ကချင်ဒေသတွင် စစ်ရေးအရ နယ်မြေ ဆုံးရှုံးမှုများနေသည့် မြန်မာစစ်တပ်
မာရာနာတာ
၂၀၂၁ ဖေဖော်ဝါရီလတွင် မြန်မာ့စစ်တပ် အာဏာသိမ်းခဲ့သည့် လုပ်ရပ်ကို ဆန့်ကျင်ရှုံ့ချခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းများထဲတွင် ကေအိုင်အို/အေ (ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း/တပ်)သည် အစောဆုံး မြန်မာလူထုနှင့် အတူရပ်တည်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ အာဏာသိမ်းစစ်တပ်အနေဖြင့် ကေအိုင်အို/အေအား နွေဦးတော်လှန်ရေးတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရန် တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သော်လည်း နွေဦးတော်လှန်ရေး အင်အားစုများနှင့် ကေအိုင်အို/အေ ပူးပေါင်းနီးစပ်သွားမည်ကို လိုလားခြင်းမရှိခဲ့ပေ။ နွေဦးတော်လှန်ရေး ၃ နှစ်တာ ကာလအတွင်း ကေအိုင်အို/အေသည် စစ်အာဏာရှင်အုပ်စုကို အမြစ်ပြတ် တိုက်ထုတ်နေသည့် တော်လှန်ရေးအင်အားစုများနှင့်အတူ အဓိကကျသော အခန်းကဏ္ဍမှ ပူပေါင်းပါဝင်နေပါသည်။
၂၀၁၀ ခုနစ် မြန်မာ့နိုင်ငံရေးပြောင်းလဲမှုနှင့်အတူ ထိုအချိန်က မြန်မာစစ်ခေါင်းဆောင်များသည် သေချာသော နိုင်ငံရေးကတိကဝတ်များမရှိပဲ ကေအိုင်အေအား နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲရန် ဖိအားပေးခြင်း၊ တာပိန်ရေးအားလျှပ်စစ်စီမံကိန်းအနီး၊ ကေအိုင်အေထိန်းချုပ်နယ်မြေသို့ မြန်မာစစ်တပ်၏ နယ်မြေချဲ့ရန်လိုသော အပြုအမူများကြောင့် ၁၉၉၄တွင် နဝတအစိုးရ နှင့် ကေအိုင်အိုတို့အကြား ချုပ်ဆိုခဲ့သော ငြိမ်းချမ်းရေးစာချုပ်သည် ပျက်ပြယ်ခဲ့ကာ ၂၀၁၁ ခုနှစ်တွင် ကချင်နှင့် ရှမ်းမြောက်တို့တွင် တစ်ကျော့ပြန်စစ်ပွဲများ စတင်ခဲ့သည်။
မြန်မာစစ်တပ်၏ ဝေဟင်စိုးမိုးနိုင်မှု၊ လက်နက်ကြီးများ သာလွန်အင်အား အသုံးပြုနိုင်မှုအစရှိသည့် စစ်ရေးအရ အသာစီးမှုများကြောင့် ကေအိုင်အေသည် ခံစစ်အနေဖြင့်သာ မြန်မာစစ်တပ်ကို ရင်ဆိုင်နိုင်ခဲ့သည်။ ၂၀၁၁ တွင် စတင်ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်၏ ထိုးစစ်များကို ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရလက်ထက် နှစ်ခုစလုံးတွင် ကေအိုင်အေသည် ခက်ခဲစွာရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကေအိုင်အေသည် ၄င်း၏ဌာနချုပ် လိုင်ဇာကို အကာအကွယ် ပေးထားသည့် ရှေ့တန်းစခန်းများနှင့် အခြားတပ်မဟာလက်အောက်ရှိ အရေးကြီးသောတပ်စခန်းအချို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ၂၀၁၆ ခုနှစ် တွင် ကေအိုင်အေ လက်လွတ်ဆုံးရှုံးခဲ့ရသည့် ဂီဒွန်စခန်းတိုက်ပွဲသည် NLD အစိုးရလက်ထက်တွင် ထင်ရှားသည့် တိုက်ပွဲတစ်ခုဖြစ်ခဲ့သည်။
