မဏိပူရထောင်တွင်း အစာငတ်ခံဆန္ဒပြနေသည့်မြန်မာများကို တော်လှန်ရေးအင်အားစုများက ဝန်းရံပေးဖို့လိုအပ်နေ
Jun 25, 2024 created by Toward 71
ဖြစ်စဉ်မှာ - အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာအကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြန်မာများကို အိန္ဒိယအစိုးရက မြန်မာစစ်ကောင်စီတပ်ထံ လွှဲ‌ပြောင်းပေးရန် ပြင်ဆင်ခြင်းအား ဖမ်းဆီးခံထားရသူများက ထိုသို့ ပြန်မပို့ရန် အစာငတ်ခံစတင်တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစာငတ်ခံဆန္ဒပြမှုကို ဇွန်လ ၁၆ ရက်နေ့တွင် လူငယ် ၂၈ ဦးက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မဏိပူရပြည်နယ်အာဏာပိုင်များသည် အင်ဖားအကျဉ်းထောင်သို့ရောက်ရှိလာကာ အပြန်အလှန် ဆွေးနွေးမှုရှိခဲ့သော်လည်း မြန်မာအကျဉ်းသားများ၏ တင်ပြချက်ကိုလက်မခံခဲ့သည့်အပြင် အကျဉ်းသားများအား မိမိတို့အခန်းထဲသို့ ပြန်ဝင်ရန်အတင်းဖိအားပေးလုပ်ဆောင်ခဲ့သည်။ ထိုမှစ၍ အကျဉ်းသားလူငယ်တစ်ဦးကို ရိုက်နှက်ခဲ့မှု‌ကြောင့် ထောင်တွင်း ဆူပူမှုဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ထောင်အာဏာပိုင်များသည် အသံဗုံးနှင့် ရာဘာကျည်ဆန်များ အသုံးပြုကာ မြန်မာအကျဉ်းသားများကို ဖြိုခွင်းခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ထိုဖြစ်ရပ်နောက်ပိုင်းမှစ၍ သုံးရက်အကြာ ဇွန်လ ၁၉ ရက်နေ့အထိ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၉၇ ဦး၊ နိုင်ငံခြားသား ၂ ဦး၊ စုစုပေါင်း ၉၉ ဦးတို့မှာ အစာငတ်ခံဆန္ဒပြခဲ့ကြသည်။ လက်ရှိ ၉ ရက်အကြာတွင် ၆၆ ဦးသည် အစာငတ်ခံဆန္ဒပြမှုကို ဆက်လက်လုပ်ဆောင်နေကြသည်။
ပြီးခဲ့သည့် မေလနှင့် ဇွန်လဆန်းအတွင်းကလည်း အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အစိုးရက အကျဉ်းကျ မြန်မာ ၇၇ ဦးကို နယ်စပ်ဂိတ်မှတဆင့် စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့ပြီး ယခုနောက်ထပ်တစ်သုတ်ကို ထပ်မံလွှဲပြောင်းရန် စီစဉ်မှုကြောင့် ဆန္ဒထုတ်ဖော်မှုပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။
သို့သော် အဆိုပါကိစ္စမှာ မရိုးရှင်းပေ။ အဆိုပါမြန်မာများသည် သက်ဆိုင်ရာပြစ်မှုများအတွက် အပြစ်ဒဏ်၊ ငွေဒဏ်များကျခံပြီးဖြစ်သည်။ ထိုသို့အပြစ်ခံယူပြီးသော်လည်း မဏိပူရအာဏာပိုင်များက ၄င်းတို့ကိုမလွှတ်ပေးဘဲ ထိန်းသိမ်းရေးစခန်းတွင်ဆက်ထားကာ စစ်ကောင်စီလက်ထဲအတင်းအပ်နှံရန် စီစဉ်ခြင်းဖြစ်သည်။ အဆိုပါမြန်မာများသည် စစ်ကောင်စီထံ မလွှဲရန်နှင့် ၎င်းတို့သည် မိုရေးမြို့မှတဆင့် ကိုယ့်အစီအစဉ်နှင့်ကိုယ် နေရပ်ပြန်မည်ဟုတောင်းဆိုခဲ့သည်။ သို့သော် အာဏာပိုင်များက လက်မခံပါ။ ၎င်းတို့ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ ထိန်းသိမ်းရေးစခန်းတွင်လည်း အစားအသောက်ညံ့ဖျင်းခြင်း၊ ဆေးဝါးကုသမှုမလုံလောက်ခြင်းများ ကြုံတွေ့နေရသည်။ ကျန်းမာရေးစောင့်ရှောက်မှုမရသဖြင့် သေဆုံးသွားသူလည်းရှိသည်။
အင်ဖာအကျဉ်းထောင်ထဲတွင် အမျိုးသား ၉၉ ဦး၊ အမျိုးသမီးနှင့် ကလေးငယ် ၆၀ ဦး ထိန်းသိမ်းခံထားရပြီး စာရွက်စာတမ်းအတုပြုလုပ်မှု၊ တရားမဝင်နေထိုင်မှုအပြင် မဏိပူရရောက် မြန်မာဖြစ်နေသည်ဟူ‌သော အကြောင်းပြချက်များဖြင့် ထိန်းသိမ်းခံခဲ့ရသူများဖြစ်သည်။ အဆိုပါလူများတွင် စစ်ဘေးရှောင်များ၊ ဆန္ဒပြလူငယ်များ၊ စစ်မှုထမ်းဥပဒေကြောင့်တိမ်းရှောင်လာသူများ၊ မြန်မာနိုင်ငံပြန်လျှင် အဖမ်းခံရနိုင်သူများ အစရှိသူတို့ပါဝင်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဦး‌စီး‌ဆောင်ရွက်နေသူ India For Myanmar အဖွဲ့မှ တာဝန်ခံ ဆလိုင်းဒိုခါက ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ‌အနေဖြင့် လျစ်လျူရှုမနေသင့်ကြောင်း၊ ယခုဖြစ်စဉ်ကြောင့် ထိန်းသိမ်းခံရသူများသာမက မိသားစုဝင်များပါနစ်နာနေရကြောင်း၊ သာမာန်လူများကပင် မလုပ်နိုင်သောအရာကို သူတို့လွတ်မြောက်နိုင်ရေးအတွက် ဆောင်ရွက်နေကြခြင်းအား တော်လှန်ရေးအင်အားစုများက အလေးအနက်ထားပူးပေါင်းပေးကြစေလိုကြောင်းတို့ကို ဆီသို့မှတဆင့် တိုက်တွန်းထားသည်။
ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင် India For Myanmar အဖွဲ့နှင့်အတူ ဒီမိုက‌ရေစီအရေး လှုပ်ရှားနေကြသည့် Blood Money Campaign အဖွဲ့၊ Defend Myanmar Democracy အဖွဲ့၊ Sitt Nyein Pan ဖောင်ဒေးရှင်းတို့ပူးပေါင်းကာ အိန္ဒိယအစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှုကင်းမဲ့သောလုပ်ရပ်များနှင့် လူ့အခွင့်အရေးချိုးဖောက်သောလုပ်ရပ်များကို ချက်ချင်းရပ်တန့်ကာ ဖမ်းဆီးထိန်းသိမ်းခံမြန်မာများ၏ အစာငတ်ခံဆန္ဒပြတောင်းဆိုမှုများအား ခြွင်းချက်မရှိအမြန်ဆုံးဆောင်ရွက်ပေးရန်၊ အိန္ဒိယနိုင်ငံအတွင်း၌သာ ပြန်လည်ခိုလှုံခွင့်ပေးရန်နှင့် ဒီမိုကရေစီအရေး၊ တရားမျှတမှုတို့အတွက် တိုက်ပွဲဝင်နေသော မြန်မာပြည်သူများနှင့်ရပ်တည်ပေးရန် စာထုတ်တိုက်တွန်းထားသည်။
လက်ရှိအချိန်တွင် ကနဦး အစာငတ်ခံဆန္ဒပြသူ ၉၉ ဦးအနက် ၃၃ ဦးသည် ရပ်တန့်ခဲ့ကာ ကျန်ရှိသော ၆၆ ဦးအနက် သက်ကြီးပိုင်း ၂ ဦးမှာ ၆ ရက်မြောက်တွင် ခုခံအားနည်းသွား၍ ဆေးရုံတင်ထားရကြောင်း ကြားသိရသည်။