အဆင်ဆန်း နဲ့ အဆင်စမ်း
Jul 27, 2024 created by Toward 82

'စစ်သားတွေက အသက်တွေ ကြီးနေကြပြီး စိတ်ဓာတ်တွေကလည်း ချွတ်ခြုံကျနေကြတယ်။ ဘာအတွက် တိုက်နေရလဲဆိုတဲ့ မူရင်းရည်ရွယ်ချက် ပျောက်နေကြပြီ'
'စကစတပ်တွေက စစ်တိုက်တာမှ မဟုတ်ဘဲ၊ ဖျက်ဆီးနေတာ'
ဒီစကားတွေက စစ်ရှောင်လူထုထဲက ထွက်လာတဲ့စကားတွေပါ။


စစ်သားစစ်သည်တွေအဖို့ တတ်ကို တတ်ရမယ့် ပညာက စစ်တိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ အထူးသဖြင့် စစ်အရာရှိများဟာ နိုင်ငံရေးကို ဦးဆောင်ရမယ်၊ အုပ်ချုပ်ရေးကို ထိန်းချုပ်ရမယ်၊ ဥပဒေပြုရေးမှာ ဝင်ပါရမယ်၊ တရားစီရင်ရေးမှာ အဆုံးအဖြတ်ပေးရမယ်ဆိုတာမျိုး သူတို့ဖာသာ သတ်မှတ်ပြီး နေရာတကာ အရေးပါချင်လေတော့ သူတို့ တကယ်တတ်မြောက်ရမယ့် စစ်ပညာကို သေချာမတတ်မြောက်ကြတော့ပေဘူး။ စကစတွေရဲ့ စိတ္တဇမှာ အရေးပါချင်ရုံမကဘဲ သူတို့က လွဲပြီး ဘယ်သူ့ကိုမှ အရာရောက်သူတွေလို့ မဖြစ်စေချင်၊ မမြင်ချင်ကြတဲ့စိတ်ဓာတ်ကလည်း ပြင်းထန်ပါတယ်။ ဒါကြောင့် ဌာနဆိုင်ရာတိုင်းမှာ တပ်ကလူတွေကပဲ အကြီးအကဲနေရာတွေကို ယူကြသလို တပ်ထဲမှာလည်း လက်အောက်ငယ်သားတွေကို သူတို့နဲ့တန်းတူ ဆက်ဆံဖို့ ဘယ်တုန်းကမှ မတွေးထားပါဘူး။ ဒါကြောင့် မဖြစ်မနေ စစ်တိုက်နေရတဲ့ ရှေ့တန်းနေရာမျိုးမှာတောင် အရာရှိဆိုသူတွေက ဗုံးခိုကျင်းထဲမှာ အထိုင်ချပြီး အကြပ်၊တပ်သားတွေကို သူတို့နဲ့အတူ နေရာမယူစေဘဲ မောင်းထုတ်ပြီး အသေခံခိုင်းရုံသက်သက်သဘောထားကြတာတွေကို ကြားသိရတာပေါ့။


ရဲဘော်ရဲဘက်စိတ်ထားဆိုတာ ရာထူးတူချင်းကြားမှာတောင် ရှားပါးကုန် ဖြစ်နေပုံရလေတော့ ရာထူးနိမ့်သူတွေအတွက်ကတော့ ဘယ်သူ့အတွက် အသေခံပေးနေရမှန်း မသိတော့လောက်အောင် မတိုက်လည်း သေ၊ တိုက်လည်း သေ ဘဝတွေကိုပဲ လက်ခံနေကြရပုံပါ။ ဒီ့ထက်ဆိုးတာကတော့ အသေခံခိုင်းနေတဲ့ ရဲဘော်တွေအတွက် လိုအပ်တဲ့ လက်နက်၊ ရိက္ခာတွေကို အလုံအလောက် ပေးဖို့ကိုတောင် အထက်အဆင့်ဆင့်က အရာရှိတွေက လျစ်လျူရှုတာမျိုးကနေ ငြင်းဆန်တာထိ လုပ်ကြတယ်ဆိုတာကို ကြားလာရတာပါပဲ။


