အပြောကတော့ရွှေမန်း အကကျမှရှောင်လင်သိုင်း
Jul 02, 2024 created by Toward 440

မြန်မာ့ဇာတ်သဘင်လောကမှာ ဇာတ်မင်းသားကြီးအလင်္ကာ ကျော်စွာရွှေမန်းတင်မောင် ဆိုတာအဆိုကောင်း အက ကောင်း အငိုကောင်းတဲ့နေရာမှာနှစ်ယောက်မရှိ ဒါကြောင့်မို့အပြောတမျိုး အလုပ်တစ်မျိုးလုပ်တတ်သူဆိုရင်  “အ​ပြော ကတော့ ရွှေမန်း အကကျမှ ချိုမိုင်မိုင်”ဆိုပြီး စံထား ဥပမာပေးရတဲ့အထိ နံမည်ကြီးပေါ့ ။ ဒီဆောင်းပါးမှာ ပြောပြချင်တာက အပြောကောင်းသလို အကလည်းပိုင်သူတွေအကြောင်းပါ ဒါပေမယ့် သူတို့ကတာ ချိုမိုင်မိုင်တော့မဟုတ်ဘူး ရှောင်လင်သိုင်း အကွက်တွေ ။ ရှောင်လင်တရုတ်သိုင်းကားတွေ အကုန်မဟုတ်တောင် နဲနဲတော့ ကြည့် ဖူးကြတယ်မဟုတ်လား အတွင်းအား တွေသုံးပြီး အင်မတန်လျှင်မြန်ဖြတ်လတ်စွာပြိုင်ဘက်ရဲ့အားနည်းချက်ကိုအမိအရ တိုက်ခိုက်တတ်တဲ့ရှောင်လင်သိုင်းသမား တွေလေ ။ကိုယ်ဖော့ပညာနဲ့ ရေပေါ်လမ်းလျှောက်ပြလိုက် လေထဲပျံဝဲပြလိုက်နဲ့ လှည့်စားနေတဲ့ သိုင်းကွက်တွေနောက်လိုက် ငေးမိလို့ကတော့ ငုတ်တုတ်မေ့သွားမယ်မှတ် ။

 

ကျွန်မတို့မြန်မာပြည်သူတွေ ယနေ့ ဆင်နွှဲနေကြရတဲ့ နွေဦးတော်လှန်ရေးဆိုတာ စစ်အာဏာရှင်စနစ်ကိုတော်လှန်နေ ကြတဲ့ တော်လှန်ရေးတစ်ခုသာဖြစ်တယ် ။ ဆီးရီးယားနိုင်ငံလို သမ္မတအာဆတ် အစိုးရနဲ့ လက်နှက်ကိုင် သူပုန်တွေတိုက်နေ ကြတဲ့ပွဲမျိုးမဟုတ်ပါဘူး ။ ယနေ့မြန်မာပြည်မှာ လက်နှက်အားကိုးနဲ့စစ်တပ်က အစိုးရနေရာကို မတရားလုထားတာ စစ်တပ် ဟာ တရားဝင်အစိုးရ မဟုတ်ဘူး ။ အာဏာလုစစ်ကောင်စီကို ယနေ့အထိ UN အပါအဝင် ဘယ်တိုင်းပြည်ကမှ မြန်မာနိုင်ငံရဲ့ အစိုးရလို့ အသိအမှတ်မပြုဘူး ။ မြန်မာ့စစ်အာဏာရှင်အဆက်ဆက် စစ်ခေါင်းဆောင်တွေကို ဆွေမျိုးပေါက်ဖော်တွေပါလို့ မကြာခဏထုတ်ဖော်ပြောလေ့ရှိတဲ့ အိမ်နီးချင်းတရုတ်အစိုးရတောင် ဒီတခါ အာဏာလုစစ်ကောင်စီကို တရားဝင်အစိုးရလို့ မသတ်မှတ်နိုင်သေးပါဘူး ။ အခုဆို အာဏာလုကာလ (၃) နှစ်ကျော်လာချိန်မှာ တရုတ်နိုင်ငံဟာ သူ့အကျိုးစီးပွါးတွေအတွက် ရတက်မအေးနိုင်လို့ နေပြည်တော်အထိ စစ်ကောင်စီ နဲ့ချောင်းပေါက်လုမတတ် လာတွေ့နေရပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ကိုယ်စားပြုအစိုးရခေါင်းဆောင်အဖြစ် မဆက်ဆံပါဘူး ။

