အိမ်ပြန်မယ့်လှိုင်း(သို့မဟုတ်)စနစ်ပြောင်းမယ့်လှိုင်း
Jul 27, 2024 created by Toward 92

          “ စစ်ရေးဗျူဟာ ဘယ်လိုသာလည်း

          စွဲကိုင်လက်နှက် ဘယ်လိုထက်လည်း

         ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်

         ပြည့်ခွန်အားကို မကိုးစားလျှင်

        ဓါးသွားလည်းကြွေ လှံလည်း ခွေအံ့ ” 

       ၂၀၂၁ စစ်တပ်က အာဏာမသိမ်းခင် NLD အစိုးရလက်ထက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အခန်းအနားတစ်ခုမှာ ရွတ်ပြသွားခဲ့တဲ့ လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ နန္ဒိသေနပျို့ ။ လက်နက် သည်သာအင်အားလို့ ခံယူထားပြီး ကိုယ့်ထက်ပညာတတ်သူ ၊ ကိုယ့်ထက်အတွေ့အကြုံရှိသူ ၊ အမျှော်အမြင်ကြီးသူတွေရဲ့ အကျိုးသင့် အကြောင်းသင့် စေတနာစကားတွေ အကြံပေးခြင်းတွေဆို နားမဝင်တဲ့ နားမှာ အပေါက်မပါတဲ့ မြန်မာစစ်ဗိုလ် ချုပ်တွေကတော့ စာဆိုရှင်အမတ်ကြီးရဲ့ ပျို့မှာပါတဲ့ စာသားတွေကို မှတ်တောင်မှတ်မိကြမယ်မထင်ပါဘူး ဒါကြောင့်လည်း သူတို့ဆွဲထားတဲ့ ၂၀၀၈ခြေဥကို သူတို့ကိုယ်တိုင်ဖောက်ဖျက်ပြီး အခုထိမအောင်မြင်တဲ့အာဏာသိမ်းတာပေါ့ ။

       ဒီပျို့အလင်္ကာကို ဒေါ်အောင်ဆန်းစုကြည် ရွတ်ပြတဲ့အချိန်တုန်းကတော့ “ပြည်သူ့နှလုံး” တို့ “ပြည့်အင်အား”တို့ ဆိုတာ တွေကို သေသေချာချာသဘောမပေါက်ခဲ့ကြဘူး စာတွေ့ကိုး ။ကာကွယ်ရေးဘတ်ဂျက်ကိုတောင်းသလောက် လွှတ်တော်က အတည်ပြုပေးရပြီး တကယ်သုံးမသုံး လေလွင့်ခြင်းရှိမရှိ လာဘ်စားခြင်းကင်းမကင်း နိုင်ငံတော်အဆင့် စာရင်းစစ်ချုပ်က စာရင်းစစ်ခွင့် မရှိတဲ့မြန်မာ့တပ်မတော်ကြီးဟာ ရေငုတ်သင်္ဘောတွေ တိုက်လေယာဉ်တွေ ဝေဟင်ပစ် မြေပြင်ပစ်အမြှောက် တွေပိုင်ဆိုင်ထားပြီး စစ်သည်အင်အားဆိုလည်း ၅သိန်း ရှိတဲ့ ကမ္ဘာ့အဆင့် ၃၈ ဆိုတော့ အိမ်နီးချင်းတိုင်းပြည်တွေကလည်း ရှိန်တာပေါ့ ။ သူတို့ကိုယ်တိုင်လည်း ပြည်သူသာအဓိကဆိုတာထက် တပ်အင်အားက အဓိကလို့ထင်ပြီး သွေးနားထင်ရောက် ခဲ့တယ်လေ ။ ဒါကြောင့်လည်း ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လက်နှက်မဲ့ပြည်သူလူထုကို တိုက်ပွဲဝင်သေနတ်တွေ ၊ လူသေနိုင်တဲ့ ကျည်အစစ်တွေနဲ့ သေလောက်တဲ့နေရာတွေကို ရွေးပြီးပစ်သတ်ခဲ့ကြတာပေါ့ ။

