မိုးရာသီတွင်းသို့ ရောက်ချိန်တွင် မြန်မာစစ်တပ်သည် အရှုံးများစွာနှင့် ဖြစ်နေပေပြီ။
၁၀၂၇ စစ်ဆင်ရေးစတင်ချိန်အတွင်း ဆုံးရှုံးသွားသော နယ်မြေများစွာအနက် အနည်းငယ်မျှကိုသာ ၄င်းတို့အနေနှင့် ပြန်လည် သိမ်းပိုက်ရရှိနိုင်သေးသည်။ အရေးပါသော ကုန်သွယ်ရေးမြို့ဖြစ်သည့် မြဝတီကို ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်သည် ယခုအချိန်အထိတိုင် မအောင်မြင်သေးပါ။ လေကြောင်းတိုက်ခိုက်မှုများ ၊ တာဝေးပစ် အမြောက်များဖြင့် ပစ်ခတ်မှုများကို တိုးမြင့် ဆောင်ရွက်နေသော်လည်း ထိုအရာများသက်သက်ဖြင့်လျင်တော့ သိမ်းပိုက်ခံမြေကို ပြန်လည်ရရှိနိုင်မည် မဟုတ်ပါ။
စစ်မီးပွားသည် တောင်ပိုင်းတိုင်းထိ ကျယ်ပြန့်လာခြင်းကဲ့သို့သော အရေးကြီးသည့် တိုးတက်မှုများလည်းရှိသည်။ မွန်တော်လှန်ရေးအဖွဲ့အစည်းနှစ်ဖွဲ့က ပူးပေါင်းလက်တွဲလုပ်ဆောင်ရန် သဘောတူညီခဲ့ပြီး တနင်္သာရီဒေသတွင် တိုက်ပွဲများ အရှိန်မြှင့်ရန် ပြင်ဆင်နေခဲ့ကြသည်။
မိုးရာသီသည် တော်လှန်ရေးတပ်ဖွဲ့များကို အမြဲတမ်း မျက်နှာသာပေးလေ့ရှိသည်။
နေရာအနှံအပြား အင်အားများ ဖြန့်ကြဲကာ စစ်ကျွံနေပြီဖြစ်သော စစ်တပ်အတွက် စစ်မျက်နှာ အသစ်များလည်းရှိလာခဲ့ပြီ ဖြစ်သည်။စစ်ကောင်စီ တပ်သားများသည် အနားယူရခြင်းမရှိဘဲ ဘီလူး သရဲများ သဖွယ် တိုက်ခိုက်နေရသည်။ မူးယစ်ဆေးများသုံးစွဲကာ တိုက်ခိုက်လေ့ရှိသော စစ်ကောင်စီတပ်သားများသည် စာရိတ္တ ဖောက်ပြန်ကာ စိတ်ကျန်းမာရေးလည်း ထိခိုက်နေကြပြီ ဖြစ်သည်။
ဆန့်ကျင်ဘက် တော်လှန်ရေး တပ်ဖွဲ့များအတွက်မူ စစ်မြေပြင်တွင် စစ်တပ်ကို ယှဥ်တု ဖက်ပြိုင်ရင်းနှင့်ပင် သာလွန်လှသော နည်းဗျူဟာများ၊ စည်းကမ်းနှင့် ကျင့်ဝတ်များကို ဖော်ထုတ်ပြသနိုင်ခဲ့ပြိဖြစ်သည်။
ထိုကဲ့သို့သော အရာများ ရှိသော်လည်း စစ်တပ်တွင် အမြဲရှိနေခဲ့သည် အားသာချက်များကို ကျော်ဖြတ်နိုင်ရန်လည်း လိုပါသေးသည်။ ထိုအရာများမှာ ဖြန့်ကျက်နိုင်စွမ်းရည်၊ လေကြောင်းစွမ်းရည် နှင့် ထောက်ပို့စွမ်းရည်တို့ဖြစ်သည်။
ပထမအချက်အနေဖြင့် မြန်မာ့တပ်မတော်သည် တပ်ဖွဲ့များ ရောယှက် စုပေါင်းထားခြင်းဖြစ်ကာ အချို့မှာ ဒေသကို အခြေစိုက်ထားသည့် အထိုင်တပ်ရင်းများဖြစ်သည်။။၎င်းတို့၏ ထိုးစစ်ဆင်မှု အများစုကို ခြေလျင်တပ်မ နှင့် စစ်ကြောင်းအဆင့် ယူနစ်ငယ်များက ဆောင်ရွက်လေ့ရှိကြသည်။ ၄င်းတို့သည်မူ လှုပ်ရှားမှုများ ဆောင်ရွက်ပြီး မကြာခဏ အခြေစိုက် တပ်ရင်းသို့ ပြန်လေ့ရှိကြသည်။
ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် စစ်ကူနှင့် နောက်တန်းပြန် ရဲဘော်များကို အင်အားဖြတ်တောက်နိုင်ရန် အာရုံစိုက် ကြိုးပမ်းရမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ယင်းတို့၏ ဝန်များစွာတင်ဆောင်နိုင်သည့် ရဟတ်ယာဥ်များကို ပစ်ချနိုင်ရန် အစွမ်းကုန် ဆောင်ရွက်ရမည်ဖြစ်သည်။
ရဟတ်ယာဉ် အရေအတွက် တချို့ ဆုံးရှုံးခြင်းသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များအတွက် စစ်ကူ နှင့် ထောက်ပို့ အင်အားကို သိသိသာသာ နှောင့်နှေးစေခဲ့ပြီးဖြစ်သည်။
၁၀၂၇ ကတည်းက တော်လှန်ရေးအင်အားစုများထံ လက်နက်ချခဲ့သော တပ်ဖွဲ့များသည် ရိက္ခာ၊ ရေ၊ ခဲယမ်းမီးကျောက်များနှင့် ဆေးဝါး ထောက်ပံ့မှုများ မရရှိပဲ တိုက်ပွဲဝင်နေခဲ့ကြရသည်။ဤသည်မှာ ၎င်းတို့၏ ဘက်ပြောင်းအလင်းဝင်မှုအတွက် အကြီးမားဆုံးအချက်ဖြစ်သည်။
တော်လှန်ရေးအဖွဲ့များ၏ ရည်မှန်းချက်ကဲ့သို့ စစ်တပ်ကို အနိုင်ယူရုံသာမကဘဲ အစုလိုက်အပြုံလိုက် ဘက်ပြောင်းမှုများဖြင့် အင်အားပြိုကွဲစေရန် သည်လည်း အရေးကြီးလှပါသည်။
ဒုတိယအချက်အနေဖြင့် လေယာဥ်အချို့ဆုံးရှုံးခဲ့ရပြီး JF-17 တရုတ်-ပါကစ္စတန်ဂျက်တိုက်လေယာဉ်များအား ပျံသန်းနိုင်စွမ်း မရှိတော့ စေရန် ပြုလုပ်နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် အင်အားကောင်းမွန်သည့် လေတပ် ရှိနေဆဲဖြစ်သည်။
အလွန်အကျွံအသုံးချခြင်း နှင့် တစ်ပြိုင်နက်တည်းတွင် ပြန်လည်ပြင်ဆင်မှု မလုံလောက်ခြင်းတို့ကြောင့် လေယာဥ်အများအပြား ဆုံးရှုံးရဦးမည်ဖြစ်သည်။ ၄င်းတို့အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ မရရှိသည်မှာလည်း သိသာလွန်းလှသည်။
သို့သော် တော်လှန်ရေးတပ်ဖွဲ့ဝင်များအတွက်မူ လေယာဥ်များ ကောင်းကင်မှ ပျက်ကျချိန်ထိ စောင့်နေနိုင်မည် မဟုတ်ပါ။ထို့ပြင် မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက်များ လည်းမရှိခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များသည် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းမှ ထွက်ခွာလာသည့် မည်သည့် လေယာဥ်ဆီသယ် ယာဥ်ကို မဆို စနစ်တကျ ပစ်မှတ်ထားရမည်ဖြစ်သည်။ မည်သည့် လေယာဥ်ဆီသယ်ယာဥ်ကိုမှ ကုန်းတွင်းပိုင်းရှိ လေဆိပ် ၁၁ ခုသို့ ပို့ဆောင်ခွင့် မရှိစေရ။ မီးလောင်လွယ်သည့် လေယာဥ်ဆီများပါသော ဆီသယ်ယာဥ်ကို ဖျက်ဆီးရန်မှာ များစွာ မခက်လှပါ။
ဝမ်းနည်းဖွယ်ကောင်းစွာဖြင့် မြန်မာပြည်သူအများကို နိုင်ငံတကာအသိုက်အဝန်းမှ စွန့်ပစ်ထားခြင်းခံရပြီး လေယာဥ်ဆီ တင်သွင်းမှုကိုလည်း ပိတ်ပင်ရန်မရှိပါ။ ထို့ကြောင့် လေယာဥ်ဆီသယ်ယာဥ်များကို ပစ်မှတ်ထားတိုက်ခိုက်ရန်သာ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်နေသည်။ရိုးရိုးရှင်းရှင်းပင်။ လေယာဥ်ဆီမရှိ၊ လေယာဥ်ပျံမရှိ။ ဤသည်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် ဗျူဟာကျကျ ဦးစားပေးမှု ဖြစ်နေရမည်။