၂၀၂၁ စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကာ စစ်အာဏာရှင်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး ရည်မှန်းချက်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသော်လည်း မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် တုံ့ပြန်မှုများကြောင့် မြန်မာ့နိုင်ငံရေးသည် လက်နက်ကိုင် နွေဦးတော်လှန်ရေးသို့ ပြောင်းလဲ လာခဲ့သည်။ ကေအိုင်အေသည် ၄င်းထိန်းချုပ်သည့် နယ်မြေသို့ နိုင်ငံရေးအရ ခိုလှုံလာသည့် နိုင်ငံရေးသမားများနှင့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများကို နေရာစီစဥ်ပေးသည်သာမက၊ လက်နက်ကိုင်တော်လှန်ရေးတွင်လည်း စစ်သင်တန်းအကူအညီများ ပေးခဲ့သည်။ အခြားသောပြည်နယ်၊ တိုင်းဒေသများ၌ နွေဦးတော်လှန်ရေးနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစွာ ပေါ်ထွက်လာခဲ့သော်လည်း၊ ကချင်ဒေသတွင် သီးခြားရပ်တည်သော လက်နက်ကိုင်အင်အားစုများပေါ်ထွက်လာသည်ကို ကေအိုင်အေမှ အားမပေးခဲ့ပေ။ ထိုကြောင့် နွေဦးတော်လှန်ရေးတွင် လူငယ်များသည် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) အမည်ဖြင့် ကေအိုင်အေ၏ ဦးဆောင်မှုအောက်တွင် အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command) ခိုင်မာစွာဖြင့် စစ်အာဏာရှင်ကို တိုက်ထုတ်နေကြသည်။
နွေဦးတော်လှန်ရေးနှင့်အတူ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ထုတ်နေသည့် ကေအိုင်အေ၏ စစ်ရေးမဟာဗျူဟာသည်လည်း ခံစစ် အနေအထားမှ ထိုးစစ်အသွင်သို့ ဆောင်လာသည်ကို ၂၀၂၁ ခုနှစ် မတ်လခန့်မှ စတင်ကာ ကချင်ပြည်နယ်နှင့် ရှမ်းမြောက်အနှံတွင် ကေအိုင်အေနှင့် စကစတပ်များအကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။ ထို့ကြောင့် ကေအိုင်အေ၏ ၀၃၀၇ ကဲ့သို့သော စစ်ဆင်ရေးသည် နေ့ချင်းညချင်းပေါ်ထွက်လာသည့် အစီအစဥ်တစ်ခု မဟုတ်ပေ။ ၂၀၁၁ တစ်ကျော့ပြန်တိုက်ပွဲများမှ အတွေ့အကြုံ၊ ဆယ်စုနှစ်များစွာ မြန်မာ့နိုင်ငံရေးကို သိနားလည်မှုနှင့် ၂၀၂၁ နောက်ပိုင်းပြောင်းလဲလာသော နိုင်ငံရေးကို ကြိုတင်တွက်ဆ ပြင်ဆင်နိုင်မှုတို့ကြောင့် ၀၃၀၇ စစ်ဆင်ရေးကို ပြုလုပ်နိုင်ခြင်း ဖြစ်ပါသည်။
