အဓမ္မ၊ ဓမ္မ၊ အတ္တ၊ ပရ ဆိုသည့်စကားလုံးဝေါဟာရများသည် လူအများ အသုံးပြုနေကျ ဝေါဟာရများ ဖြစ်သည်၊ အထူး အနက်ဖွင့်ပြနေစရာ မလိုပါ။ ထိုဝေါဟာရများတွင် လေးနက်သည့် သဘောတရားနောက်ခံအကြောင်းများလည်း ပါ ရှိပြီးဖြစ်ပါသည်။
ထိုဝေါဟာရများ၏အနက်အဓိပ္ပါယ်တွင်ရှိနေသည့် သဘောတရားအကြောင်းခံများသည် လူ့သမိုင်းတ လျှောက် ဖြတ်သန်းလာခဲ့သော ခေတ်အဆက်ဆက်၊ ပြောင်းလဲလာခဲ့သော အခြေအနေအမျိုးမျိုးတို့တွင် ဖြတ်သန်းနေရ သည့်လက်တွေ့အခြေအနေနှင့်အညီ၊ ဤအခြေအနေတွင် အဓမ္မ ဆိုသည်မှာ လက်တွေ့အားဖြင့် မည်သည့်အကြောင်းချင်း ရာ၊ ဓမ္မ ဆိုသည်မှာ လက်တွေ့အားဖြင့် မည်သည့်အကြောင်းချင်းရာ၊ အတ္တ ဆိုသည်မှာ လက်တွေ့အားဖြင့် မည်သည့် အကြောင်းချင်းရာ၊ ပရ ဆိုသည်မှာ လက်တွေ့ အားဖြင့် မည်သည့်အကြောင်းချင်းရာ အစရှိသဖြင့် လက်ရှိပစ္စက္ခ အခြေအနေနှင့်ထင်ဟပ်၍ ဖော်ထုတ် နားလည်ကြ၊ ပြောဆိုကြပါသည်။
ယနေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စစ်တပ်မှအာဏာ လုယက်မှုအပြီး (၃) နှစ်တာကာလအတွင်း ယနေ့အထိ ရောက်ရှိလာသောအခြေအနေတွင် အဓမ္မ၊ ဓမ္မ၊ အတ္တ၊ ပရ တို့ကို ရှင်းရှင်းလင်းလင်း ဖွင့်ဆိုထားရန် လိုအပ်ပါသည်။
ယနေ့ အဓမ္မဆိုသည့်အကြောင်းချင်းရာများကို အချုပ်ဖော်ပြရလျှင် ပထမဆုံးအချက်မှာ စစ်အာဏာရှင်တို့ ကိုယ်တိုင် စိတ်ကြိုက်ရေးဆွဲပြဌာန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ၊ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ဖြင့် ပေါ် ပေါက်လာသည့် လွှတ်တော်များ နှင့်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲအစိုးရထံမှ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ခြင်းသည် အဓမ္မလုပ်ရပ်ဖြစ်ပါသည်။ ၂၀၂၀ ရွေးကောက်ပွဲ မဲလိမ်မဲခိုး အကြောင်းပြချက်ဖြင့် အာဏာသိမ်း သည်ဆိုသည်မှာလည်း အလွန်အရှက်မဲ့သည့် မုသာဝါဒစကား၊ အဓမ္မလုပ်ရပ်ဟုပင် ဆိုရပါမည်။ ထိုသို့ဆိုရသည့် အ ကြောင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေတို့အပါအဝင် မည်သည့်တည်ဆဲဥပဒေတခုခုတွင်မျှ မဲလိမ် မဲခိုးမှုဖြစ်လျှင် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူရမည်ဟု ပြဌာန်းထားခြင်း မရှိပါ။
ဖော်ပြပါအချက်များဖြင့်ဆန်းစစ်လျှင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ အာဏာသိမ်းမှုသည် လိမ်လည်လှည့်ဖျား၍ နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် လုယက်သိမ်းယူခဲ့သည့် အဓမ္မလုပ်ရပ်ဖြစ်ကြောင်း သိသာထင်ရှားနေပါသည်။ ထို့အပြင် စစ်တပ်မှ အာဏာလုယူထားသည့် ၃ နှစ်တာအတွင်း နိုင်ငံအနှံအပြားတွင် လူသတ်၊ မုဒိန်း၊ လုယက်၊ မီးရှို့ စသည့် အကြမ်းဖက်လုပ်ရပ်ပေါင်းများစွာကို ကျူးလွန်လာခဲ့သည်မှာလည်း ကမ္ဘာသိဖြစ်နေပါသည်။
