ဖက်ဆစ်စီးပွားရေးစနစ်ဆိုတာ နားလည်လွယ်အောင်ပြောရရင် ဈေးကွက်စနစ်နဲ့ ဆိုရှယ်လစ်လုပ်နည်းလုပ်ဟန်တွေကို ပေါင်းစပ်ထားတဲ့ စီးပွားရေးစနစ်မျိုးဖြစ်ပါတယ်။ ဖက်ဆစ်စီးပွားရေးစနစ်ဟာ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို ၎င်းတို့ အစိုးရအကျိုးစီးပွားမထိခိုက်သရွေ့ခွင့်ပြုပါတယ်။ ၎င်းတို့ အကျိုးစီးပွားထိခိုက်လာရင်တော့ စိတ်မထင်သလို နှိပ်ကွပ်အရေးယူမှုတွေဆောင်ရွက်ပါတယ်။
ဖက်ဆစ်အစိုးရတွေဟာ အကျိုးအမြတ်ရဖို့အတွက် စီးပွားရေးအဆောက်အအုံထဲကို အစိုးရက ထိန်းချုပ်ပါ၀င်ဆောင်ရွက်ရမယ်၊ ဆောင်ရွက်ခွင့်လည်းရှိတယ်လို့ ခိုင်ခိုင်မာမာယုံကြည်ကြပါတယ်။ ဖက်ဆစ်ခေါင်းဆောင်များမှာ ကျိုးကြောင်းဆီလျော်ညီညွတ်တဲ့ စီးပွားရေးဝါဒအတွေးအခေါ်ကင်းမဲ့လှပြီး ၎င်းတို့ရဲ့ ပေါ်လစီများဟာ ကြောင်းကျိုးညီညွတ်တဲ့ စီးပွားရေးစနစ်အတွေးအခေါ်ဘောင်များနဲ့ ကင်းလွတ်နေတတ်ပါတယ်။ ရှင်းအောင်ပြောရရင် ဖက်ဆစ်အစိုးရများဟာ စီးပွားရေးအတွေးအခေါ်လုံး၀မရှိကြဘဲ လူပိန်းကြိုက်အမြင်တွေ၊ ၎င်းတို့ကိုထောက်ခံထောက်ပံ့ထားသူတွေရဲ့ အကျိုးစီးပွားနဲ့ စစ်နိုင်ရေးအတွက်သာ အခြေပြုပြီး စီးပွားရေးပေါ်လစီတွေ စဉ်းစားကြတာဖြစ်ပါတယ်။
လက်ရှိ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီအစိုးရဟာ ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီ၊ စားသုံးဆီနှင့် ဆန် စသော အထွေထွေကုန်ဈေးနှုန်းများမြင့်တက်မှုနှင့် ပတ်သက်၍ အရပ်သားစီးပွားရေးလုပ်ငန်းရှင်အများအပြားကို ဖမ်းဆီးနှိပ်ကွပ်မှုများလုပ်ဆောင်ပြီး ဈေးကွက်ကိုထိန်းချုပ်ဖို့ ကြိုးစားနေသော်လည်း တဘက်တွင် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီပွားရေးဦးပိုင်ကုမ္ပဏီ (MEHL)တို့သည် လက်ဖျားနှင့်ပင် အထိခံရခြင်းမရှိရုံသာမက ကျောက်စိမ်းနှင့် အဖိုးတန်တွင်းထွက်သယံဇာတ၊ ကုန်ထုတ်လုပ်ငန်း၊ အာမခံ၊ ဘဏ်လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း၊ ပို့ကုန်သွင်းကုန်နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအပါအဝင် စီးပွားရေးနယ်ပယ်စုံတွင် ယခင်ကကဲ့သို့ အထူးအခွင့်အရေးများ ရယူလုပ်ကိုင်နေဆဲဖြစ်သည်။
စစ်အာဏာသိမ်းမှု၏ အကျိုးဆက်အနေဖြင့် စစ်ကောင်စီ၏ လွဲမှားသော ပေါ်လစီ၊ စီမံခန့်ခွဲပုံညံ့ဖျင်းမှု အစရှိသည်များကြောင့် တိုင်းပြည်စီးပွားရေးဆုတ်ယုတ်ပျက်စီးလာကာ ကုန်ဈေးနှုန်းများတရိပ်ရိပ်မြင့်တက်နေခြင်းဖြစ်သည်။ သို့သော် စစ်ကောင်စီက အဆိုပါဖြစ်ရပ်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များအပေါ် အပြစ်ပုံချဖို့ နည်းလမ်းအမျိုးမျိုးဖြင့် နှိပ်ကွပ်မှုများ လုပ်ဆောင်နေသော်လည်း အဆိုပါ လုပ်ဆောင်ချက်များတွင် တပ်ပိုင်လုပ်ငန်းများက ကင်းလွတ်၍ အခွင့်ထူးများပင် ခံစားရရှိနေခြင်းဖြစ်သည်။