 

တကယ်တော့ မြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေအထဲမှာ တရုတ်နိုင်ငံဟာ ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်အာဏာသိမ်းတဲ့ ဖြစ်စဉ်ကြီးကို “ဒါဟာ မြန်မာနိုင်ငံရဲ့အစိုးရအပြောင်းအလဲပါ မြန်မာပြည်သူတွေရဲ့ ပြည်တွင်းရေးပါ နိုင်ငံတကာကဝင်ရောက်စွက်ဖက်ဖို့မလိုပါဘူးလို့ “အပိတ်ပြောခဲ့တဲ့တိုင်းပြည်ဖြစ်ပါတယ် ။ အာဏာလုစစ်တပ် စိတ်ကူးယဉ် ထားသလို အချိန်တန်ရင် စစ်တပ်ကပဲ မြန်မာနိုင်ငံကို ထိန်းနိုင်သွားလိမ့်မယ်လို့ တရုတ်နိုင်ငံကလည်းတွက်ထားပုံရပါတယ် ။ ဒါပေမယ့် ၃နှစ်ကျော်ကြာလာတဲ့အထိ တိုင်းပြည်ကိုမအုပ်ချုပ်နိုင်တဲ့ မင်းအောင်လှိုင်ရဲ့အရည်အချင်းကိုမြင်လိုက်ရတဲ့ အခါ ပေကျင်းအစိုးရ နဲနဲတော့ စိတ်ညစ်သွားပုံရပါတယ် ။မင်းအောင်လှိုင်ဟာ “လူကသာအနူ စားချင်တော့ တူနဲ့ “လို့ပြောရမလိုပါ ပဲ အာဏာရှင်စစ်ခေါင်းဆောင် ဦးနေဝင်းနဲ့ ဦးသန်းရွှေ တို့လက်ထက် အကျင့်ပျက်ခြစားမှုတွေ လာဘ်ပေး လာဘ်ယူမှုတွေ နဲ့ နှစ်ပေါင်းများစွာပျက်ဆီးလာခဲ့တဲ့တိုင်းပြည်ရဲ့ စစ်တပ်ကြီးဟာလည်း ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် လက်ထက်မှာ  စစ်သားတစ်ဦးချင်းစီရဲ့တစ်ကိုယ်စာ အီကွစ်မင့်တောင်အစုံမရတဲ့ ခြင်းကျားလွယ်စစ်တပ်ကြီးဘဝရောက်နေပါပြီ ။ အဲဒါကို မြင်အောင်မကြည့်ပဲ အမေကျော် ဒွေးတော်လွမ်း တရုတ်ကိုကန်တန်တန်လုပ်ပြီး ရုရှားနဲ့ပလူး နျူကလီးယားစက်ရုံစီမံကိန်း တွေဘာတွေ လေသံပစ်လိုက်တဲ့အခါ မဖြစ်နိုင်တာသိတယ် ဒါပေမယ့် တရုတ်ဆိုတာ ကမ္ဘာ့အင်အားကြီးလေ ရုရှားဘယ်လို ပဲ စွာခဲ့ စွာခဲ့ လက်ရှိအနေအထားက ယူကရိန်းစစ်ပွဲနဲ့ကြပ်နေလို့ ပေကျင်းကတောင် စောင်မကြည့်ရှုနေရတာမဟုတ်လား အဲ့တော့ ဘဝင်ရူး စကစကို နဂါးမှန်းသိအောင် အမောက်ထောင်ပြရပြီပေါ့ ။

 