၂၀၂၁ ခုနစ် မေလတွင် မိုးမောက်မြို့နယ်ရှိ မြန်မာစစ်တပ်၏ အရေးကြီး ရှေ့တန်းခြေကုပ်စခန်းဖြစ်သည့် အလောဘွမ်စခန်းကို ကေအိုင်အေသည် သိမ်းပိုက်နိုင်ခဲ့သည်။ စကစတပ်သည် ၄င်းတပ်စခန်းအား ပြန်လည်ရရှိရန် အပြင်းအထန် တိုက်စစ်ဆင်ကြိုးပမ်းခဲ့သော်လည်း တိုက်ခိုက်ရေး ရဟတ်ယာဥ်တစ်စီးအပါအဝင် တပ်ရင်းတစ်ခုလုံး ဆုံးရှုံးခဲ့ရသည်အထိ အထိနာခဲ့သည်။ အလောဘွမ်တပ်စခန်းကို သိမ်းပိုက်ရရှိနိုင်ခဲ့ခြင်းသည် ၂၀၂၁ နောက်ပိုင်း ကေအိုင်အေအတွက် မဟာဗျူဟာနှင့် စိတ်ဓာတ်ရေးရာအရ အရေးပါသော ပထမဦးဆုံး စခန်းသိမ်းတိုက်ပွဲကြီးတစ်ခုဖြစ်ခဲ့သည်။
နွေဦးတော်လှန်ရေးနှင့် အတူ ကေအိုင်အေသည် ၄င်းထက် အင်အားများစွာသာလွန်သော စကစ စစ်တပ်အား တိုက်စစ်ကို ပိုမိုပုံဖော်နိုင်သည့် စစ်သည်အင်အားများပြားလာသည်ကို ငြင်းပယ်၍ ရမည်မဟုတ်ပါ။ ထို့ပြင် ကေအိုင်အေ၏ စစ်ဦးစီးချုပ်သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ အမှတ် ၁ စစ်ဒေသမှုးတာဝန်ကိုလည်း ယူထားပြီး ကချင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေးအထက်ပိုင်းနှင့် မကွေးအနောက်ပိုင်း၏ စစ်ရေးများကို ကူညီကွပ်ကဲရသည်။ ကချင်ဒေသတွင် ကေအိုင်အေပုံဖော်လာသည့် တိုက်စစ်ဗျူဟာသည် ပြည်သူ့ကာကွယ်တပ်ဖွဲဝင်များ၏ ကေအိုင်အေ၏ လမ်းညွှန်မှုကို လိုက်နာပူးပေါင်းဆောင်ရွက်မှုကြောင့် ထိရောက်မှုများစွာ ရှိနေသည်။ ထို့ပြင် ကေအိုင်အေ ဦးဆောင်သည့် တပ်ပေါင်းစုတွင် ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် အတူ ရက္ခိုင့်တပ်(AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်ဦး (ABSDF)၊ Gurkha တပ်၊ Kuki တပ်၊ နှင့် အခြားတပ်ဖွဲ့များ ပါဝင်ဆင်နွှဲလျက်ရှိသည်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိအခိုက်ဆုံးရှုံးမှုများစွာ ရှိခဲ့သည့် မြန်မာစစ်တပ်သည် တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းမှုကြောင့် ရှမ်းမြောက်ပိုင်းတွင် စစ်ပွဲများကို ရပ်တန့်ကာ အခြားသောစစ်မျက်နှာပြင်များသို့ စစ်အင်အားဖြည့်တင်းခဲ့သော်လည်း ထူးခြားသောရလဒ်များ မရရှိခဲ့ချေ။ ရခိုင်၊ ကရင်၊ ကရင်နီ၊ ချင်းနှင့် စစ်ကိုင်းဒေသတို့တွင်လည်း စစ်မျက်နှာပြင်ဖွင့်နေရသော စကစ သည် ကချင်တွင်လည်း စစ်ရေးဆိုင်ရာ အရင်းအမြစ်ပြုန်းတီးမှုများစွာနှင့် ဆုံးရှုံးမှုများ ဆက်တိုက်ကြုံတွေ့ နေရသည်။
