ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု (Gender-based Violence – GBV)သည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများကို ဖုံးကာပေးနေသည့် ဂျဲန်ဒါ တန်းတူမညီမျှမှု၊ လူမှုအသိုက်အဝန်းအတွင်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် ရှိရင်းစွဲ စံနှုန်းဟောင်းများနှင့် အစွန်းရောက် ယုံကြည်မှုများကြောင့် အကျပ်အတည်းကာလများအတွင်း ပျံ့နှံ့နေသော ပြဿနာတစ်ရပ်ဖြစ်သည်။ အမျိုးသမီးများ (အရွယ်ရောက်ပြီးသူနှင့် အရွယ်မရောက်သေးသူ နှစ်မျိုးစလုံး)တွင် GBV ဖြစ်ပွားမှု အကြိမ်အရေအတွက်နှင့် ပြင်းထန်သော နောက်ဆက်တွဲသက်ရောက်မှုတို့၌ ပိုမိုထိခိုက်စွာ တွေ့ကြုံနေရကြောင်း တွေ့ရှိရပြီး၊ ဒေသတွင်း ပဋိပက္ခအခြေအနေများနှင့် အတင်းအကြပ်ရွှေ့ပြောင်းခိုင်းစေခြင်းကို ဖြစ်စေသော အလားတူ အခြေအနေများသည်လည်း GBV ဖြစ်ပွားမှုကို ပိုမိုအရှိန်မြှင့်တင်စေနိုင်ပြန်သည်။ ထို့အပြင် အောက်ပါ စိန်ခေါ်မှုရှိသောပတ်ဝန်းကျင်များတွင်လည်း GBV ၏အဓိကအကြောင်းရင်းအချို့ကို တွေ့ရှိနိုင်သည်။
(၁) ဆင်းရဲမွဲတေမှု
အကျပ်အတည်းအခြေအနေများသည် ဒေသခံမိသားစုများကို ဆင်းရဲတွင်းသို့ နက်သထက်နက်အောင် တွန်းပို့လေ့ရှိပြီး၊ အဆိုပါ အခြေအနေများတွင် အရွယ်မတိုင်ခင် လက်ထပ်ထိမ်းမြားခြင်းကဲ့သို့သော အန္တရာယ်ရှိသည့် အလေ့အထများကို ဖြစ်ပေါ်စေနိုင်သည်။ ဆင်းရဲသော မိသားစုများသည် မိန်းကလေးငယ်များကို အိမ်တွင်းအလုပ်များ ကူညီရန်၊ ပြင်ပဝင်ငွေရှာနိုင်ရန်၊ အိမ်ထောင်ချထားပေးရန် စသည့် အကြောင်းပြချက်များဖြင့် ပညာရေးတပိုင်းတစဖြင့် ထုတ်ပယ်တတ်ကြသည်။ အရွယ်မတိုင်ခင် လက်ထပ်ထိမ်းမြားမှု၊ မိသားစုအတွင်း အလုပ်လက်မဲ့ဖြစ်မှုနှင့် စီးပွားရေးကျပ်တည်းမှုတို့သည် ရင်းနှီးသောမိတ်ဖက်အတွင်း အကြမ်းဖက်မှု (Intimate Partner Violence – IPV)အဖြစ်လည်း ဖြစ်ပေါ်လာစေနိုင်သည်။
(၂) ဒေသတွင်းလုံလောက်သော လူမှုဝန်ဆောင်မှုများ မရှိတော့ခြင်း
