ခေတ်ပျက်ထဲက အလိုတော်ရိများ (သို့မဟုတ်) ဆင်စုရွာ (ပြည်မြို့)က လူဖမ်းသမားများ
Mar 12, 2024 created by Toward 288

စစ်အာဏာသိမ်းပြီးတဲ့အချိန်ကနေစပြီး တရားဥပဒေမဏ္ဍိုင်ပျက်ပြားသွားတဲ့နောက် ရပ်ကွက်ထဲက တရားမဲ့ အုပ်ချုပ်မှုတွေမှာ စစ်အုပ်စုက ခန့်အပ်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ကြီးစိုးလာပါတယ်။ စစ်ကောင်စီဟာ သူတို့နဲ့ပနံသင့်တဲ့၊ သူတို့ စကားကို နားထောင်တဲ့၊ သူတို့အမိန့်အတိုင်း ဆောင်ရွက်မယ့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ခန့်အပ်ခဲ့ပြီး ရပ်ကွက်သားအချင်းချင်း အကြောင်းသိချင်း စောင့်ကြည့်နေတဲ့ ပုံစံစနစ်နဲ့ ကျေးရွာ၊ ရပ်ကွက်၊အဆင့်ဆင့်မှာ စစ်ကောင်စီရဲ့အမိန့်ကို လွှမ်းမိုးမှုရှိအောင် စစ်အုပ်စုက စနစ်တကျ အစီအစဉ်ချခဲ့တာလည်းဖြစ်ပါတယ်။

ပြည်သူကိုယ်တိုင်က ဆန့်ကျင်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးခန့်အပ်ပွဲ

စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက်နေ့မှာ အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၁၁ရက်နေ့မှာပဲ တည်ဆဲ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းတွေကို တာဝန်က ရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဟာ အရင်ကပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်မှာ ရှိခဲ့ပြီး ၂၀၁၈ ဒီဇင်ဘာ ၂၈ရက်နေ့မှာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနလက်အောက်ကို ဌာနလွှဲပြောင်းခဲ့တာကြောင့် အရင်အုပ်ချုပ်ရေးမှူးဟောင်း တွေဟာ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရ အဖွဲ့က ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက အရင်ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို တာဝန်က ရပ်စဲခဲ့ပြီး ရပ်ရွာအဆင့်ကစလို့ စစ်ကောင်စီရဲ့အာဏာသစ်တည်မြဲအောင် ပြောင်းလဲ ခန့်အပ်မှုကို စတင်ခဲ့ပါတယ်။

၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ အာဏာသိမ်းကာလမှာ လူထုလှုပ်ရှားမှုတွေ အားကောင်းခဲ့တဲ့အလျောက် စစ်ကောင်စီရဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးပြောင်းလဲခန့်အပ်တဲ့ လမ်းစဉ်ဟာ ဆန့်ကျင်မှုများစွာနဲ့ အခက်အခဲကြုံခဲ့ရပါတယ်။ စစ်တပ်က ရပ်ကျေးအုပ်ချုပ်ရေးကို အသုံးချပြီး လိုသလို ဖိနှိပ်ချုပ်ခြယ်လာမယ်ဆိုတာကို သိတဲ့လူထုဟာ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကို သော့ခတ်တာ၊ အသေပိတ်ဆို့တာ၊ သံပုန်းတီးဆန္ဒပြတာတွေကို ပြုလုပ်ခဲ့တဲ့အတွက် လုံခြုံရေးအစောင့်အကြပ်တွေထားပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးရဲ့ သက်ရောက်မှု

စစ်တပ်ဟာ သူတို့အာဏာစိုးမိုးမှုအတွက် ရပ်ကျေးအုပ်ချုပ်ရေးကို တည်ဆောက်ခဲ့တဲ့အပြင် ရပ်ရွာအတွင်းက စစ်တပ်ကို ဆန့်ကျင်တော်လှန်နေသူတွေ၊ ပြောင်းရွှေ့လာသူတွေကို လူစာရင်းစီစစ်နိုင်ဖို့၊ ဖမ်းဆီးနိုင်ဖို့အတွက် ရပ်ရွာအတွင်းက သူတို့ ယုံကြည်စိတ်ချရတဲ့ သတင်းပေးတွေ၊ စစ်အုပ်စုရဲ့ ဖိနှိပ်မှု ယန္တရားကို လက်ဆင့်ကမ်းပေးနိုင်မယ့် သူတွေကို ဦးတည်ပြီး ရပ်ရွာအဆင့်ဆင့် အုပ်ချုပ်ရေးမှူးတွေအဖြစ် ရွေးချယ်ခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