တပြိုင်တည်းမှာ စကစဟာ သမိုင်းတလျှောက် သုံးခဲ့တဲ့ အလိမ်အညာအခြေခံ ဝါဒဖြန့်ချိရေးကို သူကိုယ်တိုင်ရော သူ့ကို ထောက်ခံတဲ့ မီဒီယာအမည်ခံလူတွေကပါ သုံးပြီး ကိုယ့်လူကိုယ် ညာပါတယ်။ လူထုက သူတို့ ညာတာတွေ သိနေကြပြီမို့ သူ့လူတွေကို ဦးတည်ပြီး အညာအဖြီးတွေနဲ့ အသေခံခိုင်းဖို့ လုပ်ကြတာမျိုးပေါ့။ 
ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖမ်းမိတဲ့ စကစအရာရှိတွေနဲ့ အောက်ခြေစစ်သားတွေရဲ့ အင်တာဗျူးတွေကို ကြည့်လိုက်ရင် စကစတပ်တွင်းမှာ ပြည်သူကို ရန်သူလို သဘောထားနေရတာအပေါ် နောင်တ မရှိနေတာ၊ မနိုင်လို့ သုံ့ပန်းဖြစ်နေတဲ့တိုင် ဖမ်းထားတဲ့တပ်တွေကို ရန်သူလို့ မြင်နေသေးတာ၊ ကာချုပ်အပေါ် မကောင်းပြောဖို့ တွန့်ဆုတ်နေတာ၊ အပြစ်တွေကို အထက်အရာရှိကိုဖြစ်စေ အောက်ခြေရဲဘော်တွေကိုဖြစ်စေ လွှဲချတတ်ကြတာ၊ အချင်းချင်းကြား ရဲဘော်ရဲဘက်စိတ် မရှိတော့တာ၊ တိုက်ပွဲမှာ နိုင်နိုင် ရှုံးရှုံး မိသားစုတွေကို စိတ်ပူနေရတုန်းဆိုတာကို သဘောပေါက်နေကြတာ အဲဒီလိုတွေ တွေ့ရတာပါပဲ။
လက်ဗလာနဲ့ စခဲ့တဲ့ လူထုကတော့ သုံးနှစ်ကျော်ကာလအတွင်းမှာ မြို့သိမ်းတိုက်ပွဲတွေကိုတောင် အနိုင်တိုက်လို့ တသက်လုံး စစ်နဲ့ လုပ်စားလာခဲ့တဲ့ စကစတပ်တွေကို စစ်ဆိုတာ ဘယ်လိုတိုက်ရကြောင်းတွေ သက်သေပြနေပြီကော။ မန္တလေးပီဒီအက်ဖ်နဲ့ စဉ့်ကူးက ဖမ်းမိတဲ့ စကစအရာရှိကြီးငယ်တွေရဲ့ စကားပြောတာတွေ ကြည့်ရတော့ မန္တလေးပီဒီအက်ဖ်က 'ကျနော်တို့လည်း စစ်သားပဲ။ ပြည်သူလူထုကို ကာကွယ်ပေးတဲ့ စစ်သား'ဆိုတာမျိုး ထည့်ပြောချိန်မှာ 'စကစစစ်သား'တွေရဲ့ မျက်ဝန်းတွေ ကြောင်တောင်ညှိုးနေကြတာ တွေ့ရပါတယ်။ 


တကယ်တော့ စကစလက်ထက်မှာ တပ်ထဲကလူတွေတင်မကဘဲ အရပ်ဖက်က ပြည်သူ့ဝန်ဆောင်မှုတွေ လုပ်နေကြတဲ့ ဝန်ထမ်းတွေကြားမှာလည်း မဆိုစလောက် ငွေပမာဏလေးနဲ့ အချင်းချင်း ရန်ပြုထိုးချဒုက္ခပေးကြတာမျိုး၊ ပြည်သူကို မညှာတာဘဲ နိုင်ထက်စီးနင်း ပြုမူအနိုင်ကျင့်ဖို့ ဝန်မလေးကြတာမျိုးကနေ ရတုန်း ယူထားမှဆိုတဲ့ အတွေးမျိုးနဲ့ ပြည်သူဆီက လာဘ်ကြေး၊ မိုက်ကြေးကို စားသလို နိုင်ငံ့ဘတ်ဂျက်ထဲက ဘတ်ကြေး၊ ခွဲတမ်း၊ ခိုးကြေးတွေကို အားသွန်ခွန်စိုက် သဲ့ကြတာမျိုးတွေ ရှိနေကြတာပါ။ ဒါဟာ စကစဟာ ကြာကြာခံမှာ မဟုတ်ဘူးလို့ သိနေကြလို့ စကစအထက်ပိုင်းတွေ လုပ်ချင်တာ လုပ်ကြသလို ငါတို့လည်း အချိန်ရခိုက် လုပ်ချင်တာ လုပ်မယ်လို့ ဆုံးဖြတ်ကြပုံရပါတယ်။ အဲဒီလို မဟုတ်တာ မတရားတာတွေ လုပ်ချင်ကြတဲ့သူတွေကပဲ နန်းစီဒီအမ်အဖြစ် စကစယန္တရားထဲမှာ ဆက်ပြီး ရပ်တည်နိုင်ကြတာလို့လည်း ဆိုရပါမယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ဆိုပါတော့။


