးတန်းအရာရှိများ၏ ထွက်ပြေးရန် ကြိုးပမ်းမှု၊ နိုင်ငံအတွင်းနှင့် ပြည်ပရှိ ၎င်းတို့၏ပိုင်ဆိုင်မှုများ လုံခြုံမှုရှိစေရန်နှင့် ၎င်းတို့အားလက်ခံမည့် တတိယနိုင်ငံများအား ရှာဖွေခြင်းအထိ ပါဝင်သည့် အလားတူအခြေအနေမျိုး၏ နောက်ဆုံးအဆင့်တွင် ကြုံတွေ့ရလေ့ရှိသည့် ဖြစ်စဥ်ဖြစ်ရပ်များ ပါဝင်နိုင်သည်။
ခုခံတော်လှန်ရေး မဟာမိတ်အဖွဲ့များက စစ်အုပ်စုအပေါ် အချိန်ကြာမြင့်စွာပင် စစ်ရေးအရ ဖိအားများ တိုးမြှင့်ပေးနေခဲ့သော်လည်း၊ သိသာထင်ရှားသည့် ထိုးဖောက်အောင်မြင်မှုများက ယခုအခါ ပိုမိုလျင်မြန်သည့် အချိန်ပိုင်းအတွင်း ဖြစ်ထွန်းလာလျက် ရှိနေကြသည်။ စစ်အုပ်စုအနေဖြင့် ထိုင်းနိုင်ငံနယ်စပ်ရှိ အရေးပါသည့် မြဝတီမြို့ကို ခံတော်လှန်ရေးတပ်ဖွဲ့များထံ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ဤဆုံးရှုံးမှုက ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်ဆုံးရှုံးရမှု ဖြစ်ရုံမျှသာမက၊ စစ်အုပ်စု၏ ရှေ့အလားအလာအပေါ် တိုး၍သာ သံသယရှိလာနေသည့် ထိုင်းအစိုးရက ခွင့်ပြုလျင်၊ ခုခံတော်လှန်ရေးအတွက် အကူအညီများ၊ လူအင်အားများ သို့မဟုတ် အခြားပစ္စည်းကိရိယာများကို ထိုင်းနိုင်ငံမှတစ်ဆင့် ရရှိနိုင်စရာ လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးမည့် အလားအလာရှိနေသည်။
စစ်အုပ်စုက ၎င်းတို့အတွက် ဘေးကင်းသည်ဟု (မှားယွင်းစွာ) ထင်မြင်ယူဆနေသည့် နယ်မြေဒေသများတွင်လည်း ခုခံတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြပြီး၊ ၎င်းတို့အနေဖြင့် မည်သည့်နေရာတွင်မဆို စစ်တပ်အား တိုက်ခိုက်နိုင်စွမ်းရှိသည် ဆိုသည်ကို မြန်မာနိုင်ငံသားများ၊ စစ်တပ်၏ တပ်ဖွဲ့များနှင့် ထိပ်ပိုင်းခေါင်းဆောင်များအား သတင်းစကား ပါးခဲ့ကြသည်။ မကြာမြင့်မီက ခုခံတော်လှန်ရေးတပ်ဖွဲ့များ၏ မောင်းသူမဲ့ ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်ခဲ့မှုများက ကြီးမားသည့်ရည်ရွယ်ချက်ဖြင့် စစ်တပ်က တည်ဆောက်ထားပြီး ထိုးဖောက်တိုက်ခိုက် သိမ်းပိုက်၍မရနိုင်ဟု ယူဆထားခဲ့သည့် မြို့တော်နေပြည်တော်တွင် ထိခိုက်ပျက်စီးမှုများစွာကိုမူ ဖြစ်ပေါ်စေခဲ့ခြင်း မရှိပေ။ သို့ရာတွင် အဆိုပါ တိုက်ခိုက်မှုများက ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ဖွယ်ရှိပြီး၊ ခုခံတော်လှန်ရေး တပ်ဖွဲ့များက မြန်မာနိုင်ငံအလယ်ပိုင်းရှိ လူများစု ဗမာများနေထိုင်ရာ အခြားဒေသများအပြင် မြို့တော်နေပြည်တော်တွင်ပင် တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ပြသခဲ့ကြသည်။