ကချင်ဒေသတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများကို ခြုံငုံကြည့်ပါက ကေအိုင်အေ၏ ဦးစားပေး စစ်မဟာဗျူဟာသည် နယ်မြေစိုးမိုးမှုကို ပိုမိုရယူ၍ စကစ၏ ဘဏ္ဍာအင်အားကို အဓိကပံ့ပိုးပေးနေသည့် စီးပွားရေးလုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေးများနှင့် ထောက်ပို့လမ်းကြောင်းများကို ထိန်းချုပ်ကာ စစ်အာဏာရှင်အဆုံးသတ်ရေးသို့ ဦးတည်နေပါသည်။ ထို့ကြောင့် ကေအိုင်အေသည် စစ်ရေးမဟာဗျူဟာသည် ကချင်၊ ရှမ်းမြောက်နှင့် စစ်ကိုင်းတို့အထိ ကျယ်ပြန့်နေသည်။
၂၀၂၁ ခုနစ်မှ စတင်ကာ ကေအိုင်အေသည် ဖားကန့်မြို့နယ်ရှိ စကစ၏ လုံခြုံရေး စခန်းများကို အဓိကထားကာ ထိုးစစ်ဆင်ခဲ့သည်။ သို့ရာတွင် ၂၀၂၃ နောက်ပိုင်းတွင် ဖားကန့်မြို့နယ်၏ အဓိကကုန်းလမ်းကြောင်းများဖြစ်သည် ဖားကန့်- မိုးညှင်းလမ်း၊ ဖားကန့်-စစ်ကိုင်းလမ်း၊ ဖားကန့်-မြစ်ကြီးနားလမ်းတွင်ရှိသော အရေးကြီးသော စကစ၏ တပ်စခန်းများဖြစ်သည့် တာမခံ၊ ဂွေခါ၊ ကသိုဏ်းတောင်၊ နန့်တိန် နှင့် နမ့်ယားစစ်တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ကာ ဖားကန့်မြို့နယ် ကို ထိန်းချုပ်ထားပါသည်။
၂၀၂၁ မှ စတင်တာ ကချင်ဒေသတွင် စကစစစ်တပ်သည် ကေအိုင်အေနှင့် တိုက်ခိုက်မှုများ နေ့စဥ်ကြုံတွေ့ ခဲ့ရသော်လည်း ကေအိုင်အေမှ ၀၃၀၇ ကဲ့သို့သော ဗျူဟာမြောက် ပူပေါင်းစစ်ဆင်ရေးကို မျှော်လင့်မထားခဲ့ပေ။ အထူးသဖြင့် ကေအိုင်အေသည် ၂၀၂၄ နှစ်ဆန်းပိုင်းမှ စတင်ကာ စစ်ရေးအရှိန်အဟုန်ကို မြှင့်တင်ခဲ့သည်။ ထို့ကြောင့် မဘိမ်းမြို့နှင့် ရှမ်းမြောက်ရှိ စကစ တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည် ထို့အပြင် ဝေဟင်ပစ်ကူမရရှိသော စကစ စစ်တပ်၏ ခြေလျင်၊ ခြေမြန်တပ်များ၏ မြေပြင် စွမ်းဆောင်ရည်သည် ထင်မှတ်ထားသည်ထက် ပိုမိုနိမ့်ကျနေပြီး၊ မတ် ၇ ရက်နေ့တွင် စတင်ခဲ့သည့် ပူးပေါင်း စစ်ဆင်ရေးတွင် ကေအိုင်အေနှင့် ပူပေါင်းတပ်များသည် စစ်ရေးအရ အောင်မြင်မှု အကြီးအမားရရှိခဲ့ခြင်းဖြစ်သည်။
၀၃၀၇ စစ်ဆင်ရေးအတွင်း ကေအိုင်အိုဌာနချုပ်ကို အမြဲလိုလို အန္တရာယ်ပေး ခြိမ်းခြောက်နေသည့် စကစ၏ အမာခံရှေ့တမ်းစခန်းများနှင့် မိုးမောက်မြို့နယ်တွင် အခိုင်အမာတည်ဆောက်ထားသော တပ်ရင်းများ ဆုံးရှုံးသွားသည်အထိ စကစသည် အထိနာခဲ့သည်။ ၀၃၀၇ စစ်ဆင်ရေးအတွင်း ခြေလျင်တပ်ရင်း ၅ ခု၊ အမြောက်တပ်ရင်း ၁ ခု နှင့် ဒုံးတပ်ရင်း ၁ ခု တို့နှင့် အတူ လိုင်ဇာပတ်ဝန်းကျင် အထူးသဖြင့် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ စကစ ရှေ့တန်းစခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ မိုးမောက်မြို့နယ်ရှိ စကစစစ်တပ်၏ တပ်ရင်းများဖြစ်သည် ဒေါ့ဖုန်းယန် ခလရ ၁၄၂၊ နွမ်လန် ခမရ ၄၃၈ နှင့် ဒုံးတပ်ရင်း ခမရ ၆၁၆၊ နောင်ခို အမြောက်တပ်ရင်း ၃၇၀၊ ကုန်းလော ခမရ ၃၈၇၊ မြို့သစ်စီဟတ် ခမရ ၃၂၀၊ တာဆိုင်း ခလရ ၂၃၇ တို့ကို ထင်မှတ်ထားသည်ထက် လွယ်ကူစွာ သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် စစ်ရေးဗျုဟာအရ အရေးပါသည့် ရှေ့တန်းတပ်စခန်းကြီးများဖြစ်ကာ ဆယ်စုနှစ် ၃ ခုနီးပါး ကေအိုင်အေကို ထိန်းချုပ်ရန်အတွက် အခိုင်အမာတည်ဆောက်ထားသည့် မိုးမောက်-လွယ်ဂျယ်လမ်းပေါ်တွင်ရှိသော စိန်လုံဗျူဟာစခန်းနှင့် ယောယုံဗျူဟာစခန်းတို့အပြင် အခြား စကစ တပ်စခန်းများစွာကို သိမ်းပိုက်နိုင်ခဲ့သည်။ ကေအိုင်အေတပ်စခန်းများနှင့် ကေအိုင်အို၏ မိုင်ဂျာယာန်မြို့ကို ခြိမ်းခြောက်နေသည့် တပ်စခန်းများကိုလည်း သိမ်းပိုက်လိုက်နိုင်သည့် ကေအိုင်အေသည် တရုတ်-မြန်မာ ကုန်သွယ်ရေးတွင် အရေးပါသည့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းကိုလည်း လွယ်ကူစွာ သိမ်းပိုက်နိုင်ခဲ့သည်။
လက်ရှိ မိုးမောက်မြို့နယ်၏ ရာခိုင်နှုန်း ၉၀ ကျော်ခန့် ထိန်းချုပ်ထားနိုင်သည့် ကေအိုင်အေသည် ၀၃၀၇ စစ်ဆင်ရေးမတိုင်မှီကတည်းကပင် မန်စီမြို့နယ်ရှိ စကစတပ်စခန်းအများစုကို သိမ်းပိုက်ထားပြီးဖြစ်ပါသည်။ လွန်ခဲ့သည့် ဇန်နဝါရီလတွင် အချက်အချာကျသည့် မန်ဝိန်းကြီး ရဲစခန်းနှင့် ခမရ ၄၂၄ တပ်စခန်း တို့ကို သိမ်းပိုက်လိုက်နိုင်သောကြောင့် တရုတ်ပြည်နယ်စပ် မန်ဝိန်းကြီးသည် ကေအိုင်အေထိန်းချုပ်ရာ ဒေသဖြစ်ခဲ့သည်။ ရက်အနည်းငယ်အကြာတွင် မန်စီမြို့နယ်တွင် စကစ စစ်တပ်၏ အရေးပါသည့် မဂျီကုန်း ဗျူဟာစခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် ၀၃၀၇ စစ်ဆင်ရေးနောက်တွင် မန်စီမြို့နယ်ရှိ စကစ ရှေ့တန်းစခန်းများ စွန့်ခွာမှုများ ၅ ခုခန့်ရှိလာပြီး မန်စီမြို့နယ်အများစုကို ကေအိုင်အေက ထိန်းချုပ်ထားသည်။
ပြည်နယ်မြောက်ပိုင်းတွင်လည်း ထောက်ပို့အတွက် အခက်အခဲများစွာ ရှိလာသောကြောင့် စစ်စခန်းများကို စွန့်ခွာမှုများရှိခဲ့သည့် အင်ဂျန်းယန်မြို့နယ်သည် လွန်ခဲ့သောနှစ် နိုဝင်ဘာလ မှ စတင်ကာ ပထမဦးဆုံး မြန်မာစစ်တပ် ကင်းစင်သည့် နယ်မြေဖြစ်လာခဲ့ပါသည်။ အင်ဂျန်းယန်မြို့ကို ထိန်းချုပ်ထားပြီးဖြစ်သည့် ကေအိုင်အေသည် ဆွမ်ပရာဘွမ်မြို့နယ်ကို စကစ စစ်တပ် ကင်းစင်နယ်မြေဖြစ်လာရန် ကြိုးပမ်းလျှက်ရှိပါသည်။ လက်ရှိတွင် ဆွမ်ပရာဘွမ်မြို့တွင်းတွင် အခြေချသည့် ခလရ ၁၄၂ တပ်ရင်းခွဲတစ်ခုတည်းသာ ကျန်ရှိကာ စကစ၏ လေကြောင်းနှင့် ပြည်သူ့စစ်များ၏ အကူအညီဖြင့် အသည်းအသန် ခုခံကာကွယ်နေရပါသည်။