        လက်နှက်မဲ့အရပ်သားပြည်သူလူထုကို “သေရဲတဲ့ကောင်ထွက်ခဲ့”လို့ ရပ်ကွက်တွေရဲ့ လမ်းမတွေထက်ကနေ အော်ဟစ် စိန်ခေါ်ခဲ့ကြတဲ့ လက်နက်ကိုင်စစ်သားတွေရဲ့ သရုပ်သဏ္ဏာန်ဟာ နွေဦးတော်လှန်ရေးမှာပြည်သူရဲ့အမုန်း ကိုပြန်ရခြင်းဆိုတဲ့ အမြတ်ထွက်ပါတယ်။အာဏာသိမ်းခြင်းကိုလက်မခံဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီး ညှင်းပမ်း နှိပ်စက် သတ်ဖြတ် အကျဉ်းချ မဒိန်းကျင့် ဆိုတဲ့ တကယ့်အကြမ်းဖက် ဖက်ဆစ်စရိုက်တွေကိုလုပ်လာတဲ့အခါ ပြည်သူဟာ ဒီစစ်တပ်လုပ်သမျှ ငြိမ်ခံနေလို့ တော့မဖြစ်တော့ဘူး ခံချမှရတော့မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်တွေနဲ့ တစ်နိုင်ငံလုံးကလူငယ်တွေဟာ တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့တွေဆီသွားပြီးစစ်ပညာသင်ကြတယ်။ စစ်တပ်ရဲ့ စော်ကားမှုကိုခံရတာလည်း နိုင်ငံအနှံ့ကိုး။ အဲ့ဒီနောက်တော့ အားလုံး သိပြီးကြတဲ့အတိုင်း တော်လှန်ရေးအစိုးရလို့ပြောလို့ရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လမ်းညွှန်မှုပြည်သူ လူထုတစ်ရပ်လုံးရဲ့အားပေးထောက်ပံ့မှုတွေနဲ့ အာဏာလုစစ်ကောင်စီကိုလက်နက်ကိုင်တော်လှန်တဲ့ PDF တပ်ဖွဲ့တွေ ဖွဲ့ခဲ့ကြ  တာ အောင်မြင်မှုတွေကတော့ မြင်တဲ့အတိုင်းပါပဲ ။ အခုဆို ၁၀၂၇ စစ်ဆင်ရေးရဲ့အဆက် “ရှမ်းမန်း”စစ်ဆင်ရေးမှာ NUG အစိုးရရဲ့ MDY PDF ဟာ မန္တလေးနန်းတွင်းက စစ်တပ်ကို ကောင်းကောင်းခြိမ်းခြောက်ထားနိုင်တဲ့အဆင့်ကို ရောက်လာခဲ့ပြီ။

       နှစ်ပေါင်း ၇၀ တည်ဆောက်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံရဲ့စစ်တပ်ကြီးကို ကတုတ်ကျင်းတွေ ဘန်ကာတွေထဲက မထွက်ရဲအောင် ၃ နှစ်သား PDF တပ်ဖွဲ့ကခြိမ်းခြောက်ထားနိုင်တာ ဘာကြောင့်လို့ ထင်ပါသလဲ ။ ဒေါ်အောင်ဆန်းစုကြည် အမြဲပြောလေ့ရှိတဲ့ “ပြည်သူသာအဓိက” ကြောင့်ဖြစ်ပါတယ် ။ အာဏာလုစစ်ကောင်စီရဲ့ စစ်တပ်ဟာ စစ်သားတွေဟာ ပြည်သူကိုကာကွယ်ရ မယ့်အစားရန်ပြုသူတွေဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ နှလုံးသားထဲမှာစစ်တပ်ကို ရန်သူလို့သတ်မှတ်လိုက်ပါပြီ ။ ပြည်တွင်း စစ်မှမဟုတ်ပါဘူး ကမ္ဘာနဲ့ချီဖြစ်ခဲ့ကြတဲ့ စစ်ပွဲတွေကို လေ့လာကြည့်လိုက်ပါ ပြည်သူလူထုထောက်ခံမှုကိုရတဲ့ စစ်တပ်တွေ သာအနိုင်ရအောင်ပွဲခံကြတာကိုတွေ့ရပါလိမ့်မယ် ။ စစ်တိုက်တယ်ဆိုတာ နောက်ဆုံးပေါ် ဖျက်အားပြင်းလက်နှက်တွေ ပိုင် ဆိုင်ထားရုံ စစ်သားအင်အားလိုသလောက်ဖြည့်တင်းထားနိုင်ရုံနဲ့ နိုင်တာမဟုတ်ပါဘူး ။ ရန်သူ့အခြေအနေ ရန်သူ့တပ်တည် တပ်ရွှေ့စသဖြင့် စစ်ထောက်လှမ်းရေးသတင်းတွေကလည်း စစ်ပွဲရဲ့အောင်ပွဲအတွက် အသက်ပါ ။ 