မြန်မာနိုင်ငံ အနောက်ဘက်ပိုင်းတွင်လည်း စစ်တပ်အနေဖြင့် အင်အားကြီးမားသည့် ခုခံတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော အာရက္ခတပ်တော်ထံ ဆုံးရှုံးရမှုများက တိုးမြင့်လာလျက် ရှိနေသည်။ နိုင်ငံ၏ များပြားလှသည့် အစိတ်အပိုင်းများကို စစ်တပ်က ထိရောက်စွာ ထိန်းချုပ်နိုင်မှုမှာ ယခုအခါ လျော့ကျလာနေပြီး၊ အလယ်ပိုင်း ဗမာဒေသများတွင်ပင် မြို့ပြဗဟိုချက်နေရာများမှလွဲ၍ အခြားနေရာဒေသများတွင် စစ်တပ်က ထိန်းချုပ်ထားနိုင်ခြင်း ရှိ-မရှိ ဆိုသည်က ရှင်းရှင်းလင်းလင်း မရှိလှပေ။
ထို့အပြင်၊ ယခုအခါ စစ်တပ်အနေဖြင့် ပိုမိုကြီးမားသည့် ဘက်ပြောင်းမှုများ၊ လက်နက်ချမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ပိုမို၍အရေးပါသည့် နေရာဒေသများတွင် ခုခံတော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်အပေါ် ကြီးမားသည့်တိုက်ခိုက်မှုများနှင့် စစ်တက္ကသိုလ်များကိုပင် တိုက်ခိုက်ရန် ကြိုးပမ်းလာကြသည်အထိ၊ ၎င်းတို့အား ဆန့်ကျင်တိုက်ခိုက်ရာတွင် အားကောင်းရဲရင့်လာကြသည်ကို စစ်တပ်က မြင်တွေ့လာခဲ့ရသည်။ စစ်အုပ်စုအတွင်း အဆင့်မြင့်ပုဂ္ဂိုလ်များအား တိုက်ခိုက်မှုများနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများကလည်း ပို၍အဖြစ်များလာခဲ့သည်။
ဝါရှင်တန်ပို့စ်ထ် သတင်းစာ၏ ဖော်ပြချက်အရ၊ ထိပ်တန်းအရာရှိကြီးများ မဟုတ်သည့် အခြားတပ်ဖွဲ့ဝင်များအား ကျွေးမွေးရန် စစ်အုပ်စုတွင် စားနပ်ရိက္ခာအနည်းငယ်မျှသာ ကျန်ရှိနေပြီး၊ အရေးကြီးသည့် စစ်ဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့မှုတွင်လည်း လျော့နည်းလာသည်ဟု စစ်တပ်မှ ထွက်ပြေးလာခဲ့သူများက ဆိုကြသည်။ တစ်ချိန်တည်းမှာပင်၊ အမျိုးသားများနှင့် မိသားစုများအတွက် စစ်တပ်အတွင်းသို့ ဝင်ရောက်ရန် အစဥ်အမြဲ ဆွဲဆောင်မှုရှိခဲ့သည့် စင်ပြိုင်လူမှုဖူလုံရေးကွန်ရက်မှာ လုံးဝပြိုကွဲသွားခဲ့ပြီး၊ ယခုအခါ အသုံးမဝင်တော့ဘဲ ဆွဲဆောင်မှုလည်း မရှိတော့ချေ။ စစ်သည်များမှာ မျှော်လင့်ချက်မဲ့ စိတ်ပျက်နေကြပြီး၊ လက်တွေ့အမှန်တွင် စစ်တပ်ကရှုံးနိမ့်နေကြောင်းနှင့် ခုခံတော်လှန်ရေး