စစ်အုပ်စုဟာ သူတို့အလိုအတိုင်း သတင်းပေးမယ့် ယန္တရားတစ်ခုကို တည်ဆောက်ပြီးတဲ့အခါမှာ ရပ်ကျေးအုပ်ချုပ်ရေးနဲ့ ပူးပေါင်းပြီး ဧည့်စာရင်းစစ်တာတွေ၊ ညအချိန်မတော် စီးနင်း၀င်ရောက်တာတွေ၊ လိုသလို ဖမ်းဆီးတာတွေ၊ ရပ်ကွက်အတွင်းကို ပြောင်းရွှေ့နေထိုင်တဲ့သူရှိရင် စောင့်ကြည့်တာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။ ရပ်ကျေးအဆင့်မှာ စစ်တပ်ယန္တရားကို ကောင်းကောင်းလည်ပတ်နေတာကို သိသာစေတဲ့ အချက်ကတော့ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ရက်၊ စစ်မှုထမ်း ဥပဒေထုတ်ပြန်လာပြီးတဲ့နောက်မှာ ရပ်ရွာ အဆင့်ဆင့်အလိုက် လူအရေအတွက် ကောက်ယူတာတွေ၊ အချို့ဒေသတွေမှာ စစ်မှု မထမ်းမနေရဆိုပြီး စာရင်း အဓမ္မကောက်ယူတာတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာတာပဲဖြစ်ပါတယ်။

ဆင်စုရွာက စစ်တပ်ယန္တရားကို အသက်၀င်စေသူတွေ

စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးရဲ့ ဖိနှိပ်မှုကို ပြည်မြို့၊ ဆင်စုရပ်ကွက်မှာလည်း ပြင်းပြင်းထန်ထန် ခံစားနေကြရပါတယ်။ ဆင်စုရပ်ကွက်က ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နဲ့ စစ်တပ်ထောက်တိုင်တွေဟာဒေသခံတွေကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်လျက်ရှိနေတယ်လို့ သိရှိရပါတယ်။

ဆင်စုရပ်ကွက်က အုပ်ချုပ်ရေးမှူးလက်ထောက်ဖြစ်တဲ့ ဦးသန်းထူးဟာ လောင်းကစားဒိုင်၊ ဆေးခြောက်ရောင်းတဲ့သူတွေရဲ့ကျောထောက်နောက်ခံအဖြစ်ရှိနေပြီး စစ်တပ်၊ ရဲတွေရဲ့ အဓိက ထောက်တိုင် ဖြစ်တဲ့အပြင် ပြည်သူ့စစ်ကိုလည်း ဦးဆောင်နေတယ်လို့ ဒေသခံတွေက သတင်းပေးပို့ထားပါတယ်။ 

၂၀၂၁ခုနှစ် စစ်ကောင်စီအာဏာသိမ်းကာလကနေစပြီး ဦးသန်းထူးရဲ့ သတင်းပေးမှုကြောင့် ရပ်ကွက်ထဲက လူငယ်အများစု နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး ရပ်ကွက်နေပြည်သူတွေကလည်း ဘယ်အချိန်လာပြီး ဘယ်သူ့ကို ဖမ်းသွားမလဲဆိုတဲ့စိတ်နဲ့ စိုးရိမ်နေခဲ့ရပါတယ်။

ရပ်ကွက်ထဲက ကျောင်းဆရာမတွေ CDM လုပ်တဲ့အိမ်တွေဆိုလည်း သူ့လိုက်ပြလို့ အဖမ်းခံတာလည်းရှိတယ်။ တက္ကသိုလ်မတက်တဲ့ကျောင်းသူလည်း သူ့ကြောင့် အဖမ်းခံရတာ ၇နှစ်ကျတယ်၊ ဗိုလ်ချူပ်ကြေးရုပ်မှာ ဘန်နာချိတ်လို့ ဆိုပြီး အဖမ်းခံရတာလည်း သန်းထူးကြောင့်ပဲ အဲ့ကောင်မလေးဆိုရင် ၂၂နှစ်တောင် ကျတာ”လို့ ဒေသခံတစ်ဦး ကဆိုပါတယ်။

အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်စိုးကလည်း ၂၀၂၁ခုနှစ်၊ ဧပြီလမှာ အုပ်ချုပ်ရေးမှူးအဖြစ် စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ဦးသန်းထူးနောက်ကွယ်မှာပဲနေ၊ ဦးသန်းထူးကိုပဲအရာရာမှာ ဦးဆောင်ခိုင်းထားတယ်လို့ ထပ်မံသိရှိရပါတယ်။ ဦးသန်းထူးဟာ ပြည်သူ့စစ်အတွက် ဦးဆောင်နေသူလည်းဖြစ်ပြီး ညဘက်တွေမှာ အမှတ်၂ရဲစခန်းက စစ်သား၊ ရဲတွေနဲ့ပူးပေါင်းပြီး လူငယ်တွေကို လိုက်ဖမ်းပေးနေတယ်လို့လည်း သတင်း ထွက်ပေါ်နေလျက်ရှိပါတယ်၊ 
 