ပဋိပက္ခအခြေအနေများသည် ဒေသတွင်းဖွဲ့စည်းပုံနှင့် တရားဥပဒေစိုးမိုးရေးကို ပြိုပျက်စေနိုင်သည်။ ယင်းကြောင့် အမျိုးသမီးများအား လုံလောက်သော လူမှုရေး ပံ့ပိုးကူညီမှုများနှင့် တရားဥပဒေအကာအကွယ်များ မရှိသလောက် ဖြစ်စေသည်။ မရှိမဖြစ်လိုအပ်သော လူမှုဝန်ဆောင်မှုများ ပျက်ကွက်သည့်အခါ အမျိုးသမီးများသည် အစားအသောက်၊ ရေ သို့မဟုတ် လောင်စာ စသည်တို့အတွက် အဝေးသို့ ခရီးထွက် သွားလာရန် လိုအပ်လာသည်။ အဆိုပါ ပဋိပက္ခဒေသတွင်း လူနေမှုပုံစံများသည် ၎င်းတို့အား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့် စော်ကားမှုအန္တရာယ် ပိုမို ဖြစ်ပွားလာစေသည်။
(၃) ပဋိပက္ခနှင့် စစ်ပွဲများ
ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခနှင့် စစ်ပွဲများ မြင့်တက်လာခြင်းသည် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV) ကို ပိုမိုဖြစ်ပေါ်စေသည်။ တရားဥပဒေစိုးမိုးမှု မရှိလျှင် ကျူးလွန်သူများသည် တရားဥပဒေ၏ ပြစ်ဒဏ်ကို မကြောက်ရွံ့တော့ပဲ မကြာခဏ ကျူးလွန်တတ်ကြသည်။ လက်နက်ကိုင်တပ်ဖွဲ့များသည် မုဒိမ်းမှုကို အကြောက်တရား စစ်လက်နက်သဖွယ် အသုံးပြုလာနိုင်သည်။ CRSV၏ အခြားပုံစံများမှာ လိင်ကျွန်ပြုခြင်းနှင့် အဓမ္မပြည့်တန်ဆာပြုခြင်း တို့ပါဝင်သည်။
(၄) နေရာရွှေ့ပြောင်းနေထိုင်ရခြင်း
ဒုက္ခသည်စခန်းများ သို့မဟုတ် ယာယီရွှေ့ပြောင်းရာ နေရာများတွင် နေထိုင်ရသည့် အမျိုးသမီးများ၏ နေ့စဥ်ဘဝများတွင် ကိုယ်၊ စိတ် လုံခြုံစွာဖြင့် နေထိုင်ရရေးသည်လည်း စိန်ခေါ်မှုတရပ် ဖြစ်လာသည်။ လုံခြုံမှုမရှိသော ရေချိုးခန်း၊ သန့်စင်ခန်း တံခါးများ၊ ကျား-မ ရောနှောနေထိုင်ရမှုများနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များအတွက် ပွင့်လင်းမြင်သာလွန်းသော ပတ်ဝန်းကျင်များ စသည်တို့သည် ရွေ့ပြောင်းနေထိုင်သူ ဒုက္ခသည်အမျိုးသမီးများအတွက် အန္တရာယ်ဖြစ်စေနိုင်သည်။ ထို့အပြင် ရွှေ့ပြောင်းနေထိုင်သူများသည် ၎င်းတို့ ရပ်တည်ရေးအတွက် အလုပ်အကိုင်အသစ်များ ရှာဖွေတတ်ကြပြီး ထိုမှတဆင့် လုပ်ငန်းခွင်အတွင်း ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုများလည်း ဖြစ်လာနိုင်ဖွယ်ရှိနေသည်။
(၅) မိသားစုတွင်း စိတ်ဖိစီးမှု
IRC သုတေသနပြုချက်အရ Intimate Partner Violence – IPV နှင့် ကလေးများအား ညှဉ်းပန်းနှိပ်စက်ခြင်း၊ မတော်မတရားပြုခြင်းတို့သည် မိသားစုများအတွင်း စီးပွားရေးကျပ်တည်းနေမှု၊ အရက်သေစာနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု စသည့် အခြေအနေများတွင် ပို၍ မကြာခဏ ဖြစ်ပွားတတ်လေ့ရှိကြောင်း အကြံပြုဖော်ပြထားသည်။
(Ref: rescue.org)