အင်အားစုများမှာ “အကြမ်းဖက်သမားများ” မဟုတ်ကြဘဲ သို့မဟုတ် အခြားဆိုးရွားသည့် အဖွဲ့အစည်းများသည်သာ အကြမ်းဖက်အဖွဲ့များ ဖြစ်သည်ဆိုသည့် အချက်ကို သတိမမူမိစေရန်၊ စစ်အုပ်စုက ၎င်းတို့အား ပြင်ပနှင့်အဆက်ဖြတ်ကာ အထီးကျန်စေခြင်းဖြင့် ဖုံးကွယ်ထားခဲ့ခြင်းက ဘက်ပြောင်းမှုများ တိုးလာသည်နှင့်အတူ ပြိုကွဲလာလျက် ရှိသည်။
အချို့သော ပစ္စည်းများကို ပေးစွမ်းနိုင်သေးသော်လည်း ၎င်း၏ကိုယ်ပိုင်စစ်ပွဲများအတွက် လက်နက်အများစုကို လိုအပ်နေသည့် ရုရှားနိုင်ငံအပြင်၊ အခြားမည်သည့်နိုင်ငံက စစ်အုပ်စုအား ပြန်လည်ထောက်ပံ့ဖြည့်ဆည်း – သို့မဟုတ် သံတမန်နည်းအရပင် နောက်ကွယ်မှ ဆက်လက်ရပ်တည်မှု ပေးနိုင်ပါမည်နည်း။ ယူကရိန်းစစ်ပွဲအတွက် လိုအပ်နေသည့်အတွက် မော်စကိုက မြန်မာစစ်တပ်အား ပေးခဲ့သည့် လက်နက်အချို့ကို ပြန်ပို့ပေးရန်အတွက်ပင် ရုရှားက စစ်အုပ်စုအား တောင်းဆိုခဲ့သည်။ စစ်အုပ်စုအား လက်နက်ပေးသွင်းနိုင်သူများက ပို၍ပို၍နည်းပါးလာနေပြီး – မြောက်ကိုရီးယားသည်ပင် ရုရှားအား လက်နက်ထောက်ပံ့မှုအပေါ်တွင်သာ ပို၍အာရုံစိုက်လာခဲ့သည်။ သံတမန်ဆက်ဆံရေးနှင့် ပတ်သက်၍ အာဆီယံသည် အာဏာသိမ်းပြီးကတည်းက ဂုဏ်ယူဝံ့ကြွားစရာ မရှိခဲ့သော်လည်း၊ စစ်အုပ်စုနှင့် ၎င်း၏ သက်တမ်းရှည်ကြာ ရှိနေနိုင်မှုအပေါ် အရှေ့တောင်အာရှနိုင်ငံအချို့၏ အမြင်များတွင် အပြောင်းအလဲ ရှိလာနေပုံရသည်။ အမှန်တကယ်ပင်၊ ထိုင်းနိုင်ငံကဲ့သို့ စစ်အုပ်စုနှင့်ပတ်သက်လာလျင် ခြံစည်းရိုးခွ၍ ထိုင်နေခဲ့လေ့ရှိသည့် အာဆီယံနိုင်ငံများသည်ပင်လျင် ယခုအခါ စစ်အုပ်စု၏ ကျဆုံးခန်းကို ခန့်မှန်းထားလုနီးပါး ဖြစ်နေပုံရသည် သို့မဟုတ် အနည်းဆုံးအဖြစ် ထိုအချိန်အတွက် ပြင်ဆင်နေကြပုံ ရသည်။ (မလေးရှားနှင့် အင်ဒိုနီးရှားကဲ့သို့သော အာဆီယံနိုင်ငံအများအပြားက လွန်ခဲ့သည့်သုံးနှစ်တာ ကာလအတွင်း စစ်တပ်အပေါ် ဝေဖန်ပြောဆိုမှုများရှိခဲ့ကြသည်။) စစ်အုပ်စုအား သံတမန်ရေးအရ အကာအကွယ် ပေးနေခဲ့သည့် တရုတ်နိုင်ငံသည်ပင်လျင် စစ်အုပ်စု၏ရှုံးနိမ့်မှုများနှင့် မြန်မာနိုင်ငံမှစစ်ပွဲများ တရုတ်နိုင်ငံအတွင်းသို့ လျှံကျရောက်ရှိလာမှုများကြောင့် တိုး၍သာ စိတ်ပျက်လာနေပုံရသည်။ ယခုအခါ ထိုင်းနှင့် တရုတ် နယ်စပ်နှစ်ခုစလုံးရှိ အရေးကြီးသည့် နေရာဒေသများကို ခုခံတော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားကြသည်။