စစ်ကောင်စီသည် စစ်ရေးဘက်တွင်လည်း အဘက်ဘက်သော စစ်မျက်နှာပေါင်းစုံကို ရင်ဆိုင်ထားရပြီး စခန်းတခုပြီးတခု၊ တမြို့ပြီးတမြို့ လက်လွှတ်ဆုံးရှုံးနေရတာကြောင့် ၎င်းတို့အာဏာလက်မလွှတ်ရရေးအတွက် စစ်ပွဲကို အနိုင်တိုက်ရန် ပြည်သူလူထုနှင့် တိုင်းပြည်စီးပွားရေးအဆောက်အအုံကို ချနင်း၍ စစ်အင်အားကိုဖြည့်တင်းရန်ကြိုးစားနေသည်။
NLD အစိုးရ၏ စီးပွားရေးအကြံပေးဖြစ်ခဲ့သူ ဒေါက်တာရှောင်တာနယ်လ်က မြန်မာ့စီးပွားပျက်ကပ်အကြောင်း သတင်းစာရှင်းလင်းပွဲတခုတွင် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မှ ၂၀၂၄ ခုနှစ်၊ အထိ ၃ နှစ် ၃ လအတွင်း ကျပ်ငွေစက္ကူအသစ် ရိုက်ထုတ်မှု စုစုပေါင်း တန်ဖိုး ကျပ်ဘီလီယံ ၃၀၀၀၀ နီးပါးရှိနေကြောင်း ပြောဆိုခဲ့သည်။ စစ်ကောင်စီ၏ ၃ နှစ် ၃ လ အတွင်း ငွေစက္ကူအသစ်ရိုက်ထုတ်မှုသည် NLD အစိုးရလက်ထက် ၂ နှစ်ကာလ ငွေစက္ကူအသစ် ရိုက်ထုတ်မှုထက် ၈ဆကျော်အထိ တိုးမြှင့်ရိုက်ထုတ်ခဲ့ကြောင်းတွေ့ရှိရသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်သည် တိုင်းပြည်စီးပွားရေးကျဆင်းမှု၏ အဓိက အချက်တခုဖြစ်ရုံသာမကဘဲ တိုင်းပြည်၏ ငွေကြေးအဆောက်အအုံကို ချနင်း၍ ၎င်းတို့ အကျိုးစီးပွားကို ကာကွယ်ရန်လုပ်ဆောင်ခြင်းဖြစ်သည်။
ဈေးကွက်မတည်မငြိမ်ဖြစ်တိုင်း စီးပွားရေးလုပ်ငန်းရှင်များကို ရန်မူနေသည့် စစ်ကောင်စီသည် ယခုနှစ် မေလကုန်တွင် ရွှေဈေးနှုန်း မတည်ငြိမ်အောင် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ရွှေလုပ်ငန်းလုပ်ကိုင်သူ ၂၁ ဦးကို ဖမ်းဆီးခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမှ ထိပ်သီးရွှေဆိုင်ပိုင်ရှင်များအပါအဝင် ၁၀ ဦးကို ဆက်လက်ဖမ်းဆီးမည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့နောက် နိုင်ငံခြားငွေရောင်းဝယ်သူ ၁၄ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ကာ ၁၁ ဦး ဖမ်းဆီးမိန့်ထုတ်ခဲ့သလို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကွန်ဒိုတိုက်ခန်းဝယ်ယူသူ ၃ ဦးနှင့် ရောင်းချသည့် Min Thu ကုမ္ပဏီမှ ဒါရိုက်တာနှင့် အထွေထွေမန်နေဂျာနှစ်ဦးကို အရေးယူမည်ဟု ထုတ်ပြန်ခဲ့သည်။
သတ်မှတ်ဆန်ဈေးထက် ဈေးတင်ရောင်းသည်ဆိုကာ ဆန်လုပ်ငန်းရှင် ၇ ဦး၊ City Mart, Aeon Orange, One Stop Mart နှင့် စိန်ဂေဟာကုန်တိုက်မှ တာဝန်ရှိသူ ၄ ဦးကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ဇွန်လ ၃၀ ရက်နေ့က ထပ်မံထုတ်ပြန်ထားသည်။ အဆိုပါ ၄ ဦးတွင် Aeon Orange မှ တာ၀န်ရှိသူမှာ ဂျပန်နိုင်ငံသားတဦးဖြစ်သည်။
စစ်ကောင်စီသည် အထက်ပါ ဖမ်းဆီးအရေးယူနှိပ်ကွပ်မှုများကို အဆိုပါ အရပ်သားလုပ်ငန်းရှင်များအပေါ် ခပ်စိတ်စိတ်လုပ်ဆောင်ခဲ့သော်လည်း
