ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို အာဏာသိမ်းစစ်တပ်က အင်းစိန်ထောင်တွင်း မတရားကြိုးပေးအပြီး ၂ နှစ် ၂ လအကြာမှာ နောက်ထပ် လူသတ်မှုကျူးလွန်ဖို့ ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း ပြင်ဆင်နေကြပါပြီ။
အကျဉ်းထောင်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်များအရ လူငယ် (၇) ဦးကို လာမယ့် စက်တင်ဘာ (၂၃) ရက်နေ့မှာ ကြိုးပေးမယ်လို့ သိရပါတယ်။ သေဒဏ်ပေးခံရမယ့် လူငယ် (၇) ဦး ရှိတယ်ဆိုပြီး ကနဦးသိထားရပြီး ကျား (၅) မ (၂) ဖြစ်ကြောင်း၊ ၎င်းတို့မှာ အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ဖောက်ခွဲခဲ့တယ်လို့ စွပ်စွဲချက်နဲ့ ဖမ်းဆီးအမိန့်ချခံထားရသူများဖြစ်ပါတယ်။
ရန်ကုန်မြို့ပတ်ရထားပေါ်က ပစ်ခတ်မှု။
သေဒဏ်ပေးခံရဖို့ သေချာနေတဲ့သူများထဲမှ (၅) ယောက်ကတော့ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့ပတ်ရထားပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်သူများဆိုပြီး စစ်တပ်က ဖမ်းဆီးထောင်ချထားသူများပင်။ အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ် ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦးနှင့် ရဲတပ်သား ၃ ဦးတို့သေဆုံးခဲ့ကာ AK ၂ လက်၊ G3 သေနတ် ၁ လက်နဲ့ BA-64 သေနတ် ၁ လက်အပါအဝင် ခဲယမ်းများစွာကို မြို့ပြပြောက်ကျားတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
သို့ပေမယ့် မကြာမီ စက်တင်ဘာ ၂ ရက်နေ့ညမှာပင် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်ရှိ တိုက်ခန်းတခုမှာ ကိုကောင်းပြည့်စုံဦး၊ ကိုကျော်ဝင်းစိုး၊ ကိုဆန်းလင်းမောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့်ဟုခေါ်သော လူငယ် (၅) ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးရမိခဲ့ပြီး မြို့ပတ်ရထားပေါ်ပစ်ခတ်မှု တရားခံများအဖြစ် သေဒဏ်၊ ထောင်ဒဏ်အသီးသီးကို ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်နေ့မှာ အင်းစိန်ထောင်တွင်း အထူးတရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။
၎င်းတို့အနက် ကိုကောင်းပြည့်စုံဦးကို အစိုးရပိုင်လက်နက်နဲ့ ခဲယမ်းမီးကျောက်ကို ခိုးယူရန်ကြံစည်မှု၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) အက်ဥပဒေပုဒ်မ ၂/၁(က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၄ တို့ဖြင့် သေဒဏ်နှစ်ကြိမ်အဖြစ်လည်းကောင်း၊ ကျန်လေးဦးကို ပုဒ်မ ၃၀၂၊ လူသတ်မှုကျူးလွန်ရန်အားထုတ်မှု ပုဒ်မ ၃၀၇၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု ပုဒ်မ ၁၁၄၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄(က)၊ အစိုးရပိုင် လက်နက်နဲ့ခဲယမ်းမီးကျောက်တို့ကို ခိုးယူရန်ကြံစည်မှု၊ လက်နက်ရယူခွင့်မရှိသူကို ပေးအပ်ရန်အားထုတ်မှု၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) အက်ဥပဒေပုဒ်မ ၂/၂ တို့ဖြင့် သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက်အဖြစ်လည်းကောင်း ချမှတ်ခဲ့ပါတယ်။
ထိုသို့ ပြစ်ဒဏ်များချမှတ်ခဲ့ပြီး (၁) နှစ် နဲ့ (၄) လအကြာ စက်တင်ဘာ (၂၃) ရက်နေ့တွင် ၎င်းတို့ကို သေဒဏ်ချမှတ်ရန် စစ်ကောင်စီက စီစဉ်နေခြင်းပင်။
အင်းစိန်ထောင်ဝင်ပေါက် ပါဆယ်ဗုံး ဖောက်ခွဲမှု။