စစ်အုပ်စုက မည်မျှကြာသည်အထိ ထိန်းထားနိုင်မည်နည်း။ အမှန်တကယ်တွင်၊ ဖြစ်လာနိုင်သည့် ကစားပွဲတစ်ခု၏ နောက်ဆုံးအခန်းတွင် ဖြစ်လာနိုင်ခြေရှိသည်များကို ထည့်သွင်းစဥ်းစား ထားသင့်ကြသည်။ စစ်တပ်က အလျှော့ပေး စွန့်လွှတ်လိုက်သော်လည်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှိခဲ့သည့်အချိန်က ကြုံခဲ့ဖူးသည့်အတိုင်း၊ ၎င်းတို့၏ အမှားကျူးလွန်မှုများနှင့် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ယူတာဝန်ခံစေခြင်း မရှိစေသည့် သိက္ခာဆယ်ခွင့်ပြုမှုကို ဖန်တီးရာတွင် အသုံးချနိုင်သည့် အချက်အဖြစ်၊ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအဆင့်မြင့် အကျဉ်းသားများကို နေအိမ်အကျယ်ချုပ်သို့ ရွှေ့ပြောင်းပေးမည်လား။ သို့မဟုတ် ထို့ထက်ပို၍ဆိုးရွားသည်မှာ၊ အဆင့်မြင့် အကျဉ်းသားများအား အလားအလာရှိသည့် လူသားဒိုင်းအဖြစ် အသုံးပြုမည်လား။ ထိပ်တန်းစစ်ဗိုလ်ချုပ်များကြားတွင်ပင် ဘက်ပြောင်းမှုများ မြင့်တက်လာသည်နှင့်အတူ၊ အထက်တန်းခေါင်းဆောင်အချို့က စစ်အုပ်စု၏အကြီးအကဲ မင်းအောင်လှိုင်အား ဆန့်ကျင်ပုန်ကန်မှုဖြင့် စစ်အုပ်စု ပြိုကွဲသွားလိမ့်မည်လား။ စစ်ဘက်ဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်များ အနေဖြင့် နိုင်ငံအတွင်းမှ ပြည်ပသို့ ထွက်ပြေးသွားရန် စီစဉ်ကြမည်လား၊ ထိုသို့ဆိုလျင် မည်သည့်နေရာသို့ ပြေးကြမည်နည်း။ ၎င်းတို့အနေဖြင့် ဖြစ်နိုင်ပါက စုဆောင်းထားပြီးဖြစ်သည့် ပိုင်ဆိုင်မှုများအား လျှို့ဝှက်စွာသိမ်းဆည်းထားနိုင်မည့် နေရာတစ်ခုအား ရှာဖွေရန် ပို၍ အာရုံစိုက်နေကြမည်လား။ ပြင်းထန်ဆိုးရွားစွာ ဒုက္ခရောက်ရသည့် အခြေအနေအောက်တွင် – သာမန်စစ်သည်များအကြား ပိုမိုကြီးမားသည့် အသိရှိလာမှုနှင့်အတူ – အကြီးအကျယ် ဘက်ပြောင်းမှုများ (နှင့် ပြည်တွင်း ပြည်ပသို့ အင်တိုက်အားတိုက် ရွှေ့ပြောင်းအခြေချနေထိုင်မှုများ) ကြောင့် စစ်အုပ်စုက ဆက်လက်၍ တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘဲ ခုခံတော်လှန်ရေး၏ အောင်ပွဲက ပိုမိုကြီးမားသည့် အတိုင်းအတာဖြင့် ဖြစ်လာမည်လား။ ယခုအချိန်တွင် ဤဖြစ်နိုင်စရာ အလားအလာများနှင့် ကစားပွဲ၏အဆုံးသတ်အပိုင်းအတွက် အခြားသော ဖြစ်နိုင်ခြေရှိသည်များ အားလုံးကို အလေးအနက်ထား ထည့်သွင်းစဥ်းစားကြရမည် ဖြစ်သည်။