စကစတပ်ဟာ စစ်ရေးမှာလည်း အရည်အချင်း မရှိ၊ စီးပွါးရေးလည်း တချက်လွှတ်အမိန့်နဲ့ လည်ပတ်နိုင်မယ်လို့ တလွဲထင်၊ နိုင်ငံရေးမှာလည်း အမြော်အမြင်ရော စေတနာပါ နှမ်းတစေ့ မရှိ၊ ကိုယ့်အင်စတီကျူးရှင်းကိုတောင် ဘယ်လိုစောင့်ရှောက်ရမယ်မှန်းကလည်း မသိ။ ဒီတော့ ဒီအနေအထားမျိုးမှာမှ တိုင်းပြည် မပျက်ရင် ဘယ်ခံနိုင်မှာတုန်းလို့ မှတ်ချက်ပြုရုံပဲ ရှိပါတယ်။


ဒါကို အိမ်နီးချင်းကြောင့်လို့ လက်ညှိုးလေး ထိုးလိုက်၊ ခဏနေ ကယ်ပါဦးလို့ ကြိတ်ပုန်းခေါင်းဝှေ့ ပူဆာလိုက်နဲ့ အကောင်းဆုံးထွက်ပေါက်လေး ရလေမလားလို့ ကြံနေပြန်တော့ ရယ်စရာတွေ ဖြစ်ရပြန်တာပေါ့။ ရယ်စရာ အကောင်းဆုံးကတော့ ရွေးကောက်ပွဲဆိုတာကို အကောင်းဆုံး ထွက်ပေါက်လို့ ရှုမြင်ပြီး အကွက်ရွှေ့ဖို့ လုပ်လာတာပါပဲ။ လူထု ကိုယ်တိုင် မဲပေးပြီး ရွေးချယ်ခဲ့တာကို ဇွတ်မဟုတ်ဘူးလို့ ငြင်းပြီးမှ ရွေးကောက်ပွဲဆိုတာ ဒိုင်လူကြီးလည်း ငါ၊ အသင်းမှန်သမျှလည်း ငါ့လူတွေဆိုပြီး ကန်လိုက်ရင် မဂိုး-ဂိုး-ဂိုး ဂိုးသွားမှာပဲလို့ စကစက မြင်နေတာဟာ အံ့ဩစရာ မကောင်းဘူးလား။ 


ခုလည်း 'အဆင်ဆန်း'လေး လုပ်မလားတော့ စောင့်ကြည့်နေတာ အဆင်က မဆန်းနိုင်တော့တာ သေချာနေတော့ စမ်းသပ်တဲ့ အဆင်မျိုးလေး(အဆင်စမ်း) လုပ်ဖို့ 'ယာယီသမတ'ဆိုပြီး ကိုယ့်ဘာသာ ဇွတ်ခန့်ပြန်တာပဲ။ လူတွေလည်း စိတ်ဆိုးရလွန်းတော့ မောပြီး ခွက်ထိုးခွက်လှန် ရယ်ရုံသာ တတ်နိုင်တော့တယ်။


တော်လှန်ရေးတပ်သားတွေဘက်ကတော့ 'အဆင်ဆန်း'အဖြစ် ဒေါက်တာတေဇာစန်းရဲ့ 'မန္တလေးရောက် မန္တလေးသားတစ်ယောက်'ဓာတ်ပုံတွေ ပေါ်ထွက်လာပါတယ်။ စကစဘက်တော်သားတွေအဖို့တော့ ဒီအဆင်ဆန်းကို ငါတို့အပေါ် စမ်းသပ်စိန်ခေါ်တဲ့ 'အဆင်စမ်း'ပဲလို့ တွေးနိုင်တာပေါ့။


ဘယ်လိုပဲဖြစ်ဖြစ် လူထုရဲ့ တော်လှန်ရေးကတော့ သမိုင်းတလျှောက်မှာ အဆန်းဆုံး အဆင်နဲ့ အလန်းဆုံး ပန်းဝင်ဖို့ ဆက်လက်ရွေ့နေလေရဲ့။


[ဆီသို့စာစဥ် အတွဲ ၆၊ အမှတ် ၉ မှ ပြန်လည်ကောက်နုတ်ဖော်ပြသည်]