ဓမ္မ လုပ်ရပ်များမှာ မည်သည့်လုပ်ရပ်များဖြစ်သနည်းဟုဆိုလျှင် ထိုအဓမ္မလုပ်ရပ်များကို ဆန့်ကျင် တော်လှန်သည့် လုပ်ရပ်များဟု ခြုံငုံပြောနိုင်ပါသည်။ သို့သော် ထိုသို့ဆန့်ကျင်တော်လှန်သည့်လုပ်ရပ်များဟု ဆိုလိုက်သည့်အခါ တော်လှန်ရေးလုပ်ငန်းများထဲတွင် တိုက်ရိုက်ပါဝင်နေသူများသာ ဓမ္မ ကို ကျင့်သုံးလုပ်ဆောင်နေသည်ဟု အဓိပ္ပါယ် သက်ရောက်သွားနိုင်ပါသည်။ လက်တွေ့အခြေအနေများအရ ထို့ထက် ကျယ်ဝန်းစွာ ဖွင့်ဆိုရန် လိုအပ်ပါသည်။ ထို့ကြောင့် ဓမ္မ လုပ်ရပ်များဆိုသည်မှာ အဓမ္မလုပ်ရပ်များကို ဆန့်ကျင်တော်လှန်ခြင်း၊ သို့မဟုတ် ဆန့်ကျင်တော်လှန်သည့် လုပ်ရပ် များကို တိုက်ရိုက်မလုပ်ဆောင်နိုင်လျှင်ပင် အဓမ္မလုပ်ရပ်များ၊ အဓမ္မလုပ်ရပ်များကို လုပ်ဆောင်သူများနှင့် ကင်းကင်းရှင်းရှင်း နေခြင်းသည်လည်း ဓမ္မဘက်ကရပ်တည်သည့် ဓမ္မဘက်တော်သားများဟု ဆိုနိုင်ပါသည်။
ယနေ့ လက်တွေ့အခြေအနေဖြင့် ဖော်ပြရလျှင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ပွဲ ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးလုပ်ငန်းများတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မပါဝင်နိုင်လျှင်ပင် အဓမ္မလုပ်ရပ်များကို လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်တပ်နှင့် မည်သည့်အကြောင်းနှင့်မျှ မပတ်သက်ဘဲ ကင်းကင်း ရှင်းရှင်းနေခြင်းသည်လည်း ဓမ္မဘက်က ရပ်တည်ခြင်း မည်ပါသည်။
ယနေ့ကဲ့သို့ စစ်အာဏာရှင်စနစ်ကို ပြည်သူတရပ်လုံး အုံကြွတော်လှန် ဆန့်ကျင်နေသည့်အချိန်တွင် အဓမ္မ လုပ်ရပ်များကို နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည့် အကြမ်းဖက်စစ်တပ်နှင့် ကင်းကင်းရှင်းရှင်းမနေနိုင်သူများ အရှက်တရား ကင်းမဲ့စွာ ရှိနေကြသည်ကိုလည်း တွေ့မြင်နေကြရပါသည်။
မည်သည်အတွက်ကြောင့် စစ်အာဏာရှင်များနှင့်၊ အဓမ္မဝါဒီများနှင့် အရှက်မဲ့စွာ ပေါင်းသင်းဆက်ဆံ နေထိုင်နေကြပါသလဲဟု ဆန်းစစ်လျှင် အရိုးရှင်းအဖြေမှာ အတ္တ နှင့် ပရ အခြေခံကြောင့်ပင် ဖြစ်ကြောင်းတွေ့ရှိရပါသည်။
အတ္တ နှင့် ပရ ကို တိတိကျကျရေးသားဖော်ပြရလျှင် အတ္တဟိတ နှင့် ပရဟိတ ဟု ဖြစ်ပါသည်။
အတ္တ = မိမိ၊ ဟိတ = အကျိုး ဟုဆိုသောကြောင့် အတ္တဟိတ ဆိုသည်မှာ မိမိအကျိုးဖြစ်ပြီး၊ ပရ = သူတပါး၊ ဟိတ = အကျိုး၊ ထို့ကြောင့် ပရဟိတ သည် သူတပါးအကျိုး ဖြစ်ပါသည်။