      ထောက်လှမ်းရေးသတင်းဆိုတာမျိုးက ကောင်းကင်ယံကနေ လေယာဉ်တွေ ဒရုန်းတွေနဲ့ ထောက်လှမ်းသတင်းယူတာ ထက် မြေပြင်သတင်းတွေက ပိုတိကျတာမျိုး ။ ဘယ်တပ်ကတော့ ကားဘယ်နှစီး အင်အားဘယ်လောက် ဘယ်လိုလက်နက် တွေနဲ့ ဘယ်အရပ်ကို ဘယ်အချိန်က ချီတက်သွားတယ်ဆိုတဲ့သတင်းမျိုးဟာ အဲ့ဒီအရပ်က ပြည်သူတွေဆီကပဲရနိုင်တာ မ ဟုတ်လား ပြည်သူ့စစ်မဟာဗျူဟာလို့ ခေါ်မလားပဲ ။ ပြည်သူမရှိဘူး ရန်သူပဲရှိတယ်လို့ ကြွေးကြော်ထားတဲ့ မင်းအောင်လှိုင် ရဲ့အကြမ်းဖက်စစ်တပ်အတွက် ပြည်သူ့စစ်မဟာဗျူဟာ ဆိုတာမတည်ခင်ကတည်းက ပျက်နှင့်ပြီးသား ။ ပျက်ရုံမက သူတို့  အတွက် နေ့နေ့ညည အိပ်မရခြင်းတွေကိုပေးနေတာ အဲ့ဒီ ပြည်သူ့စစ်မဟာဗျူဟာ ပဲ ။ ပြည်သူတွေဟာ စစ်ကောင်စီရဲ့တပ် တွေ ဘာလုပ်နေတယ်ဆိုတာကို အချိန်နဲ့တပြေးညီ Online ပေါ်တင်နေတာသတိထားမိကြမှာပေါ့ နွေဦးတော်လှန်ရေးကြီး စ ကတည်းက တူမီးနဲ့တော်လှန်နေတဲ့ ရဲရင့်တဲ့ချင်းတောင်တန်းပေါ်တက်လာတဲ့ ရာနဲ့ချီတဲ့စစ်ယာဉ်တန်းကြီးကိုဘယ်ရောက်ပြီ ဘယ်မှာညအိပ်တယ် ဘယ်အချိန်ဆက်တက်လာပြီ အဲ့လိုသူတို့ဖြတ်သန်းသွားရာလမ်းတောက်လျှောက်က ပြည်သူတွေက သတင်းပေးနေတဲ့အတွက် ပစ်ကွင်းကောင်းတဲ့ချင်းတောင်ပေါ်ကနေ စိန်ပြေနပြေ ခြေမှုန်းနိုင်ခဲ့တာ သက်သေပဲ ။