တတိယ အချက်အနေဖြင့် စစ်တပ်၏ သိသာထင်ရှားသော ထုတ်လုပ်နိုင်စွမ်းရည်ကြောင့် စစ်ပွဲကို ဆက်လက် ဆင်နွှဲနိုင်နေခြင်းဖြစ်သည်။ လက်နက်မျိုးစုံနှင့် အရေးပါသော ခဲယမ်းမီးကျောက်များ ထုတ်လုပ်နိုင်သည့် စက်ရုံ (ကပစ) ၁၃ရုံ ရှိသည်။ကျွန်ုပ်တို့သည် တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့မှ လက်နက်များ တင်သွင်းမှုအပေါ် အာရုံစိုက်နေနိုင်သော်လည်း ကိုယ်ပိုင်လက်နက်ခဲယမ်းများ ထုတ်လုပ်ခြင်းသည် စစ်တပ်၏ တိုက်ပွဲများကို ကြံကြံခံ ဆက်လက်ဆင်နွှဲနေနိုင်သည့် အကြောင်းဖြစ်သည်။
စက်ရုံများကို တိုက်ခိုက်ခြင်း၊ နှင့် တော်လှန်ရေးအဖွဲ့များ၏ အားသာချက်ဖြစ်သော ဒရုန်းကို အသုံးချခြင်းတို့သည် လည်း ထိရောက်မှု နည်းပါးလှသည်။ ကပစ စက်ရုံများသည် စစ်တပ် ထိန်းချုပ်ရာ ဒေသများဖြစ်ပြီး ကြီးမားလွန်းလှသည်။
သို့ဆိုလျင် မည်သို့ ဆောင်ရွက်နိုင်မည်နည်း။ ကုန်ကြမ်းသယ် ယာဥ်တန်းများကို ပစ်မှတ်ထားရမည်ဖြစ်သည်။ အကယ်၍ အမြှောက်ကျည်ဆံတစ်ခု ကို ပြုလုပ်ရန် အစိတ်အပိုင်း ၉ ခုလိုမည်ဖြစ်ပြီး ၄င်းတို့ကိုသယ်လာသည့် အနက် ပစ္စည်း တစ်ခု၏ လော်ရီကားတစ်စီးကို သာ ဖျက်ဆီးနိုင်ခဲ့မည် ဆိုလျင် ထုတ်လုပ်ရေးသည် ရပ်ဆိုင်းသွားနိုင်သည်ဆိုသော နည်းလမ်းဖြင့် စဥ်းစားသိနိုင်ပါသည်။
အတိုချုပ်ရလျင် တော်လှန်ရေးအဖွဲ့များ နိုင်နေပြီဖြစ်သည်။ ၄င်းတို့သည် နယ်မြေ၅၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားပြီး ယခုအခါ နယ်စပ်မြို့များကိုပါ ထိန်းချုပ်ထားနိုင်ပြိဖြစ်သည်။
သို့သော် စစ်တပ်သည်လည်း နိုင်ငံ၏ ၅၀ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားဆဲဖြစ်ကာ ပို၍အရေးကြီးသည် မှာ ၆၆ ရာခိုင်နှုန်းသော လူဦးရေ နေထိုင်နေခြင်းဖြစ်သည်။စစ်တပ်သည် တောင့်ခံနိုင်စွမ်းရှိသေးကာ ၄င်းကို လျစ်လျူပြုခြင်းသည် အန္တရာယ်ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် တော်လှန်ရေးအဖွဲ့များ၏ စစ်ရေး အားထုတ်မှုများသည် စစ်တပ်၏ တိုက်ပွဲကို ထောက်ပံ့ပေးနိုင်မှုများအပေါ် အာရုံစိုက်ရန် လိုအပ်သည်။ ဤသည်မှာ ၄င်းတို့ကို အနိုင်တိုက်နိုင်ရန် အမြန်ဆုံးနည်းလမ်းဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ အခြေခံမူများကို အခြေခံ၍ ထာဝရငြိမ်းချမ်းရေးရရှိရန် လမ်းစလည်း ဖြစ်ပေလိမ့်မည်။