အတ္တဟိတ နှင့် ပရဟိတ ကို ယနေ့လက်တွေ့အခြေအနေနှင့် ဆက်စပ်ဖော်ပြရလျှင် အဓမ္မအမှုကို ကျူးလွန် နေသည့် စစ်အာဏာရှင်၊ စစ်အုပ်စုနှင့် ပေါင်းသင်းဆက်ဆံနေထိုင်ခြင်းသည် ကိုယ့်ကိုယ်ကျိုးစီးပွား အတ္တဟိတကြောင့် ဖြစ်သည်။ စစ်အုပ်စုကို မဆန့်ကျင်ဘဲ၊ စစ်အုပ်စုနှင့်အဆင်ပြေအောင် နေထိုင်ခြင်းဖြင့် ကိုယ့်နေမှု၊ ထိုင်မှု၊ စည်းစိမ်ခံစားရရှိမှု အစရှိသည့် ကိုယ့်လိုအင်တို့မှာ စစ်အုပ်စုနှင့်အဆင်ပြေလျှင်ပြေသလောက် အကျိုးခံစားခွင့်များ ရရှိသည်။ ထိုသို့ အတ္တဟိတ အတွက် အဓမ္မဘက်က ရပ်တည်သူများသည် လက်တွေ့အခြေအနေအပေါ်တွင် ဖော်ပြချက်(၂)မျိုး လုပ်ဆောင်ကြသည်ကို တွေ့ရှိရပါသည်။ ၎င်းဖော်ပြချက်များမှာ -
(၁) ဖေဖေါ်ဝါရီစစ်အာဏာသိမ်းမှုနှင့်ပတ်သက်လျှင်၊ အဓမ္မဝါဒီ စစ်အာဏာရှင်များ၏လုပ်ရပ်များနှင့် ပတ်သက် လျှင် ထောက်ခံကြောင်းကို တိုက်ရိုက်ဖော်ပြသည်၊ သို့မဟုတ် သွယ်ဝိုက်ထောက်ခံရာရောက်သည့် ကိုယ် နှုတ် နှလုံး သုံးပါးအပြုအမူများကို ပြောဆို ပြုမူသည်၊ သို့မဟုတ် မသိကျိုးကျွံပြုနေသည်။
(၂) ယနေ့ ပြည်သူတရပ်လုံးက ဆန့်ကျင် ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးနှင့်ပတ်သက်လျှင်မူ အလုံးစုံ သဘောလက္ခဏာ၊ ယေဘုယျသဘောလက္ခဏာ၊ အနှစ်သာရလက္ခဏာတို့ကို မသိကျွိုးကျွံ ပြုထားပြီး၊ အစိတ် အပိုင်းသဘော၊ အပေါ်ယံသဘော ရှိနေသည့် အားနည်းချက်များကိုသာ ဝေဖန် ပြစ်တင် ရှုံ့ချမှုများ ပြု လုပ်ကြသည်။ (ထိုသို့ ပြုလုပ်သူများသည် ပြည်သူအများတကာ အများစုက ဆန့်ကျင်သည့်အတွက် ပြည်သူ တရပ်လုံးဟု သုံးနှုံးသည်ကိုပင် ပြည်သူတရပ်လုံးမဟုတ်ကြောင်းကို အနည်းစုအနေအထားတချို့ကို ထုတ် နှုတ်ပြီး ယေဘုယျသဘောလက္ခဏာဖြစ်လေဟန် ဖော်ပြတတ်ကြသည်။)
ယခု တင်ပြထားသည့်အချက်များသည့် မူသဘော၊ ယေဘုယျသဘောပြု ဖော်ပြထားခြင်းသာဖြစ်ပါသည်။ ယနေ့ ခေတ် လူမှုဆက်ဆံရေး၊ လူမှုအပြုအမူများဆိုသည်မှာ လူပေါ်စအချိန်က လူမှုဆိုင်ရာအပြုအမူများနှင့် ဖော်ပြချက်များ အတိုင်း မဟုတ်တော့ပါ။ ယနေ့ခေတ် လူမှုဆက်ဆံရေးတွင် ပရိယာယ်ကြွယ်ဝလှသည့် လူမှုဆက်ဆံရေးအပြုအမူတို့ အမျိုးမျိုးအဖုံဖုံ ထွန်းကားနေပြီဖြစ်ပါသည်။ ထို့ကြောင့် လက်တွေ့တွင် အတ္တသမားတို့သည် ၎င်းတို့၏ အတ္တ နှင့် အဓမ္မ ဘက်က ရပ်တည်မှုကို ဟန်ဆောင် ဖုံးကွယ်သည့် ဖော်ပြပုံအမျိုးမျိုးကို လှည့်စားပြုလုပ်ကြပါသည်။
မည်သို့ဆိုဆို သံဃာဖြစ်စေ၊ သီလရှင်ဖြစ်စေ၊ မည်သည့်ဘာသာကိုးကွယ်သည့် ဘာသာ သာသနာဆိုင်ရာ ပုဂ္ဂိုလ် ဖြစ်စေ၊ လူပုဂ္ဂိုလ်တဦးချင်းဖြစ်စေ မိမိကိုယ်ကိုသော်လည်းကောင်း၊ တပါးသူကိုသော်လည်းကောင်း အတ္တဟိတ မိမိကိုယ် ကျိုးအတွက် အဓမ္မဘက်က ရပ်တည်သည့်လုပ်ရပ်များကို လုပ်ဆောင်နေသူလား … ဆိုသည်ကို ယခုဖော်ပြပါ မူဆိုင်ရာ အချက်များဖြင့် ဖော်ပြ ဆန်းစစ်သင့်ကြောင်း တင်ပြအပ်ပါသည်။
အောင်သစ်
၂၇.၆.၂၀၂၄