      ဘယ်လေတပ်စခန်းက လေယာဉ်ဘယ်နှစီး ဘယ်အချိန်မှာ ဘယ်အရပ်ကို ဦးတည်ပျံသွားတယ်ဟေ့ လို့ fbပေါ်ရေးတင် လိုက်တာနဲ့ ပြည်သူမှာပြည်သူသို့ အဆင့်ဆင့်သတင်းပေးပြီးသား ။ လေယာဉ်လာနိုင်တဲ့အရပ် အပစ်ခံရနိုင်တဲ့နေရာတွေက ပြည်သူတွေ တပ်ဖွဲ့ဝင်တွေ ကျည်ကွယ်ရာ ဗုံခိုကျင်းတွေထဲ ကြိုတင်ရှောင်ကြပြီးသား ။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ပြည်သူသာအဓိက ဆိုတာစစ်သုံးအရ ပြည်သူ့စစ်မဟာဗျူဟာ ပဲ ။လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ နန္ဒိသေနပျို့ထဲက ပြည်သူ့နှလုံး နဲ့ ပြည့်ခွန်အား တွေပဲ ။ ပြည်သူကိုတန်ဖိုးထားရကောင်းမှန်းမသိတဲ့ စစ်အာဏာရှင်တွေအတွက်တော့ နွေဦးတော်လှန်ရေး ကြီးရဲ့ ပြည်သူ့စစ်မဟာဗျူဟာကြီးက ကောင်းကောင်းပညာပေးနေပြီ ။ တပ်ရင်းလိုက်ပြုတ် လက်နှက်ချ အလံဖြူပြ ထွက် ပြေးနဲ့ အနှစ် ၇၀ ကျော်တည်ဆောက်လာခဲ့တယ်ဆိုတဲ့ ကမ္ဘာ့အဆင့် ၃၈ စစ်တပ်ကြီးရဲ့ တပ်ပျက်ပုံအဆင့်ဆင့်ကတော့ဖြင့် မယုံနိုင်စရာကြီးပါပဲ ။ မြန်မာ့တပ်မတော်ကြီးရဲ့နောက်ဆုံးနေ့ရက်များ ဆိုပါတော့ ။

       ဒီဆောင်းပါးကိုရေးနေတဲ့ ဇူလိုင်လ(၁၈)ရက်နေအထိကို မင်းအောင်လှိုင် ရဲ့စစ်ရှုံးကောင်စီ စစ်တပ်ကြီးဟာ ရခိုင်ပြည် နယ်မှာ အာရက္ခတပ်တော် AA ကလိုက်တိုက်လို့လှေတွေနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံဆီထွက်ပြေးတာ ဟိုက လက်မခံလို့ နတ်မြစ် ထဲအစုန်အဆန်မျောနေလေရဲ့ ။ ကချင်မှာလည်းရှုံး ၊ ချင်းမှာလည်းရှုံး ၊ ကရင်နီမှာလည်း နာလံမထူတဲ့အပြင် ရှမ်းမြောက်ရဲ့ ၁၀၂၇ အဆက် ရှမ်းမန်းစစ်ဆင်ရေးနဲ့အတူ လက်စွမ်းပြလာတဲ့ MDY PDF ကြောင့် မိုးကုတ် နဲ့ မတ္တရာမှာ အထိနာလာတဲ့ စကစရဲ့ဖက်ဆစ်တပ်ဟာ မန္တလေးမှာ ခံစစ်ပြင်နေရပြီ ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကြွေးကြော်ခဲ့ကြတယ် “တစ်လှိုင်း ပြီးတစ်လှိုင်း လာမယ်” တဲ့ ။ တကယ်လာခဲ့တယ် ။ လှိုင်းတွေရဲ့ ရိုက်ခတ်အားက ဘယ်လောက်ပြင်းသလဲဆိုရင် လုံခြုံရေး တင်းကြပ်ပါတယ်ဆိုတဲ့ ရန်ကုန်လိုမြို့ကြီးမှာ စစ်တပ်ရဲ့လေယာဉ်ဆီတင် သင်္ဘော ကြီးကိုဖောက်ခွဲနိုင်ခဲ့တယ် ။ ၈မိုင် ဂေါက် ကွင်းလို စစ်ဗိုလ်ချုပ်တွေစုရပ်ထဲအထိ ချိန်ကိုက်ဗုံးတွေဝင်ခွဲနိုင်ခဲ့တယ် လှိုင်းတွေအထဲမှာ အားအရဆုံးကတော့ မင်းအောင် လှိုင် သွားလေရာလိုက်ပစ်သလို ဖော်ဆောင်တဲ့ နေပြည်တော် နဲ့ မေမြို့က မစ်ရှင်တွေပဲ ။