တပ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် စစ်ကောင်စီနှင့်နီးကပ်သော စီးပွားရေးလုပ်ငန်းရှင်အချို့ကိုတော့ အရေးယူစစ်ဆေးမှုများတွင် ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခဲ့သည် ။ ဥပမာ- Gandamar Wholesale နှင့် Rubby Mart တို့သည့် စစ်တပ်ပိုင်ကုန်တိုက်များအဖြစ် လူသိများသည်။ တပ်ထုတ်ကုန်ဆန်အဖြစ် MEC မြန်မာ့ဆန်နှင့် အဓိပတိအမှတ်တံဆိပ်ဆန်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည်။ ဦးပိုင်၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် အဓိပတိ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလီမိတက်သည် ဆန်ထုတ်လုပ်ဖြန့်ဖြူးခြင်းအပြင် ပြည်ပသို့ ဆန်တင်ပို့သည့် လုပ်ငန်းများလုပ်ကိုင်နေသည်။
သို့သော် ဖမ်းဆီးစစ်ဆေးအရေးယူမှုများဆောင်ရွက်ရာတွင် အဆိုပါ တပ်ပိုင်စီးပွားရေးလုပ်ငန်းများ တခုကိုမှ စစ်ဆေးအရေးယူခြင်းမရှိကြောင်းတွေ့ရသည်။ ဇူလိုင် ၁ ရက်နေ့တွင် ညွှန်ကြားချက်ဖောက်ဖျက်၍ အိမ်ရာချေးငွေများပြားစွာထုတ်ချေးသည်ဆိုကာ ပြည်တွင်းပုဂ္ဂလိကဘဏ် ၇ ခုကို အရေးယူမည်ဟု ထုတ်ပြန်လာသော်လည်း ထိုအထဲတွင် စစ်တပ်ပိုင် အင်းဝဘဏ်နှင့် မြဝတီဘဏ်တို့ပါဝင်ခြင်းမရှိပေ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က “ဒီအခြေအနေကို ကြည့်လိုက်ရင် အကြမ်းဖက်စစ်တပ်အနေနဲ့က တိုင်းပြည်ရဲ့ စီးပွားရေးတစ်စုံလုံးကို သူတို့ကိုယ်ကျိုးစီးပွားအတွက် သူတို့သက်ဆိုးရှည်ဖို့အတွက် သူတို့သက်တမ်းကို ဆွဲဆန့်ဖို့အတွက်ပဲ အဓိကထားဦးတည်ပြီးတော့ အသုံးချနေတဲ့ အနေအထားရောက်နေပြီဆိုတာ မြင်ရတယ်” ဟု ပြောကြားခဲ့တာတွေ့ရသည်။
မြန်မာစစ်တပ်သည် တနိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်းများကို လက်ဝါးကြီးအုပ်ခြယ်လှယ်ထားရုံသာမက ယခုအခါ အရပ်သားပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များကိုပါ နှိပ်ကွပ်ပြီး ၎င်းတို့ စီးပွားရေးအင်ပါယာကို ချဲ့ထွင်၍ ၎င်းတို့ အကျိုးစီးပွားအတွက် တိုင်းပြည်စီးပွားရေးတခုလုံးကို ထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။
မင်းအောင်လှိုင်စစ်ကောင်စီအစိုးရ၏ အဆိုပါလုပ်ဆောင်ချက်များသည် ဒုတိယကမ္ဘာစစ်ကာလက ဟစ်တလာ၊ မူဆိုလီနီ တို့ကဲ့သို့သော ဖက်ဆစ်စစ်ခေါင်းဆောင်များ၏ နည်းလမ်းအတိုင်း တိုင်းပြည်စီးပွားရေးစနစ်ကို ဖက်ဆစ်စီးပွားရေးစနစ်အဖြစ် ပုံသွင်းလုပ်ဆောင်စေကာ နိုင်ငံ၏ စီးပွားရေးအဆောက်အအုံကို ပြည်သူလူထုအကျိုးစီးပွားထက် ၎င်းတို့ အကျိုးစီးပွားကာကွယ်ရေး အဆောက်အအုံအဖြစ် အသုံးချနေခြင်းသာဖြစ်ပါသည်။
ပြည်သူလူထုအနေဖြင့် ဖက်ဆစ်စစ်အုပ်စုက လက်၀ါးကြီးအုပ်ချယ်လှယ်နေသော ဖက်ဆစ်စီးပွားရေးစနစ်ကို လုံး၀ လက်သင့်မခံဘဲ တော်လှန်စစ်ကို စစ်ရေးစစ်မျက်နှာများတွင်သာမက စီးပွားရေးစစ်မျက်နှာ၊ဘဏ္ဍာရေးစစ်မျက်နှာများအထိပါ ရတဲ့နည်းဖြင့် အရှိန်မြှင့် ပါ၀င်တိုက်ခိုက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါသည်။