လှိုင်သာယာ သွေးပင်လယ်။
Mar 14, 2024 created by Toward 164

(၂၀၂၁ မတ်လ ၁၄ရက်နေ့၌ ကျဆုံးသူ ၆၈ဦးတို့၏ သွေးဖြင့် ‌ရေးထိုးထားသော သမိုင်း)

မတ်လသည် ခေတ်အဆက်ဆက် မြန်မာ့ သမိုင်းတွင် တော်လှန်သောလ အဖြစ် နာမည် ကျော်သည်။ ဖက်ဆစ် ဂျပန်တို့ကို စတင်တော်လှန်ခဲ့သော လ ဖြစ်သလို မြန်မာ့ ဆိုရှယ်လစ် လမ်းစဥ် ပါတီကို ကိုင်လှုပ်မည့် မီးပွား တစ်စဖြစ်သည့် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု ဖြစ်ပွားခဲ့ရာလ လည်း ဖြစ်သည်။ 

ထို့အတူ သွေးစွန်းလွန်းသော လလည်း ဖြစ်သည်။ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကဲ့သို့ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများ သေဆုံးခဲ့ရဖူးသလို တံတားနီနေ့ကဲ့သို့ ကျောင်းသားထု သွေးမြေကျခဲ့ရသော ဖြစ်စဥ်ဖြစ်ရပ်များလည်း ရှိသည်။ 

လွန်စွာမှဝေးကွာခြင်းမရှိသေးသည့် လွန်ခဲ့သော သုံးနှစ်ခန့် ကာလကလည်း စစ်အာဏာရှင်သည် မတ်လတွင်း၌ပင် ရဟန်းရှင်လူ ပြည်သူ အပေါင်းကို ရက်ရက်စက်စက် သတ်ဖြတ်ပြခဲ့သည်။ နေရာသည်လည်း လူမသိ သူမသိ နယ်စပ် ဒေသများ၌ မဟုတ်။ ရန်ကုန်မြို့တွင်ပင် ဖြစ်သည်။ 

လှိုင်သာယာ”

ထိုမြို့သည် အခြေခံလူတန်းစားတို့၏ ချွေးဖြင့် တည်ဆောက်ထားခြင်းဖြင့်နာမည်ကျော်သည်။ ရန်ကုန်မြို့အတွက် ဝင်လမ်းထွက်လမ်းနေရာလည်း ဖြစ်သည်။ ၂၀၂၁ နွေဦးတော်လှန်ရေးကာလဆီက မြေပြင်သပိတ်များကို ပထမဦးဆုံး စတင်ခဲ့သူများသည် ထိုလှိုင်သာယာမြို့နယ်မှ အထည်ချုပ် ဝန်ထမ်းလေးများ ဖြစ်သည်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လှိုင်သာယာနေ ပြည်သူအများသည်လည်း မြန်မာနိုင်ငံတဝှမ်းလုံး နည်းတူ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။ စစ်အာဏာရှင်က ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက် ဖြိုခွင်းသည့် ကာလများတွင်လည်း လှိုင်သာယာနေ ပြည်သူများသည် ကြံ့ကြံ့ခိုင်ရင်ဆိုင်ပြခဲ့သည်။ 

၂၀၂၁ခုနှစ် မတ်လ ၁၄ရက်

ထိုနေ့တွင်တော့ လှိုင်သာယာ သမိုင်းကို သွေးတို့ ဖြင့်ရေးခဲ့ရသည်။ 

အာဏာသိမ်း စစ်ကောင်စီတပ်သားများသည် လှိုင်သာယာ မီးခွက်စျေး ရှိရာ ၅ ထိပ်တွင် ထိုနေ့မတိုင်မီ ညကတည်းက နေရာယူထားသည်။ နောက်တစ်နေ့ ဆန္ဒပြချိန်တွင် လှိုင်သာယာမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် အောင်ဇေယျတံတားတွင်လည်း နေရာယူကာ လူစုလူဝေးဖြိုခွဲခြင်းမဟုတ်ပဲ စစ်ဆင်ရေးဆောင်ရွက်သည့် သဖွယ် လူသတ်ပွဲကို ဆောင်ရွက်ခဲ့သည်။ 

မီးရှို့မှု ကဲ့သို့သော တရားလက်လွတ် ဆောင်ရွက်မှုများကိုလည်း ပြုလုပ်ခဲ့သည်။ ထိုဆောင်ရွက်မှုများသည် လူမှုကွန်ရက်စာမျက်နှာများတွင် ယနေတိုင် ပေါ်လွင်ထင်ရှားသော မှတ်တမ်းများ အဖြစ် တည်ရှိနေဆဲဖြစ်သည်။ 

လှိုင်သာယာ သားတို့သည်လည်း သွေးတို့ကို စတေးကာ ကြံ့ကြံ့ခိုင် ရပ်တည်ပြခဲ့သည်။ ကျည်စစ်ကျည်မှန်ကို လက်လုပ် ဒိုင်းကာ သုံးကာ ရင်ဆိုင်ပြခဲ့သော ထိုနေ့က ဖြစ်စဥ်တွင် ကျဆုံးသူ ဖြစ်စဥ် ၆၈ ဦး ထိရှိခဲ့ရသည်။ 

လှိုင်သာယာက သွေးစက်တို့ ခြောက်ခမ်းခြင်းမရှိသေးပါ။ လက်နက်အားကိုးကာ ဖိနှိပ်မှုများ ကြောင့် ခေတ္တခဏ တိတ်ဆိတ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ အချိန်တန် အခါသင့်လျင်တော့ဖြင့် ထို အချိန် ထိုအခါက တော်လှန် စိတ်ဓာတ်များဖြင့် စစ်အာဏာရှင်တို့ထံမှ အကြွေးကို ပြန်လည်ကာ ရယူပါပေလိမ့်မည်။