ကချင်ဒေသတွင် အရှက်တစ်ကွဲ အကျိုးနည်းသည့်ရလဒ်များသာ ရရှိနေသည့် စကစသည် ၄င်း၏တပ်များကို ခုခံစစ်ပုံစံသို့ ပြောင်းလဲလာသည်ကို တွေ့ရသည်။ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းကို ဦးစွာ သိမ်းပိုက်ထိန်းချုပ်ရန် စစ်ဆင်ရေးပြုလုပ်လာသည့် ကေအိုင်အေနှင့် ပူပေါင်းတပ်များ၏ ထိုးစစ်ကို စကခ ၂၁ အနေဖြင့် ဗန်းမော်မြို့ကို အခြေပြုကာ ခုခံတိုက်ခိုက်မည့် အလားအလာရှိပါသည်။ ထို့ကြောင့် မိုးမောက်မြိုနယ်နှင့် မန်စီမြို့နယ်တို့မှ စွန့်ခွာလာသော တပ်သားများနှင့်ပေါင်းစပ်ကာ တပ်အင်အားပြန်လည် စုစည်းနေသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် အများပြည်သူနှင့် သက်ဆိုင်သည့် ဗန်းမော်တက္ကသိုလ်ကဲ့သို့သော နေရာများတွင် စကစတပ်များ အခိုင်အမာနေရာယူထားကြသည်။ အခြားမြို့နယ်များတွင်လည်း တပ်စခန်းစွန့်ခွားမှုများရှိနေပြီး ၄င်းတို့၏ မိခင်တပ်ရင်းနှင့် ပူးပေါင်းကာ အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည်။
ခြုံငုံ၍ သုံးသပ်ရသော် ကေအိုင်အေ၏ ထိုးစစ်သည် ကချင်ဒေသအနှံ့၊ ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်းအစပ်တို့တွင် ဆက်လက်ဖြစ်ပွားနေမည်ဖြစ်သည်။ လက်ရှိ ကေအိုင်အေ၏ စစ်ရေးအရ အသားစီးမှု ရရှိလာခြင်းသည် နွေဦးတော်လှန်ရေးကို ယုံကြည်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ခိုင်မာသော အမိန့်ပေး ကွပ်ကဲစနစ်ကို တည်ဆောက်ထားနိုင်ခြင်း၊ ၄င်း၏ မိတ်ဖက် တော်လှန်ရေးအင်အားစုများဖြစ်သည့် AA၊ ABSDF နှင့် အခြားလူမျိုးစုအခြေပြု တော်လှန်ရေးအင်အားစုများ၏ ပူးပေါင်းပါဝင်မှုတို့ကြောင့်ဖြစ်သည်။ ထို့ပြင် နွေဦးတော်လှန်ရေး၏ အရှိန်အဟုန်ရလာမှု၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ ဗျူဟာမြောက် စစ်ရေးပူပေါင်းဆောင်ရွက်မှုနှင့် ၄င်းတို့၏ စစ်ရေးဆိုင်ရာ စွမ်းဆောင်ရည် တိုးတက်လာမှု၊ စကစ စစ်တပ်၏ စစ်ရေးဆိုင်ရာ အရင်းအမြစ်နှင့် စွမ်းဆောင်ရည် ကျဆင်းလာခြင်းတို့သည်လည်း အာဏာရှင်စစ်တပ်၏ စစ်ရေးအရ ဆုံးရှုံးမှု ဆက်လက်ကြုံတွေ့နေရမည့် အကြောင်းရင်းများဖြစ်သည်။