သေဒဏ်ပေးခံရမယ့် နောက်ထပ် (၂) ဦးကတော့ အသက် (၂၅) နှစ်အရွယ် ကိုကောင်းထက် (ခ) ဖိုးစည်နဲ့ ဇနီးဖြစ်သူ အသက် (၂၅) နှစ်အရွယ် မချမ်းမြေ့သူ (ခ) ဂျူးဂျူးတို့ဖြစ်တယ်လို့ သိထားရပါတယ်။ ၎င်းတို့ (၂) ဦးကတော့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့နံနက်ပိုင်းက အင်းစိန်ဗဟိုအကျဉ်းထောင် ပါဆယ်လက်ခံတဲ့နေရာ ပါဆယ်ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် ပါဝင်သူများဟုဆိုပြီး ဖမ်းဆီးအမိန့်ချခံထားရသူများပါ။
ထိုဖြစ်စဉ်အပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့တွင် ၎င်းတို့ ၂ ဦးလုံးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ပုဒ်မ ၅၀(ဈ)၊ ပုဒ်မ ၅၄ တို့ဖြင့် အင်းစိန်ခရိုင်တရားရုံးက သေဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။
အဆိုပါ အင်းစိန်ထောင်ဝင်ပေါက် ဖောက်ခွဲမှုဖြစ်စဉ်တွင် ပါဆယ်အတွင်း ထည့်ထားတဲ့ ဗုံးပေါက်ကွဲမှုကြောင့် အကျဉ်းထောင်ဝန်ထမ်း သုံးဦးနဲ့ထောင်ဝင်စာလာရောက်ပေးပို့သူ ငါးဦး၊ စုစုပေါင်း ရှစ်ဦးတို့သေဆုံးခဲ့ကာအကျဉ်းထောင်ဝန်ထမ်း ငါးဦး၊ ထောင်ဝင်စာပေးပို့သူ အမျိုးသား ငါးဦးနှင့် အမျိုးသမီး ရှစ်ဦး၊ စုစုပေါင်း ၁၈ ဦးတို့ မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က ဖော်ပြခဲ့ပါတယ်။
၎င်းတို့အနက် ခင်ပွန်းဖြစ်သူ ကိုကောင်းထက်(ခ) ဖိုးစီသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် လဝကရုံးထဲဝင်ရောက်ကာ လဝက ဦးစီးမှူး ဝင်းနိုင်ထွေးနဲ့ ဒုဦးစီးမှူး ကျော်မိုးတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်မှာ ပါဝင်ခဲ့သူလည်း ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
အင်းစိန်ထောင်တွင်း လူသတ်ပွဲပြုလုပ်ဖို့ တိုးတိုးတိတ်တိတ် စီစဉ်နေ။
လာမယ့် တပတ်အတွင်း စက်တင်ဘာ (၂၃) ရက်နေ့မှာ သေဒဏ်ပေးမှာဖြစ်ပေမယ့်လည်း ကာယကံရှင် (၅) ယောက်ရဲ့ မိသားစုဝင်များကတော့ အဆိုပါအကြောင်းကို မသိကြသေးပဲ ကိုကောင်းထက်နဲ့ မချမ်းမြေ့သူတို့ (၂) ဦးကိုတော့ မိသားစုဝင်များနဲ့ ပေးတွေ့ပြီးဖြစ်ကြောင်း ဆိုပါတယ်။
လက်ရှိမှာ အင်းစိန်ထောင်တွင်းက ကြိုးစင်ကို ကန်တော့ပွဲပေး၊ သန့်ရှင်းရေးတွေ လုပ်နေပြီဖြစ်သလို သေဒဏ်ပေးခံရမယ့် လူငယ်တွေကိုလည်း လည်ပင်းတိုင်းတာတွေ၊ ပေါင်ချိန်တာတွေ လုပ်ခဲ့တယ်လို့ အမှုလိုက်ရှေ့နေများထံမှ သိရပါတယ်။
နောက်ထပ်ကြယ်ပွင့်များ မတရားသဖြင့် မကြွေလွင့်စေလို။
ထိုသို့ လျှို့ဝှက်စွာ ကြိုးမိန့်ပေးသတ်ဖြတ်မှုကို အများပြည်သူများအနေဖြင့် စောင့်ကြည့်ပေးကြရန် တော်လှန်ရေးအင်အားစုများဘက်ကလည်း တိုက်တွန်းထားပြီး မတရားသေဒဏ်ချမှတ်မှုကိုလည်း ဆန့်ကျင်ကြဖို့ နှိုးဆော်ထားကြပါတယ်။
ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့နောက်ပိုင်း နောက်ထပ်ကြယ်ပွင့်များ ထောင်တွင်း မတရားအသတ်ခံရမှုကို လက်ပိုက်ကြည့်မနေကြဖို့နဲ့ "မတရား" အာဏာရယူထားကာ ၎င်းတို့ကိုဆန့်ကျင်တဲ့ ပြည်သူများကိုလည်း "မတရား" ဖမ်းဆီးသတ်ဖြတ်မှုတွေကို ပြုလုပ်နေတဲ့ မင်းအောင်လှိုင်ခေါင်းဆောင်သော စစ်ကောင်စီတပ်ကို အမြန်ဆုံး အမြစ်ဖြုတ်ရန်မှာလည်း တော်လှန်ရေးတပ်ဦးအစိုးရ၊ နိုင်ငံရေးခေါင်းဆောင်လူကြီးမင်းများနဲ့ ပြည်သူများ အတူပူးပေါင်းဆောင်ရွက်မှုသာလျှင် အရေးကြီးလာပြီဖြစ်ကြောင်းတို့ကို တိုက်တွန်းလိုက်ရပါတော့တယ်။