        PDF တွေရဲ့ အခုနောက်ဆုံး Slogan က”နောက်ဆုံးလှိုင်း ၊ အိမ်ပြန်မယ့်လှိုင်း” တဲ့ ။ တကယ်လည်း တချို့တွေ အိမ်ပြန် နိုင်ကြပြီ မတရားအာဏာလုထားတဲ့ စစ်ကောင်စီက ချိတ်ပိတ်ထားတဲ့ ကိုယ့်အိမ်သော့ကို ကိုယ်တိုင်ရိုက်ဖွင့်လို့ အိမ်ပြန်နိုင်ခဲ့ ကြပြီ ။ တကယ်တော့ NUG ရဲ့ PDF တပ်ဖွဲ့ဝင်တွေဆိုတာ မင်းအောင်လှိုင်ရဲ့စစ်သားတွေလို ခိုး ဆိုး လု နှိုက် အိမ်ပြေးတွေကို အတင်းစစ်တပ်ထဲထည့်လို့ စစ်သားဖြစ်နေတာတွေမဟုတ်ဘူး ။မိကောင်းဖခင်သားသမီး ခေတ်ပညာတတ်တွေ တက္ကသိုလ် ကျောင်းသားတွေ ဥပမာ MDY PDF ကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးသူရဇော်ဆိုရင် ဆရာဝန် ၊ဆေးထိုးအပ်ကိုင် ရမယ့်လက်က သေနတ်ကိုင်နေရတာဟာ အကြမ်းဖက်ချင်လို့ စစ်သွေးကြွနေလို့မဟုတ်ဘူး အာဏာရှင်စနစ်ကိုမကြိုက်လို့ ဒီမိုကရေစီစနစ်ကို မြတ်နိုးလို့ စစ်အာဏာ ရှင်တွေကိုတိုက်ထုတ်နေရတာ ။

      ဒီနေရာမှာ မြန်မာပြည်ရဲ့လက်ရှိအနေအထားကို သိသိနဲ့ မျက်နှာပြောင်တိုက်ပြီး အာဏာလုစစ်ကောင်စီနဲ့ ပလူးပလဲလုပ် နေတဲ့ နိုင်ငံကြီးတွေကိုပြောချင်ပါတယ် တရားမဝင်အစိုးရ စစ်ကောင်စီလုပ်ပေးမယ့် ရွေးကောက်ပွဲဟာ လုံးဝမဖြစ်နိုင်ဘူး ။ ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာပါပဲ။ မြန်မာပြည်ရဲ့ရွေးကောက်ပွဲက ၂၀၂၀ မှာကျင်းပပြီးသားပါ ကိုယ့်ပါတီရှုံးတိုင်း ရွေးကောက်ပွဲတွေ ထပ်ထပ်လုပ်နေရအောင် ရွေးကောက်ပွဲဆိုတာ ကစားစရာမဟုတ်သလို မြန်မာပြည်သူတွေကလည်းအ ရုပ်တွေမဟုတ်ဘူးလေ ။ကိုယ့်အကျိုး စီးပွါးတွေကာကွယ်ဖို့ စစ်ကောင်စီနဲ့လက်တွဲမဖြုတ်တာဆိုရင်တော့မှားနေပါပြီ စစ် စီဟာ လက်ရှိအနေအထားအရ မြန်မာနိုင်ငံဧရိယာရဲ့ထက်ဝက်ကျော်ကို လက်လွှတ်ထားရပါပြီ ။ အသင်တို့စီမံကိန်းတွေရဲ့ ရေရှည်အကျိုးစီးပွါးအတွက်ဆို ရင်တော့ ပြည်သူ့အစိုးရ NUG နဲ့ အတူယှဉ်တွဲနေထိုင်မှသာ ငြိမ်းချမ်းမှာဖြစ်ပါတယ် ။

       မြန်မာပြည်ကြီးတည်ငြိမ်အေးချမ်းတာကို တကယ်အလိုရှိရင် ပြည်သူ့အသံကိုနားထောင်ပါ ပြည်သူ့အစိုးရကိုထောက်ခံ ပါ မြန်မာပြည်သူတွေဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးကြီးကို အားပေးပါ ။ ယနေ့ PDF တွေရဲ့နောက်ဆုံးလှိုင်း ၊ အိမ်ပြန်မယ့် လှိုင်း ဆိုတာ စစ်အာဏာရှင်တွေကိုအပြီးတိုက်ထုတ်မယ့်လှိုင်း စနစ်ပြောင်းမယ့်လှိုင်းကြီးဖြစ်ပါကြောင်း ဂုဏ်ယူစွာကြေငြာ လိုက်ရပါတယ် ။          ။

ဂျေလှသင်