အနောက်ဘက်စည်း
အောက်ဆီဂျင်ပိုက် တန်းလန်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ နေ့လားညလားဖြစ်နေပါပြီ။ နိုဝင်ဘာလထဲမှာပဲ နပခရဲ့ အသက်ထွက်ပုံကို မြို့မိမြို့ဖများက ရူစားရဖို့ရှိပါတယ်။
ဆိုကရေးတီးပြိုင်ပွဲတက်လိုက်၊ ရထားစီးပြလိုက်နဲ့ ဘာမှမဖြစ်သလို ဟန်ဆောင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တစ်ချိန်က နပခတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ဗိုလ်ချုပ်ရာထူးတိုးပြီး တိုင်းမှူးတာဝန်နဲ့ အမ်းမြို့ကို သူရောက်လာတဲ့ အချိန်ဟာ လွန်ခဲ့တဲ့အနှစ် ၂၀တိတိ ၊ ၂၀၀၄ခုနှစ်ရဲ့ နိုဝင်ဘာလ မှာပါပဲ။
အနောက်ဘက်စည်းကို ကျော်ဖြတ်ခြင်း
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၉၇၂ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မူလက စစ်တွေမြို့မှာ အခြေစိုက်ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာတော့ စစ်ရေးဗျူဟာအရ ပိုပြီး အကွက်အကွင်းကျတဲ့ အမ်းမြို့ကိုပြောင်းရွေ့ခဲ့ပါတယ်။ အမ်းချောင်းက သင်္ချာဂဏန်း '၁' ပုံသဏ္ဍာန်ဝိုက်ပက်ထားတဲ့နေရာမှာ တည်ဆောက်ထားတာဖြစ်လို့ ကျုံးသဖွယ် အကာအကွယ်ရပါတယ်။ ဒီအနေအထားမှာ နပခကြီး ပြုတ်သွားဖို့ဆိုတာ တော်ရုံတန်ရုံနဲ့တော့ ဘယ်လွယ်ပါ့မလဲ။ ခက်တာက အာရက္ခတပ်တော် AAကလည်း တော်ရုံတန်ရုံမှ မဟုတ်တာ။
နပခဟာ စစ်ရေးအရ အတော်ကိုဗျူဟာကျပါတယ်။ ရခိုင်ရိုးရဲ့ အနောက်ဘက်ခြမ်းတစ်ခုလုံးကို အဓိက ခလုပ်နှိပ်တဲ့နေရာဖြစ်ပါတယ်။ ချင်းပြည်၊ပလက်ဝဒေသအထိပါ နပခရဲ့ ခြေတံလက်တံရှည်တယ်။ ဒါတင်မကသေး မကွေးဒေသတစ်ခုလုံးရဲ့ တံခါးပေါက်လည်းဖြစ်တယ်။ ထူးခြားချက်က အမ်းတိုက်ပွဲမှာ မကွေးဒေသက တော်လှန်ရေးအဖွဲ့အချို့ကပါ တစ်တပ်တစ်အားပါဝင်တိုက်ခိုက်နေတာပါ။ ဒါဟာ လက်ဆင့်ကမ်း ချိတ်ဆက်စစ်ပွဲများအတွက် အင်မတန်ကောင်းမွန်တဲ့ လက္ခဏာများဖြစ်ပါတယ်။
နောက်ဆက်တွဲသက်ရောက်မှုရှိလာနိုင်တဲ့ဒေသများက ရခိုင်ရိုးမရဲ့ အရှေ့ဘက်ခြမ်းမှာရှိနေတဲ့ မကွေးတိုင်းဘက်က ငဖဲ၊ မင်းတုန်း၊ သရက်၊ မင်းလှ၊ ကံမ၊ စေကုတ္တရာ တို့ပါ။ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရဲ့ ပင်မဆက်သွယ်ရေးလမ်းမကြီးဖြစ်တဲ့ ပုသိမ်-မုံရွာ ကားလမ်းကို ထိန်းချုပ်ဖြတ်တောက်နိုင်ဖို့လည်း အခွင့်အလမ်းများလာပါပြီ။ စစ်ကောင်စီဘက်က အနေအထားအရဆိုရင် ဆိုခဲ့ပါဒေသများဟာ ပထဝီတံတိုင်းအဖြစ် မာမာထန်ထန်ခံပက်နိုင်တဲ့ အနေအထားလို့ ပြောရခက်ပါတယ်။ အမ်းမြို့ကို ၇လကျော် ခုခံခဲ့ပေမယ့် ရခိုင်ရိုးမနဲ့ ဧရာဝတီမြစ်အကြား မကွေးတိုင်းတောင်ဘက်ခြမ်းမှာတော့ အမ်းမြို့ကဲ့သို့ ခံစစ်စည်းတစ်ခု စစ်ကောင်စီအနေနဲ့ ရွေးချယ်နိုင်စရာ အခြေအနေမတွေ့ရပါဘူး။
အမ်းမြို့ကို လက်လွှတ်လိုက်ရခြင်းဟာ အနောက်ဘက်ခံစစ်စည်းကို ဧရာဝတီမြစ်အထိရွေ့လိုက်ရနိုင်တဲ့အနေအထားဖြစ်လာနိုင်ပါတယ်။
မကွေးဒေသ စစ်မျက်နှာပြင်
မကွေးဒေသရဲ့ တောင်ဘက်ခြမ်းမှာ မြို့သိမ်းတိုက်ပွဲတွေပေါ်ပေါက်လာနိုင်ဖို့ ဆိုရင် AAရဲ့ ဦးဆောင်မှု (သို့မဟုတ်) ကျောထောက်နောက်ခံပြုပေးမှုက များစွာ အခရာကျတယ်ဆို ရှင်းရှင်းလင်းလင်းသိရှိနိုင်ပါတယ်။ AA အနေနဲ့လည်း စစ်ရေးဦးစားပေးရည်မှန်းချက်မှာ ရခိုင်ပြည်ရဲ့ကျန်ရှိနေသေးတဲ့ အစိတ်အပိုင်းများနဲ့ ငဝန်မြစ်အနောက်ဘက်ခြမ်းက ရခိုင်ဘုရင်များအချိန်ကာလတစ်ခုက ပိုင်ဆိုင်ခဲ့သောနေရာများ လည်း ရှိနိုင်ပါသေးတယ်။
မကွေးဒေသများနဲ့ပက်သက်တဲ့ စစ်ရေး အစီအစဉ် မေးခွန်းတစ်ခုကို The Irrawaddy - Burmese News ကကိုအောင်ဇော်နိုင်က ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို မေးတော့ သူက "မကြာခင်ပါ ၊ မကြာခင်ဆိုတာ သိပ်မကြာခင်ပါ" တဲ့ ။
[မောင်သိန်းဖေ]