ကျားဖြန့်ကိုခေါင်းစဉ်တပ်ပြီး နယ်စပ်ကိုဆွဲခါလိုက်တာ မင်းအောင်လှိုင်ရဲ့စစ်တပ် ပြာထွက်သွားတာပဲလေ ။ ရှမ်းမြောက် ကိုလက်လွှတ်လိုက်ရပေမယ့်ကျေနပ်ပါတယ် တိုင်းပြည့်အာဏာပြန်မအပ်ရရင်ပြီးတာပါပဲဆိုတဲ့ မြန်မာ့အာဏာလုစစ်ခေါင်း ဆောင်ကြီးဟာ တရုတ်အစိုးရထံမှောက် ဒူးထောက်ခစားလို့ အလိုရှိတာပြောပါဆိုတာမျိုးဖြစ်သွားရတော့တာပေါ့။ ပေကျင်း အစိုးရကလည်း သိပ်မလိုချင်ရှာပါဘူး NLD အစိုးရလက်ထက်ကပြင်ထားပြီးသား ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းစာ ချုပ်ကို သူတို့စိတ်တိုင်းကျ စကစနဲ့ပြန်ပြင်ချုပ်တယ်ဆိုလား နောက်ပြီး ဧရာဝတီမြစ်ဆုံစီမံကိန်းကိုပြန်စဖို့ စစ်ကောင်စီက လေသံပစ်လာနေပုံထောက်ရင် တရုတ်အစိုးရက အာဏာလုစစ်ကောင်စီကိုမြှောက်ပေးပြီး မြန်မာပြည်သူလူထုကို သွေးတိုး စမ်းနေပုံရတယ်လို့ သုံးသပ်မိတယ် ။ ဒီနေရာမှာ ပြောစရာရှိတာက မြန်မာနိုင်ငံကို စစ်တပ်မပိုင်ဘူးဆိုတာပါပဲ တရုတ်အစိုးရ မှ မဟုတ်ပါဘူး ဘယ်နိုင်ငံအစိုးရမဆို တရားမဝင်အာဏာလုထားတဲ့ စစ်ကောင်စီနဲ့ချုပ်သမျှစာချုပ် လုပ်သမျှအလုပ် ဘာမှ တရားမဝင်ဘူးဆိုတာ အမျိုးသားညီညွတ်​ရေးအစိုးရက တရားဝင်ကြေငြာထားပြီးသားဖြစ်ပါတယ် ။

 

ဒီနေရာမှာ တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းတိုင်းပြည်တွေကိုရှင်းပြချင်ပါသေးတယ် ။ ဒါပဲထပ်တလဲလဲပြောနေကြ တာပဲလို့တော့ မထင်စေ့ချင်ပါဘူး အထက်မှာရှင်းပြခဲ့သလို ကျွန်မတို့နိုင်ငံမှာဖြစ်နေတဲ့ တိုက်ပွဲတွေဟာ လက်နှက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ကြားကပြည်တွင်းစစ် မဟုတ်ပါဘူး တိုင်းပြည်အပေါ်မှာ ဗိုလ်ကျနေတဲ့ စစ်တပ်ကို ပြည်သူလူထုတရပ်လုံးက ဆန့်ကျင် တော်လှန်နေကြတဲ့ တော်လှန်ရေးပါ ။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ ရောက်အောင်သွားမယ့် ခေတ်ပြောင်း စနစ် ပြောင်းတော်လှန်ရေးပါ ။ မတရားအာဏာလုထားတဲ့ စစ်တပ်လက်ထဲက တိုင်းပြည့် အာဏာကို ပြည်သူတော်လှန်ရေးတပ်ဖွဲ့ တွေနဲ့တိုင်းရင်းသားမဟာမိတ်တွေကပြန်လုနေကြရတာပါ ။ မဟာမိတ်တပ်ဖွဲ့တွေရဲ့အနောက်မှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အားပေးထောက်ခံမှု ထောက်ပံ့မှုတွေ ရာနှုန်းပြည့်ရှိနေပါတယ် ။

 