နောက်ထပ်သတင်းလက်ခံရရှိချက်အရ ဦးဌေးလွင်နဲ့ မမွန်မွန်ကြီးတို့ဟာလည်း စစ်ကောင်စီရဲ့ သတင်းပေးလက်တံတွေဖြစ်ကြတယ်လို့ သိရှိရပါတယ်။ အာဏာသိမ်းကာလအစ စစ်တပ်ကို ဆန္ဒပြဖို့ လူစုနေတဲ့အချိန် ဦးဌေးလွင်ရဲ့ သတင်းပေးမှုကြောင့် စစ်တပ်ရောက်လာလို့ ရဲမေတွေသေနတ်နဲ့ပစ်ပြီး အဖမ်းခံရတဲ့လူငယ်တွေရှိခဲ့တယ်လို့ သိရပါတယ်။ “ဦးဌေးလွင်ကြောင့်ပဲ ခေတ္တရာပန်းခြံ ထဲဗုံးခွဲတဲ့သူဆိုပြီး ကျောင်းကြီးအိုတန်းရပ်ကွက်က လျှာအာလူမျိုး လင်မယား၂ယောက်လည်း အဖမ်းခံရတယ်” လို့ သတင်းပေးပို့ထားသူများက ဆိုပါတယ်။ မမွန်မွန်ကြီးဆိုသူကလည်း Mytelရုံး မီးစအပစ်ခံရတုန်းကလည်း လာပစ်တဲ့သူတွေကို လက်ညှိုးထိုးဖမ်းခိုင်းခဲ့ပြီး သမီးဖြစ်သူမှာ တပ်က မင်္ဂလာဒုံလေတပ်က တပ်ကြပ်ကြီးဖြစ်ပြီး သားမက်ကနေပြည်တော်လေတပ်တပ်ကြပ်ကြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

အဆိုပါလေးဦးရဲ့ ဖိနှိပ်မှုကြောင့် ဆင်စုရပ်ကွက်နေ ပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်နေခဲ့ရပြီး ပြည်မြို့က သတင်းတော်တော်များများကို မီဒီယာတွေက မသိကြသလို မျက်စိရှေ့ဖြစ်ပျက်နေတာကို အကြောက်တရားကြောင့် သတင်းမပို့နိုင်ခဲ့ဘူးလို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုပါတယ်။

ခေတ်ပျက်ထဲက အလိုတော်ရိများ

အလိုတော်ရိဆိုတဲ့ အသုံးအနှုန်းဟာ ဂျပန်ခေတ်ကတည်းက ရှိခဲ့တာဖြစ်ပြီး အာဏာရှိသူ၊ အာဏာကြီးမားသူရဲ့ အလိုကိုလိုက်၊ အကြိုက်ကို ဆောင်ပြီး ဆောင်ရွက်တတ်သူတွေ ဖြစ်ကြပါတယ်။ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်ခြယ်လှယ်မှုတွေကို လက်ဆင့်ကမ်းပြီး ကိုယ့်အာဏာတည်မြဲအောင် အကြောက်တရားနဲ့ တည်ဆောက်ယူနေသူတွေဟာလည်း ဒီနေ့ခေတ်ပျက်ထဲမှာ ဒုနဲ့ဒေးပါပဲ။ တရားရေးမဏ္ဍိုင်ဟာ စစ်အုပ်စုလက်အောက်မှာ ပြားပြားဝတ်သွားခဲ့ရပြီး စစ်တပ်က ထုတ်တဲ့ ဥပဒေသာ အတည်၊ တော်လှန်သူမှန်သမျှ ရာဇဝတ်သားဖြစ်နေရတဲ့ ဒီခေတ်မှာ ကမ္ဘာမီးလောင် သားကောင်ချနင်းနေတဲ့ စစ်တပ်အလိုတော်ရိတွေအတွက် အမြတ်ထုတ်စရာ ဖြစ်လာပါတယ်။ နေ့စဉ်ဘဝထဲမှာ၊ နေရာအနှံ့မှာ စောင့်ကြည့်နေတဲ့ မျက်လုံးတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ စစ်ကောင်စီ ယန္တရားကို ကိုယ်တိုင် ကိုယ့်လက်နဲ့ လည်ပတ်စေသူတွေဟာ စစ်အုပ်စုဝင်မဟုတ်သည့်တိုင်အောင် စစ်တပ်ရဲ့ လက်တံအနေနဲ့ အထောက်အပံ့ဖြစ်နေတယ်ဆိုတာ သတိချပ်ရပါမယ်။ စစ်အုပ်စုကို ထောက်ပံ့နေတာဖြစ်ဖြစ်၊ စစ်တပ်ရဲ့ယန္တရားမှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေတာဖြစ်ဖြစ်၊ စစ်အုပ်စုရဲ့ တရားမဲ့ဥပဒေတွေနဲ့ ဖိနှိပ်မှုတွေဟာ တစ်ချိန်မှာ ကိုယ့်ဘက်ပြန်လှည့်ပြီး ကိုယ်လည်းပဲ စစ်အုပ်စုနဲ့အတူ ပျက်စီးသွားရနိုင်တယ်ဆိုတာကို မမေ့ထားဖို့လိုပါတယ်။