နောက်တစ်ခုပြောစရာရှိတာက မင်းအောင်လှိုင်ဦးဆောင်တဲ့ စကစဟာ တရားမဝင်အစိုးရပါ ။ ယာယီသမ္မတကြီးဒူဝါ လရှီးလဦးဆောင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ( NUG ) ဟာ မြန်မာပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ် တော်ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့အစိုးရပါ တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းတိုင်းပြည်တွေဟာ မြန်မာပြည်သူ လူထုရဲ့ဆန္ဒသဘောထားကိုတန်ဘိုးထားတယ်ဆိုရင် လေးစားတယ်ဆိုရင်  မြန်မာနိုင်ငံရဲ့အရေးကိစ္စတွေအကြောင်းဆွေးနွေး ကြတဲ့အခါ စစ်ကောင်စီ ထက် NUG အစိုးရနဲ့သာ ဆက်သွယ်ဆောင်ရွက်သင့်တယ် မထင်ဘူးလား ။ အခုတော့ ဘာကိစ္စမဆို ပြည်သူ့ကိုယ်စားပြုအစိုးရကိုဘေးချိတ်လို့ နေပြည်တော်ဆီပဲသွားနေကြတာကြီးက လမ်းလွဲနေတယ်လို့ပြောပါရစေ ။

 

အပြောကတော့ ရွှေမန်းပါပဲ “မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်းတာကို တရုတ်နိုင်ငံက မြင်ချင်ပါတယ်” တဲ့ အတော် နားထောင်လို့ကောင်းပါတယ် ဘယ်သူကပြောတာလဲဆိုတော့ ကိုယ့်ပြည်သူ ကိုယ်ပြန်သတ်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီး ကို ဆုချ ဆုကြေးငွေတွေခေါင်းစဉ်တပ် ထောက်ပံ့လိုက်တဲ့ တရုတ်အစိုးရကပါ ။ ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA နဲ့ အကြမ်း ဖက်စစ်တပ် တိုက်ပွဲဖြစ်ကြတယ် ။အကြမ်းဖက်စစ်တပ်ဟာ စစ်ကို စစ်နဲ့တူအောင်မတိုက်ဘူး စစ်ပွဲနဲ့မပတ်သက် တဲ့ ပြည်သူတွေရဲ့အိမ်တွေ ကို ဗုံးကြဲတယ် လက်နှက်ကြီးနဲ့ရည်ရွယ်ချက်ရှိရှိထုတယ် ။ ငွေဗျိုင်းဖြူရွာက အပြစ်မဲ့ ရွာသူရွာ သား တစ်ရာနီးပါးကိုနှိပ်စက် အမျိုးသမီးအရွယ်ကောင်းတွေကိုမုဒိန်းကျင့်သတ်ဖြတ်တယ် စိတ်မကောင်းစရာသတင်းတွေ ကမ္ဘာ့မီဒီယာတွေအထိရောက်တယ် ရခိုင်ပြည်နယ်နဲ့ ကပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေစစ်တပ်ကို တစ်ခွန်းမှ မကန့်ကွက်ဘူး အခုလည်း ရခိုင်ပြည်သူ ၂၀၀ နီးပါးကို စစ်တပ်က ဓါးစာ ခံလုပ်ပြီးဖမ်းခေါ်သွားတာ သေသလား ရှင်သလား သတင်းမရဘူး အိမ်နီးချင်းတိုင်းပြည်တွေ ရေငုံနှုတ်ပိတ် တိတ်ဆိတ်လို့ ။

 

အာရက္ခတပ်တော် AA ကတိုက်လို့ စစ်တပ်ရှုံးနေပြီ ရေတပ်ပါ ခံနေရပြီလည်း ဆိုရော တရုတ်နိုင်ငံက မင်းအောင်လှိုင် စစ်တပ်ကို ကင်းလှည့်ရေယာဉ် ၆စီး ချက်ချင်းပို့လိုက်သတဲ့ ။ ပြီးတော့ပြောသေးတယ် ဒီရေယာဉ်တွေပေးဖို့ပြောထားတာ NLD အစိုးရလက်ထက်ကတည်းကပါ တဲ့ ဟယ် နားထောင်လို့ကောင်းလိုက်တာ ။ ပြောပြီးပါပကော အပြောကတော့ရွှေမန်း ပါလို့ အကကျမှတာ ရှောင်လင်သိုင်း ကသလို အရှောင်အတိမ်းကောင်းကောင်းနဲ့ တဖက်သားရဲ့အားနည်းချက် ပျော့ကွက်ကို စောင့်ပိုင်မှတီးတာ ။ အခုလည်း စစ်ကောင်စီ အရပ်ကူပါ လူဝိုင်းပါ ဘဝမရောက်ရောက်အောင်စောင့်နေပြီး ရောက်ပြီဆိုမှ “ ငါရှိတယ်မပူနဲ့ ငါကူမယ် မင်း ငါ့စကားနားထောင် “ ဆိုတဲ့အထာ ။ ခက်တာက မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းခြင်းအမှု က နိဌိတံသွားပြီဆိုတာပဲ ။ တိုင်းပြည်လည်းပျက် သူလည်းကျရှုံးနေပါပြီ ။

 

အဲ့ဒီတော့ အိမ်နီးချင်းတွေအနေနဲ့ ကျားသေကြီးကိုအသက်ပြန်ရှင်လာနိုးနိုး မမျှော်လင့်သင့်ပါဘူး ။ မြန်မာပြည်သူတွေ fb သုံးလို့မရအောင် စစ်ကောင်စီကို နည်းပညာတွေ ပံ့ပိုးပေးနေလည်း အပိုပါပဲ မြန်မာပြည်သူတွေဟာ ရေဒီယိုလေးတစ်လုံး နဲ့ BBC ,VOA , RFA ခိုးနားထောင်နေတဲ့မျိုးဆက်မဟုတ်တော့ဘူးဆိုတာ သဘောပေါက်သင့်ပါပြီ ။ နှစ်ပေါင်း ( ၇၀ )တည် ဆောက်ထားတဲ့ ကမ္ဘာ့အဆင့် ( ၃၈ ) စစ်တပ်ကြီးကို လွန်ခဲ့တဲ့ ၃နှစ်ကမှ တူမီးနဲ့ခံချလာခဲ့တဲ့ လူငယ် Generation Z တွေရဲ့ ယနေ့ Drone နည်းပညာတွေအောက်မှာ စစ်ကောင်စီရဲ့တပ်ရင်း တပ်မတွေ အလံဖြူလေးတလူလူဖြစ်နေကြတာကို မြင် အောင်ကြည့်နိုင်ရင် VPN မပါပဲ Online ပေါ်မှာ ဖလန်း ဖလန်းထနိုင်မယ့် မျိုးဆက်တွေဆိုတာ သိကြရပါလိမ့်ဦးမယ် ။

 

အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ သိထားသင့်တာက မြန်မာပြည်တည်ငြိမ်အေးချမ်းတာကို လိုချင်ရင် စစ်ကောင်စီ သက်ဆိုး ရှည်အောင်ထောက်ပံ့နေတာတွေရပ်သင့်ပါတယ် ။ စစ်တပ်ကမတရားလုယူထားတဲ့ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲကို အသာတကြည် ပြန်အပ်လို့ အာဏာသိမ်းထားတဲ့ကာလအတွင်း ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ခံဖို့ စစ် ခေါင်းဆောင်ကို နားချသင့်ပါတယ် ။  မင်းအောင်လှိုင်အလွန်ကာလတိုင်းပြည်ရဲ့အနာဂါတ်ကိုဘယ်လိုဆက်သွားကြမလဲဆို တာကတော့ တိုင်းရင်းသားခေါင်းဆောင် တွေနဲ့အတူ NUG အစိုးရအသင့်ရှိနေပြီးမို့ စိတ်ပူစရာမရှိပါ ။ လက်ရှိကာလမှာ အ ရေးကြီးတာက အပြောနဲ့အလုပ်ညီကြဖို့လိုတာပါ ။ အပြောကတော့ ရွှေမန်း အကကျမှ ရှောင်လင်သိုင်း ကသလိုလုပ်နေကြ မယ် ဆိုရင်တော့ မြန်မာပြည်သူလူထုဟာ အမှတ်သည်းခြေသိပ်ကြီးတယ် ဆိုတာ ကြိုပြောထားလိုက်ပါရစေ ။         ။

 

ဂျေလှသင်

ဆီသို့စာစဉ် / အတွဲ ( ၆ ) အမှတ် ( ၈ )

 

စာစဥ်အပြည့်အစုံ ပြန်လည်ဖတ်ရှုရန်နှင့် မျှဝေရန် >>>

https://www.facebook.com/share/p/DBVH5JCwbgwV8DyM/?mibextid=oFDknk